မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစုပျော်ရွှင်မှုအတွက် သော့ချက်များ

ဆယ်ကျော်သက်သားသမီးက သင့်ဘာသာရေးယုံကြည်ချက်ကို သံသယဝင်လာရင် ဘာလုပ်သင့်သလဲ

ဆယ်ကျော်သက်သားသမီးက သင့်ဘာသာရေးယုံကြည်ချက်ကို သံသယဝင်လာရင် ဘာလုပ်သင့်သလဲ

လူငယ် အတော်များများဟာ အရွယ်ရောက်လာတဲ့အခါ မိဘတွေ ကိုးကွယ်တဲ့ဘာသာကို လက်ခံပြီး ယုံကြည်ကိုးကွယ်လာကြပါတယ်။ (၂ တိမောသေ ၃:၁၄) ဒါပေမဲ့ တချို့ကျတော့ အဲဒီလို မဟုတ်ပါဘူး။ တဖြည်းဖြည်း အရွယ်ရောက်လာတဲ့ သင့်သားသမီးက သင့် ဘာသာရေး ယုံကြည်ချက်ကို သံသယဝင်လာရင် ဘာလုပ်သင့်ပါသလဲ။ အဲဒီအခြေအနေကို ယေဟောဝါသက်သေ ခရစ်ယာန်တွေ ဘယ်လို ကိုင်တွယ်ဖြေရှင်းသလဲဆိုတာ ဒီဆောင်းပါးက ဆွေးနွေးသွားပါလိမ့်မယ်။

“သမီးရဲ့မိဘတွေ ကိုးကွယ်တဲ့ဘာသာကို မကိုးကွယ်ချင်တော့ဘူး။ စိတ်လည်း မပါတော့ဘူး။”—ကြူကြူ၊ ၁၈ နှစ်။ *

ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားတွေကို သင့် ဘာသာက သွန်သင်ပြီး သမ္မာကျမ်းစာက အကောင်းဆုံး ဘဝလမ်းစဉ်ကို ပြညွှန်ပေးတယ်လို့ သင် ယုံကြည်ထားတယ်။ ဒီအတွက် သင့် ယုံကြည်ချက်တွေကို သားသမီးတွေ စိတ်ထဲရောက်အောင် သွန်သင်ဆုံးမတာက သဘာဝကျပါတယ်။ (တရားဟောရာ ၆:၆၊ ၇) ဒါပေမဲ့ သင့် သားသမီး အရွယ်ရောက်လာတဲ့အခါ ဘာသာတရားကို သူတို့ စိတ်မဝင်စားတော့ဘူးဆိုရင် သင် ဘယ်လိုလုပ်မလဲ။ ငယ်ငယ်တုန်းက သူ လက်ခံယုံကြည်ခဲ့တယ်လို့ ထင်ရတဲ့အရာတွေကို စပြီး သံသယဝင်လာတယ်ဆိုရင် ဘယ်လိုလုပ်မလဲ။—ဂလာတိ ၅:၇

အဲဒီလို ဖြစ်နေတယ်ဆိုရင် ခရစ်ယာန်မိဘတာဝန် မကျေဘူးလို့ ကောက်ချက် မချလိုက်ပါနဲ့။ တခြားအကြောင်းတွေလည်း ရှိနိုင်တယ်ဆိုတာ နောက်ပိုင်း တွေ့ရပါလိမ့်မယ်။ ဒါပေမဲ့ ဒီတစ်ချက်ကို သတိရပါ– သင့် ဘာသာရေး ယုံကြည်ချက်တွေကို သင့်ကလေး ပိုနှစ်သက်လာမလား ဒါမှမဟုတ် ပိုပြီး သံသယဖြစ်လာမလားဆိုတာကို သင့် ကိုင်တွယ်ဖြေရှင်းပုံက အဆုံးအဖြတ် ပေးကောင်းပေးနိုင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သင့်ကလေးနဲ့ ဘတစ်ပြန် ကျားတစ်ပြန် ငြင်းခုံနေမယ်ဆိုရင်တော့ ဒီစကားစစ်ထိုးပွဲမှာ သင် ရှုံးဖို့ သေချာသလောက်ပဲ။—ကောလောသဲ ၃:၂၁

ခရစ်ယာန်တမန်တော် ပေါလုရဲ့ ဒီတိုက်တွန်းချက်ကို လိုက်နာတာ အကျိုးရှိပါတယ်– “သခင်၏ကျွန်သည် ခိုက်ရန်မဖြစ်ဘဲ လူခပ်သိမ်းနှင့် ဆက်ဆံရာတွင် သိမ်မွေ့သောသူ၊ သွန်သင်နိုင်သော အရည်အချင်းနှင့် ပြည့်စုံသောသူ၊ အဆိုးကို သည်းခံနိုင်သောသူ ဖြစ်ရမည်။” (၂ တိမောသေ ၂:၂၄) သင့်ရဲ့ ဆယ်ကျော်သက်ကလေးက သင့် ယုံကြည်ချက်ကို သံသယဝင်လာတဲ့အခါ သင်ဟာ “သွန်သင်နိုင်သော အရည်အချင်းနှင့်ပြည့်စုံသောသူ” ဖြစ်တယ်ဆိုတာ ဘယ်လိုတင်ပြနိုင်သလဲ။

ပိုင်းခြားသိမြင်မှုရှိပါ

အရင်ဆုံး သင့်ကလေး ဘာဖြစ်လို့ ဒီလို ခံစားနေရတာလဲဆိုတာ ပိုင်းခြားသိမြင်နိုင်အောင် ကြိုးစားပါ။ ဥပမာ–

  • ခရစ်ယာန်အသင်းတော်မှာ သူ အထီးကျန်နေတယ်၊ သူငယ်ချင်းမရှိဘူးဆိုပြီး ခံစားနေရလို့လား။ “သမီးက အပေါင်းအသင်း အရမ်းမက်တော့ ကျောင်းက သူငယ်ချင်းတွေနဲ့ တွဲတယ်။ အဲဒါကြောင့် နှစ်အတော်ကြာ ဝတ်ပြုရေးကိစ္စတွေကို ပျက်ကွက်ခဲ့တယ်။ မကောင်းတဲ့ အပေါင်းအသင်းတွေကြောင့် ဘာသာတရားကို သမီး စိတ်မဝင်စားခဲ့ဘူး။ အခုတော့ သမီး နောင်တရနေပါပြီ။”လုလု၊ ၁၉ နှစ်။

  • ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု မရှိတဲ့အတွက် ကိုယ့်ယုံကြည်ချက်အကြောင်း မပြောပြရဲတာလား။ “ကျွန်တော် ကျောင်းသားဘဝတုန်းက အတန်းဖော်တွေကို ကိုယ့်ယုံကြည်ချက်အကြောင်း မပြောပြရဲဘူး။ ကျွန်တော့်ကို ပေါကြောင်ကြောင်ကြီး ဒါမှမဟုတ် ‘ဘာသာရေးသမားကြီး’ လို့ သူတို့ထင်သွားမှာ စိုးရိမ်တယ်။ သူတို့လို လိုက်မလုပ်ဘူးဆိုရင် အတန်းဖော်တွေက အဖက်မလုပ်ဘူး၊ ကျွန်တော် အဲဒီလို အဖြစ်မခံချင်ဘူး။”ရဲရင့်၊ ၂၃ နှစ်။

  • ခရစ်ယာန်စံနှုန်းတွေအတိုင်း အသက်ရှင်ရမှာကို တာဝန်ကြီးတယ်လို့ သူခံစားနေရလို့လား။ “သမီးအတွက် ကျမ်းစာထဲက ထာဝရအသက် ကတိတော်ဟာ လှေကားအမြင့်ကြီးရဲ့ ထိပ်မှာ ရှိနေသလိုပဲ။ ထိပ်ဆုံးအဆင့် မပြောနဲ့၊ ပထမအဆင့်တောင်မှ သမီး မတက်နိုင်ဘူး။ လှေကားက သမီးရဲ့ အဝေးမှာ ရှိနေသလိုပဲ။ ကျမ်းစာကတိတော်တွေက သမီး လက်လှမ်း မမီနိုင်တဲ့အရာဖြစ်လို့ ကိုယ့်ယုံကြည်ခြင်းကို စွန့်လွှတ်လိုက်ရင် ကောင်းမလားဆိုပြီး စဉ်းစားခဲ့တယ်။”—ဝေဝေ၊ ၁၆ နှစ်။

ခံစားချက်ကို နှိုက်ထုတ်ပါ

သင့်ကလေးမှာရော ဘယ်လို ခံစားချက်တွေ ရှိနေနိုင်သလဲ။ အကောင်းဆုံးနည်းကတော့ သူ့ကို မေးလိုက်ပါ။ ဒါပေမဲ့ သတိထားဖို့က ဆွေးနွေးရာကနေ ငြင်းခုံတဲ့အခြေအနေ မရောက်သွားစေဖို့ ဖြစ်ပါတယ်။ ယာကုပ် ၁:၁၉ မှာပါတဲ့ ဒီတိုက်တွန်းချက်ကို လိုက်နာပါ– “နားထောင်ခြင်း၌ လျင်မြန်ရမည်။ စကားပြောခြင်းနှင့် အမျက်ထွက်ခြင်း၌ နှေးရမည်။” စိတ်ရှည်ပါ။ မိသားစုဝင် မဟုတ်တဲ့ တခြားသူတွေကို ပြောနေသလိုမျိုး ‘အစွမ်းကုန် စိတ်ရှည်ပြီး သွန်သင်ခြင်းနည်းပညာ’ ကို အသုံးချပါ။—၂ တိမောသေ ၄:၂

ဥပမာ၊ သင့်ဆယ်ကျော်သက် သားသမီးက ခရစ်ယာန် ဝတ်ပြုစည်းဝေးတွေကို မတက်ချင်တော့ဘူးဆိုရင် သူ မတက်ချင်ရတဲ့ အကြောင်းရင်းတစ်ခုခုများ ရှိနေသလားဆိုတာကို သိအောင်လုပ်ပါ။ ဒါပေမဲ့ စိတ်ရှည်ရှည်နဲ့ သိအောင်လုပ်ပါ။ အောက်ပါ စကားပြောခန်းက ကလေးရဲ့စိတ်ထဲမှာ ရှိတာကို မိဘက မနှိုက်ထုတ်နိုင်ဘူးဆိုတာ ဖော်ပြပါတယ်။

သား– သား ဝတ်ပြုစည်းဝေးတွေကို မတက်ချင်တော့ဘူး။

ဖခင်– [ဒေါသသံနဲ့] မင်း ဘာလို့ မတက်ချင်တာလဲ။

သား– ပျင်းစရာကောင်းလို့။

ဖခင်– ဒါဆို ဘုရားသခင်အကြောင်း လေ့လာတာကလည်း ပျင်းစရာကောင်းတယ်လို့ မင်းထင်နေတာလား။ အဲဒီလို ထင်နေရင်တော့ မင်း မှားလိမ့်မယ်။ ငါတို့အိမ်မှာ မင်း နေသရွေ့ကတော့ မင်းကြိုက်ကြိုက် မကြိုက်ကြိုက် ငါတို့နဲ့အတူ ဝတ်ပြုစည်းဝေးတွေကို လိုက်ကိုလိုက်ရမယ်။

မိဘတွေဟာ ကိုယ့်ကလေးတွေကို ဘုရားသခင်အကြောင်း သင်ပေးဖို့၊ သားသမီးတွေကလည်း မိဘစကားကို နားထောင်ဖို့ ဘုရားသခင် တောင်းဆိုထားတယ်။ (ဧဖက် ၆:၁) ဒါပေမဲ့ သင့်ကလေးကို သင်ပြောလို့ လိုက်လုပ်ရတာမျိုး ဒါမှမဟုတ် ခရစ်ယာန် ဝတ်ပြုစည်းဝေးတွေကို စိတ်မပါဘဲ လိုက်တက်တာမျိုး မဟုတ်ဘဲ သူတို့ကိုယ်တိုင်ကိုက စိတ်ပါလက်ပါ လုပ်တာကို သင် ဖြစ်စေချင်တယ် မဟုတ်လား။

သူ ဘာဖြစ်လို့ အဲဒီလို ခံစားနေရသလဲဆိုတာ သင် ပိုင်းခြားသိမြင်နိုင်တယ်ဆိုရင် သင့်ဆန္ဒ ပြည့်ဝနိုင်စရာအကြောင်း ရှိပါတယ်။ အဲဒီအချက်ကို စိတ်ထဲထားပြီး အောက်ပါစကားပြောခန်းက ဘယ်လိုနည်းနဲ့ ပိုပြီး ထိရောက်မှုရှိသလဲဆိုတာ သတိထားကြည့်ပါ။

သား– သား ဝတ်ပြုစည်းဝေးတွေကို မတက်ချင်တော့ဘူး။

ဖခင်– [အေးဆေးတည်ငြိမ်စွာနဲ့] သားက ဘာဖြစ်လို့ မတက်ချင်ရတာလဲ။

သား– ပျင်းစရာကောင်းလို့။

ဖခင်– ဟုတ်ပါတယ်၊ တစ်နာရီ နှစ်နာရီလောက် စည်းဝေးမှာ သွားထိုင်နေရတာ ပျင်းဖို့တော့ ကောင်းမှာပေါ့။ ဒါပေမဲ့ သားအတွက် ဘာက ပျင်းစရာကောင်းနေတာလဲ။

သား– သား မသိဘူး။ တခြား တစ်နေရာရာမှာများ ရှိနေရင် ပိုကောင်းမလားလို့။

ဖခင်– သားရဲ့ သူငယ်ချင်းတွေကရော သားလိုပဲ ထင်ကြသလား။

သား– သားမှာ သူငယ်ချင်းမှ မရှိတာ။ သား အခင်ရဆုံးသူငယ်ချင်း ဒီနေရာကနေ ပြောင်းသွားပြီးကတည်းက သားမှာ သူငယ်ချင်းတစ်ယောက်မှ မရှိတော့ဘူး။ စကားပြောဖော်လည်း တစ်ယောက်မှ မရှိတော့သလိုပဲ။ လူတိုင်းက ပျော်နေကြပါတယ်။ သားကတော့ အပယ်ခံတစ်ယောက်လိုပဲ။

အထက်ပါ စကားပြောခန်းအရ ဖခင်က သူ့ကလေးကို လွတ်လွတ်လပ်လပ် စကားပြောခိုင်းတဲ့အခါ သူ့သား ခံစားနေရတဲ့အကြောင်းရင်း (အထီးကျန်ဖြစ်နေတာ) ကို သိသွားပါတယ်။ ဒါ့အပြင် သူ့သားရဲ့ ယုံကြည်စိတ်ချမှုကိုလည်း ရသွားပြီး နောက်ထပ် ပြောဆိုဆွေးနွေးနိုင်အောင် လမ်းဖွင့်ပေးထားရာလည်း ရောက်သွားပါတယ်။— “စိတ်ရှည်ပါ” ဆိုတဲ့ အောက်က လေးထောင့်ကွက်ကို ကြည့်ပါ။

အချိန်တန်တဲ့အခါ လူငယ်တွေဟာ ဘုရားသခင်နဲ့ ဝေးသွားစေနိုင်တဲ့ အတားအဆီးတွေကို အောင်မြင်ကျော်လွှားလာကြတယ်။ အဲဒီအခါ သူတို့မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု ရှိလာရုံသာမက သူတို့ရဲ့ ယုံကြည်ချက်ကိုလည်း တိကျမှန်ကန်တယ်လို့ ခံစားလာရပါလိမ့်မယ်။ အစပိုင်းမှာ ကိုးကားခဲ့တဲ့ ရဲရင့်ဆိုတဲ့ လူငယ်ဟာ သူ့ကို ခရစ်ယာန်တစ်ယောက်လို့ သူငယ်ချင်းတွေ သိသွားမှာ အရမ်းစိုးရိမ်ခဲ့တယ်။ ကိုယ့်ယုံကြည်ချက်ကို ပြောပြတာက ကဲ့ရဲ့လှောင်ပြောင်ခံရမယ်ဆိုရင်တောင် ကိုယ်ထင်သလောက် စိုးရိမ်စရာမလိုဘူးဆိုတာ ရဲရင့် သိသွားပါတယ်။ သူဒီလို ပြန်ပြောပြတယ်-

“တစ်ခါကဆိုရင် အတန်းဖော်တစ်ယောက်က ကျွန်တော်ကိုးကွယ်တဲ့ ဘာသာကြောင့် ကျွန်တော့်ကို လှောင်တယ်။ တစ်တန်းလုံးကလည်း နားထောင်နေကြတော့ ကျွန်တော် အရမ်းကြောက်သွားတယ်။ ဒါနဲ့ မင်းရဲ့ယုံကြည်ချက်ကကော ဘာလဲ ဆိုပြီး သူ့ကို ပြန်မေးလိုက်တယ်။ အံ့ဩစရာကောင်းတာက ကျွန်တော့်ထက်တောင် သူက ပိုကြောက်နေသေးတယ်။ အဲဒီအခါ ကျွန်တော် နားလည်လိုက်ရတာက လူငယ်တော်တော်များများမှာ ဘာသာရေးယုံကြည်ချက်တွေရှိပေမဲ့ အဲဒီယုံကြည်ချက်တွေကို သူတို့ နားမလည်ကြဘူး။ ကျွန်တော်ကတောင် ကိုယ့်ယုံကြည်ချက်ကို ရှင်းပြနိုင်သေးတယ်။ ဒါကြောင့် ဘာသာရေးယုံကြည်ချက်ကို ပြောရတော့မယ်ဆိုရင် တကယ်တမ်း ရှက်သင့်တာက ကျွန်တော်မဟုတ်ဘဲ အတန်းဖော်တွေကမှ ရှက်သင့်တာ။”

ဒီနည်းကို စမ်းကြည့်ပါ– ခရစ်ယာန်တစ်ယောက် ဖြစ်ရလို့ ဘယ်လို ခံစားရသလဲဆိုပြီး သင့်ကလေးကို မေးခြင်းအားဖြင့် သူ့စိတ်ထဲရှိရာကို နှိုက်ထုတ်ပါ။ သင့်ကလေးကို ဒီလို မေးနိုင်ပါတယ်– ခရစ်ယာန်တစ်ဦးဖြစ်လို့ ဘာအကျိုးကျေးဇူး ခံစားရသလဲ။ ခရစ်ယာန်ဖြစ်လို့ ဘာအခက်အခဲတွေ ရင်ဆိုင်ရသလဲ။ အခက်အခဲထက် အကျိုးကျေးဇူးက ပိုများသလား။ များတယ်ဆိုရင် ဘယ်လိုနည်းနဲ့လဲ။ (မာကု ၁၀:၂၉၊ ၃၀) ကော်လံနှစ်ခု ပိုင်းထားတဲ့ စာရွက်ကို သင့် ဆယ်ကျော်သက်ကလေးကို ပေးပြီး တစ်ဖက်မှာ အခက်အခဲတွေနဲ့ တစ်ဖက်မှာတော့ အကျိုးကျေးဇူးတွေကို ချရေးစေပါ။ ကလေး ရေးထားတာကိုကြည့်ပြီး သူ့ပြဿနာက ဘာလဲ၊ ဘယ်လို ဖြေရှင်းနိုင်သလဲဆိုတာ သင် ပိုင်းခြားသိမြင်နိုင်ပါလိမ့်မယ်။

သင့် ဆယ်ကျော်သက်ကလေးရဲ့ “စဉ်းစားဆင်ခြင်နိုင်စွမ်း”

ကလေးငယ်တွေရဲ့ စဉ်းစားပုံနဲ့ ဆယ်ကျော်သက်တွေရဲ့ စဉ်းစားပုံဟာ မတူဘူးဆိုတာ မိဘတွေနဲ့ ပညာရှင်တွေ သတိပြုမိတယ်။ (၁ ကောရိန္သု ၁၃:၁၁) ကလေးငယ်တွေဟာ ဘာမှစဉ်းစားတွေးတောတာမျိုး မရှိဘဲ ဖြူရင်ဖြူ၊ မည်းရင်မည်းဆိုတာလောက်ကိုပဲ သိထားကြပေမဲ့ ဆယ်ကျော်သက်တွေကျတော့ ပိုပြီးတော့ ကျိုးကြောင်းဆင်ခြင်တတ်လာကြတယ်။ ဥပမာ၊ ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းတယ်ဆိုတာ ကလေးငယ်ကို သင်ပေးနိုင်တယ်။ (ကမ္ဘာဦး ၁:၁) ဒါပေမဲ့ ဆယ်ကျော်သက်ကျတော့ သူ့ခေါင်းထဲမှာ ဒီလိုမေးခွန်းတွေ တစ်သီတစ်တန်းကြီး ပေါ်လာပါလိမ့်မယ်– ‘ဘုရားသခင်ရှိတယ်ဆိုတာ ငါ ဘယ်လိုလုပ် သိနိုင်မလဲ။ ဘုရားသခင်က မေတ္တာရှိတယ်လို့လည်း ပြောသေး၊ မကောင်းမှုတွေဖြစ်နေတာကို ဘာဖြစ်လို့ ဒီအတိုင်း ကြည့်နေရတာလဲ။ ဘုရားသခင်က အမြဲ ရှိနေတယ်ဆိုတာ ဟုတ်ကောဟုတ်ရဲ့လား။’—ဆာလံ ၉၀:၂

ဒီလိုမေးခွန်းတွေ မေးတာက ကလေးရဲ့ယုံကြည်ခြင်း အားနည်းသွားတာလို့ သင် ယူဆကောင်း ယူဆပါလိမ့်မယ်။ တကယ်တော့ အဲဒါက သူ့ယုံကြည်ခြင်း တိုးတက်ကောင်းမွန်လာတာကို ဖော်ပြနေခြင်းဖြစ်တယ်။ ဘုရားသခင်နဲ့ ကောင်းတဲ့ဆက်ဆံရေး ရရှိစေရာမှာ မေးခွန်းမေးတာက အရေးပါတဲ့အချက်တစ်ချက် ဖြစ်နိုင်ပါတယ်။—တမန်တော် ၁၇:၂၊ ၃

ဒါ့အပြင် သင့်ဆယ်ကျော်သက်ကလေးဟာ သူ့ရဲ့ “စဉ်းစားဆင်ခြင်နိုင်စွမ်း” ကို အသုံးပြုတတ်ဖို့ သင်ယူနေတာဖြစ်တယ်။ (ရောမ ၁၂:၁၊ ၂) ရလဒ်အနေနဲ့ သူဟာ ခရစ်ယာန်ယုံကြည်ခြင်းရဲ့ “အလျား၊ အနံ၊ အမြင့်၊ အနက်တို့ကို” ကောင်းကောင်း နားလည်သဘောပေါက်နိုင်မှာ ဖြစ်တယ်။ ဒါကို ကလေးငယ်တစ်ဦးက မလုပ်နိုင်ပါဘူး။ (ဧဖက် ၃:၁၈) အခုအချိန်ဟာ သင့် ဆယ်ကျော်သက်ကလေးအနေနဲ့ ကိုယ့်ယုံကြည်ချက်ကို ကိုယ်တိုင်ကျိုးကြောင်း ဆင်ခြင်တတ်အောင် သူ့ကို ကူညီပေးရမယ့်အချိန် ဖြစ်ပါတယ်။ ဒါမှသာ သူ့ယုံကြည်ချက်က စစ်မှန်တယ်ဆိုတာ သူအခိုင်အမာ ယုံကြည်စိတ်ချနိုင်မှာ ဖြစ်ပါတယ်။—သု. ၁၄:၁၅; တမန်တော် ၁၇:၁၁

ဒီနည်းကို စမ်းကြည့်ပါ– သင့်ကလေး ငယ်ငယ်တုန်းက ဆွေးနွေးခဲ့တဲ့ အကြောင်းတွေကိုပဲ အခု သင့် ဆယ်ကျော်သက်ကလေးနဲ့ ဆွေးနွေးကြည့်ပါ။ ဥပမာ၊ ဒီမေးခွန်းတွေကို သူ့ကို စဉ်းစားဆင်ခြင်စေပါ– ‘ဘုရားသခင်ရှိတယ်ဆိုပြီး ငါ ဘာဖြစ်လို့ ယုံကြည်စိတ်ချတာလဲ။ ဘုရားသခင်က ငါ့ကို ဂရုစိုက်တယ်ဆိုတဲ့ ဘာအထောက်အထားတွေကို ငါ တွေ့မြင်နေရသလဲ။ ဘုရားသခင့်ပညတ်တွေကို နာခံတာက ငါ့အတွက် အမြဲ ကောင်းကျိုးဖြစ်စေတယ်ဆိုပြီး ငါ ဘာကြောင့် ခံစားရတာလဲ။’ သတိထားရမှာက သင့်ရှုမြင်ပုံကို ဆယ်ကျော်သက်ကလေးကို အတင်းအကျပ် လက်မခံခိုင်းပါနဲ့။ သူ့ခံယူချက်ကို သူ့ဘာသာသူ ယုံကြည်စိတ်ချလာအောင် လုပ်ပေးပါ။ အဲဒီလိုဆိုရင် သူ့ယုံကြည်ချက်ဟာ ယုံကြည် စိတ်ချလို့ရတယ်ဆိုတာ သူ့ဘာသာသူ တွေ့မြင်ဖို့ ပိုလွယ်ကူလာပါလိမ့်မယ်။

‘ယုံကြည်စိတ်ချစေပါ’

လူငယ် တိမောသေဟာ သန့်ရှင်းသောကျမ်းစောင်တွေ အကြောင်းကို “နို့စို့အရွယ်မှစ၍” ကြားသိခဲ့တယ်လို့ ကျမ်းစာမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ တမန်တော်ပေါလုက တိမောသေကို ဒီလိုတိုက်တွန်းခဲ့တယ်– “သင့်ကို . . . သင်ပေးပြီး ယုံကြည်စိတ်ချစေသောအရာများတွင် တည်မြဲတည်နေလော့။” (၂ တိမောသေ ၃:၁၄၊ ၁၅) တိမောသေလိုပဲ သင့် ဆယ်ကျော်သက်ကလေးဟာ မွေးကတည်းက ကျမ်းစာစံနှုန်းတွေ သင်ကြားခံရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ သူ့ယုံကြည်ချက်တွေကို သူအခိုင်အမာ ယုံကြည်စိတ်ချလာအောင် သင် လုပ်ပေးဖို့ လိုအပ်ပါတယ်။

လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁ [အင်္ဂလိပ်] မှာ ဒီလို ဖော်ပြထားတယ်– “သင့်ဆယ်ကျော်သက် ကလေးဟာ သင့်အိမ်မှာနေသရွေ့ သင်ဆွဲထားတဲ့ ဝတ်ပြုရေးဆိုင်ရာ ဇယားအတိုင်း လိုက်နာဖို့ သင့်မှာ တောင်းဆိုပိုင်ခွင့် ရှိတယ်။ ဒါပေမဲ့ သင့်ပန်းတိုင်က ဆယ်ကျော်သက်ကလေးဟာ ယန္တရားဆန်ဆန် မဟုတ်ဘဲ ဘုရားသခင်ကိုချစ်တဲ့စိတ်နဲ့ လုပ်ဆောင်တာမျိုးဖြစ်အောင် ကူညီပေးဖို့ဖြစ်ပါတယ်။” ဒီပန်းတိုင်ကို စိတ်ထဲထားပြီး လုပ်ဆောင်ခြင်းက သင့်ကလေးကို “ယုံကြည်ခြင်းတွင် ခိုင်ခံ့မြဲမြံ” လာအောင် ကူညီပေးရာကျတယ်။ ဒါမှသာ အဲဒီယုံကြည်ခြင်းဟာ သင့်ဘဝလမ်းစဉ်မဟုတ်ဘဲ သူ့ဘဝလမ်းစဉ် ဖြစ်လာပါလိမ့်မယ်။ *၁ ပေတရု ၅:၉

^ အပိုဒ်၊ 4 ဒီဆောင်းပါးမှာ နာမည်တွေကို ပြောင်းထားပါတယ်။

သင့်ကိုယ်သင် ဒီလိုမေးပါ

  • ငါ့ကလေးက ငါ့ယုံကြည်ချက်ကို သံသယဝင်လာရင် ငါဘယ်လို တုံ့ပြန်မလဲ။

  • ငါ့တုံ့ပြန်ပုံ တိုးတက်လာအောင် ဒီဆောင်းပါးမှာပါတဲ့ အချက်အလက်တွေကို ငါ ဘယ်လိုအသုံးပြုနိုင်သလဲ။