မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစုပျော်ရွှင်မှုအတွက် သော့ချက်များ

သင့်ရဲ့အိမ်ထောင်ဖက်ကို တလေးတစား ပြောဆိုဆက်ဆံပါ

သင့်ရဲ့အိမ်ထောင်ဖက်ကို တလေးတစား ပြောဆိုဆက်ဆံပါ

ရေချယ်လ် ဝမ်းနည်းနေပြီဆိုရင် ငိုလို့ကို မဆုံးတော့ဘူး။ နှစ်ယောက်သား စကားပြောဖို့ ထိုင်လိုက်တဲ့အခါ သူက စိတ်ဆိုးတယ်။ ဒါမှမဟုတ် နှုတ်ပိတ်နေတယ်။ ကျွန်တော် ဘာပဲလုပ်လုပ် သူ့အတွက် အကျိုးရှိမယ့်ပုံ မပေါ်ပါဘူး။ လက်မြှောက်အရှုံးပေးချင်စိတ်တောင် ပေါက်လာပြီလို့ ဝီလ် *က ပြောပြတယ်။

ဝီလ် အိမ်ထဲဝင်လာချိန်မှာ ကျွန်မက ငိုနေတယ်။ ကျွန်မ ဘာကြောင့် ဝမ်းနည်းနေတယ်ဆိုတာ သူ့ကို ကြိုးစားရှင်းပြနေတာကို ဆုံးအောင် နားမထောင်ပေးဘူး။ အရေးမကြီးတဲ့ ကိစ္စအတွက် ဒီလောက်ငိုစရာလား။ ကောင်းသွားမှာပါဆိုပြီး သူက ပြောတယ်။ အဲလိုပြောလိုက်တော့ ကျွန်မ ပိုလို့တောင် ဝမ်းနည်းသွားတယ်လို့ ရေချယ်လ်က ပြောပြတယ်။

သင်လည်း ဝီလ် ဒါမှမဟုတ် ရေချယ်လ်လို ခံစားဖူးပါသလား။ သူတို့နှစ်ယောက်စလုံး ဆက်သွယ်ပြောဆိုချင်ပေမဲ့ အဆင်မပြေကြဘူး။ ဘာကြောင့် အဲလိုဖြစ်ရတာလဲ။

အမျိုးသားနဲ့အမျိုးသမီးတွေဟာ ဆက်သွယ်ပုံချင်း မတူဘူး။ ပြီးတော့ လိုအပ်ရာတွေလည်း မတူကြဘူး။ အမျိုးသမီးတွေက ကိုယ့်ရဲ့ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းနဲ့ မကြာခဏ ပြောပြချင်တဲ့ဆန္ဒ ရှိကြတယ်။ အမျိုးသားတွေကျတော့ ပြဿနာတွေကို မြန်မြန်ဖြေရှင်းပြီး အေးအေးဆေးဆေး နေချင်ကြတယ်။ ပြဿနာအဖြစ်မခံဘူး။ ဒါကြောင့် အဲလိုကွာဟမှုတွေကို ဘယ်လိုကျော်လွှားပြီး ကိုယ့်အိမ်ထောင်ဖက်နဲ့ ဘယ်လို ဆက်သွယ်ပြောဆိုနိုင်မလဲ။ ကိုယ့်ရဲ့အိမ်ထောင်ဖက်ကို လေးလေးစားစား ဆက်ဆံခြင်းအားဖြင့် ဖြစ်ပါတယ်။

သူတစ်ပါးကို လေးစားတတ်တဲ့သူဟာ သူတစ်ပါးကို တန်ဖိုးထားတတ်တယ်။ သူတစ်ပါးရဲ့ ခံစားချက်ကို နားလည်ပေးဖို့ ကြိုးစားတတ်တယ်။ သင်ဟာ အသက်အရွယ်အရရော အတွေ့အကြုံအရပါ ကိုယ့်ထက်ပိုသာတဲ့ လူကြီးသူမတွေကို ရိုသေလေးစားတတ်ဖို့ ငယ်ငယ်လေးကတည်းက သင်ကြားခံရနိုင်ပါတယ်။ ဒါပေမဲ့ အိမ်ထောင်ကျတဲ့အခါ လင်မယားနှစ်ယောက်က တန်းတူဖြစ်သွားတဲ့အတွက် အချင်းချင်း ရိုသေလေးစားဖို့ဆိုတာ စိန်ခေါ်ချက်ပါပဲ။ “ကိုပေါက်က တခြားသူတွေရဲ့စကားကိုတော့ စိတ်ရှည်ရှည်နဲ့ နားထောင်ပြီး နားလည်ပေးတယ်ဆိုတာ ကျွန်မ သိထားတယ်။ ကျွန်မကိုလည်း အဲလိုစာနာမှုမျိုး ပေးစေချင်တယ်” ဆိုပြီး အိမ်ထောင်သက် ရှစ်နှစ်ရှိပြီဖြစ်တဲ့ မလင်းလင်းက ပြောပြတယ်။ သင်လည်း မိတ်ဆွေတွေ၊ သူစိမ်းတွေကိုတောင် စိတ်ရှည်ရှည်နဲ့ နားထောင်ပေးပြီး သူတို့ကို တလေးတစား ပြောဆိုဆက်ဆံနိုင်ဖွယ်ရှိတယ်။ ဒါပေမဲ့ သင့်အိမ်ထောင်ဖက်အပေါ်မှာ အဲလိုထောက်ထားစာနာမှုမျိုး ရှိပါသလား။

လေးစားမှုမရှိခြင်းက အိမ်ထောင်အတွင်းမှာ တင်းမာမှုတွေနဲ့ ပြင်းထန်တဲ့ မပြေလည်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ ရှေးခေတ်က ပညာရှိဘုရင်တစ်ဦး ဒီလိုဖော်ပြခဲ့တယ်– “မုန့်ခြောက်ကိုစား၍ စိတ်ချမ်းသာစွာ နေရခြင်းသည် ခိုက်ရန်ဒေါသ ဖြစ်ပွားလျက်ရှိသည့် အိမ်တွင် ကျင်းပသည့် စားသောက်ပွဲကြီး၌ ပါဝင်ရခြင်းထက် ပို၍ကောင်း၏။” (သု. ၁၇:၁၊ ခမ) ခင်ပွန်းသည်တွေဟာ ကိုယ့်ဇနီးကို လေးလေးစားစား ဆက်ဆံရမယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (၁ ပေတရု ၃:၇) ဇနီးသည်တွေကလည်း “မိမိခင်ပွန်းကို အလွန်ရိုသေသင့်” တယ်။—ဧဖက် ၅:၃၃

အိမ်ထောင်သည်အချင်းချင်း လေးလေးစားစားနဲ့ ဘယ်လို ဆက်သွယ်ပြောဆိုကြမလဲ။ လက်တွေ့ကျတဲ့ ကျမ်းစာအကြံပြုချက် တချို့ကို သုံးသပ်ကြည့်ရအောင်။

သင့်အိမ်ထောင်ဖက်က တစ်ခုခု ပြောဆိုလာတဲ့အခါ

စိန်ခေါ်ချက်–

လူအတော်များများဟာ နားထောင်တာထက် ပြောတာကို ပိုအားသန်ကြတယ်။ သင်ကော အဲလိုပဲလား။ “ကောင်းစွာ နားထောင်ခြင်းမပြုဘဲ အဖြေပေး” တဲ့သူကို လူမိုက်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (သု. ၁၈:၁၃ကက်သလစ်ကျမ်းစာတော်မြတ်) ဒါကြောင့် စကားမပြောခင်မှာ အရင် နားထောင်ပေးပါ။ အကြောင်းရင်းကို အိမ်ထောင်သက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်ကေသီက ဒီလိုပြောပြပါတယ်– “ကျွန်မရဲ့ ပြဿနာတွေကို ကျွန်မရဲ့ယောက်ျား ချက်ချင်း မဖြေရှင်းပေးလေ ပိုကြိုက်လေပဲ။ ပြဿနာ ဘာကြောင့် ဖြစ်ရတယ်ဆိုတာကို သိအောင် လုပ်ဖို့မလိုပါဘူး။ အဲဒီပြဿနာကို လက်ခံစရာလည်း မလိုဘူး။ ကျွန်မပြောတာတွေကို နားထောင်ပေးပြီး ကျွန်မရဲ့ခံစားချက်တွေကို အသိအမှတ်ပြုပေးရင် တော်ပါပြီ။”

အမျိုးသားတချို့နဲ့ အမျိုးသမီးတချို့ကျတော့ ကိုယ့်ရဲ့ခံစားချက်တွေကို ထုတ်ဖော်ပြောဆိုဖို့ တွန့်ဆုတ်ကြတယ်။ သူတို့တွေဟာ ကိုယ့်ရဲ့အိမ်ထောင်ဖက်က အတင်းအကျပ် ပြောခိုင်းရင်တောင် မပြောချင်ကြဘူး။ အိမ်ထောင်ကျတာ မကြာသေးတဲ့ မခိုင်ခိုင်က သူ့ရဲ့ခင်ပွန်းဟာ သူ့ခံစားချက်တွေကို တော်ရုံနဲ့ ထုတ်မပြောတတ်ဘူးဆိုတာ သိလာရတယ်။ “သူ့ရဲ့ခံစားချက်တွေ ထုတ်ပြောလာတဲ့အထိ စိတ်ရှည်ရှည်နဲ့ စောင့်ခဲ့ရတယ်” လို့ မခိုင်ခိုင်က ပြောပြတယ်။

ဖြေရှင်းနည်း–

သဘောထားကွဲနိုင်စရာ အကြောင်းတွေကို သင့်ရဲ့အိမ်ထောင်ဖက်နဲ့ ပြောဆိုဖို့ လိုအပ်လာမယ်ဆိုရင် သင်တို့နှစ်ယောက်စလုံး စိတ်တည်ငြိမ်ပြီး အေးအေးဆေးဆေးရှိတဲ့ အချိန်ကျမှ ပြောဆိုပါ။ သင့်အိမ်ထောင်ဖက်က စကားပြောဖို့ ဝန်လေးနေမယ်ဆိုရင်ကော။ “လူ၏အကြံအစည်တို့သည် ရေတွင်းနက်ထဲက ရေနှင့်တူ၏။ သို့ရာတွင် ဉာဏ်ရှိသူသည် ခပ်ယူနိုင်လေသည်။” (သု. ၂၀:၅၊ ခမ) တွင်းထဲက ရေကို ပုံးနဲ့အမြန်ခပ်ယူမယ်ဆိုရင် ရေနည်းနည်းပဲ ရမှာဖြစ်တယ်။ အဲဒီအတိုင်းပါပဲ၊ သင့်အိမ်ထောင်ဖက်ကို အတင်းအကျပ် ဖြေရှင်းချက်ထုတ်ခိုင်းမယ်ဆိုရင် သူ့ကိုယ်သူ ကာကွယ်ပြောဆိုမှာဖြစ်တဲ့အတွက် သူ့ရဲ့ခံစားချက်ကို နှိုက်ထုတ်နိုင်တော့မှာ မဟုတ်ဘူး။ သင်လိုချင်တဲ့ပုံစံအတိုင်း သူ့ခံစားချက်တွေကို မြန်မြန်ဆန်ဆန် ဖွင့်မပြောဘူးဆိုရင် ကြင်ကြင်နာနာနဲ့ လေးလေးစားစား မေးမြန်းပြီး စိတ်ရှည်ရှည်နဲ့ စောင့်ပါ။

သင့်အိမ်ထောင်ဖက် စကားပြောလာပြီဆိုရင် သင်က “နားထောင်ခြင်း၌ လျင်မြန်ရမည်။ စကားပြောခြင်းနှင့် အမျက်ထွက်ခြင်း၌ နှေးရ” မှာဖြစ်တယ်။ (ယာကုပ် ၁:၁၉) ဂရုတစိုက် နားထောင်ပေးတတ်တဲ့သူဟာ အကြောင်းအရာကို နားထောင်ပေးရုံလောက်ပဲ မဟုတ်ဘူး။ ခံစားချက်တွေကိုလည်း နားလည်ပေးတတ်အောင် ကြိုးစားတယ်။ ဒါကြောင့် သင့်အိမ်ထောင်ဖက် စကားပြောတဲ့အခါ သူ့ရဲ့ခံစားချက်တွေကိုပါ နားလည်အောင် ကြိုးစားပါ။ သင် နားထောင်နေတဲ့ပုံကို ကြည့်ပြီး လေးလေးစားစားနဲ့ နားထောင်နေမနေ သင့်အိမ်ထောင်ဖက်က သိရှိနိုင်မှာဖြစ်တယ်။

ဘယ်လို နားထောင်ရမယ်ဆိုတာကို ယေရှုဆီကနေ သင်ယူနိုင်ပါတယ်။ ဥပမာ၊ ယေရှုဆီကို မကျန်းမာတဲ့သူတစ်ယောက် ချဉ်းကပ်လာပြီး အကူအညီတောင်းတဲ့အခါ ကိုယ်တော် ချက်ချင်း မကုသပေးခဲ့ဘူး။ ဦးဆုံး၊ အဲဒီလူရဲ့ အသနားခံချက်ကို ကိုယ်တော် နားထောင်ပေးတယ်။ အဲဒီနောက် သူနဲ့အတူ ထပ်တူထပ်မျှ ခံစားပေးတယ်။ ပြီးမှ သူ့ကို ကုသပေးလိုက်ပါတယ်။ (မာကု ၁:၄၀-၄၂) သင့်အိမ်ထောင်ဖက် စကားပြောလာတဲ့အခါ အဲဒီနည်းအတိုင်း လုပ်ကြည့်ပါ။ မြန်မြန်ဆန်ဆန် ဖြေရှင်းပေးတာကိုမဟုတ်ဘဲ ထောက်ထားစာနာမှုကိုပဲ သူလိုချင်နေတယ်ဆိုတာ သတိရပါ။ ဒါကြောင့် ဂရုတစိုက် နားထောင်ပေးပါ။ သူနဲ့အတူ ထပ်တူထပ်မျှ ခံစားပေးပါ။ အဲဒီအရာတွေ လုပ်ပြီးမှ သင့်အိမ်ထောင်ဖက်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပါ။ အဲဒီလိုလုပ်ခြင်းအားဖြင့် သူ့ကို လေးလေးစားစား ဆက်ဆံတယ်ဆိုတာ ဖော်ပြရာကျပါလိမ့်မယ်။

ဒီနည်းကို စမ်းကြည့်ပါ– နောင်တစ်ချိန်မှာ သင့်အိမ်ထောင်ဖက် စကားပြောလာတဲ့အခါ ချက်ချင်းကြီး မတုံ့ပြန်ပါနဲ့။ သူ့စကားကို ဆုံးအောင်နားထောင်ပြီး သူ့ရဲ့ခံစားချက်ကို နားလည်ပေးနိုင်တဲ့အထိ စောင့်ပါ။ နောက်မှ သူ့အနားကပ်ပြီး မင်းစကားကို ကိုယ်နားထောင်ပေးနေတယ်ဆိုတာ မင်းခံစားရသလားဆိုပြီး မေးပါ။

သင့်မှာ ပြောစရာ တစ်ခုခုရှိတဲ့အခါ

စိန်ခေါ်ချက်–

“ဟာသရုပ်ရှင်တွေ၊ အငြိမ့်တွေမှာ ကိုယ့်အိမ်ထောင်ဖက်ရဲ့ မကောင်းကြောင်း ပြောတာတွေ၊ မှိုချိုးမျှစ်ချိုး ပြောတာတွေ၊ မခံချင်အောင် ထေ့ငေါ့ပြောတာတွေက ထမင်းစားရေသောက်သလို ရိုးနေတဲ့ပုံပေါက်တယ်” လို့ မလင်းလင်းက ပြောပြတယ်။ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုတတ်တဲ့ မိသားစုကနေ ကြီးပြင်းလာသူတချို့ဟာ နောက်ပိုင်း သူတို့ အိမ်ထောင်ပြုတဲ့အခါ ကိုယ့်မိသားစုအတွင်းမှာ အဲဒီအကျင့်ကို မပြင်နိုင်ဘဲ ဖြစ်နေတယ်။ “အော်ဟစ်၊ ဆဲဆို၊ ရိုင်းရိုင်းစိုင်းစိုင်း နာမည်တပ်ခေါ်တတ်တဲ့ အသိုင်းအဝိုင်းမှာ ကျွန်မ ကြီးပြင်းလာခဲ့တာ” ဆိုပြီး ကနေဒါနိုင်ငံက အိုင်ဗီဆိုတဲ့ အမျိုးသမီးက ပြောပြတယ်။

ဖြေရှင်းနည်း–

တခြားသူတွေကို သင့်အိမ်ထောင်ဖက်အကြောင်း ပြောပြတဲ့အခါ “ကြားနာသူတို့အတွက် နှစ်လို့ဖွယ်ဖြစ်စေရန် လိုအပ်သည့်အခါ တည်ဆောက်မှုဖြစ်စေသော ကောင်းသည့်စကားကိုသာ ပြောဆို” ပါ။ (ဧဖက် ၄:၂၉) သင့်အိမ်ထောင်ဖက်အကြောင်း ပြောတဲ့အခါ တခြားသူတွေလည်း သူ့ကို လေးစားလာအောင် ပြောဆိုပါ။

သင့်အိမ်ထောင်ဖက်နဲ့ နှစ်ယောက်တည်းရှိနေရင်တောင် ထေ့ငေါ့တဲ့ စကားလုံးတွေ၊ ရိုင်းရိုင်းစိုင်းစိုင်း ခေါ်ဆိုတာတွေ မလုပ်ပါနဲ့။ ရှေးခေတ်အစ္စရေးဘုရင် ဒါဝိဒ်ကို မိဖုရားမိခါလ အမျက်ထွက်ခဲ့တုန်းက ‘အရှက်မရှိသူ’ လိုမျိုး ပြုမူတယ်ဆိုပြီး မခံချင်အောင် ထေ့ငေါ့ပြောဆိုခဲ့တယ်။ သူ့ရဲ့စကားတွေက ဒါဝိဒ်ကိုရော ဘုရားသခင်ကိုပါ စော်ကားရာရောက်တယ်။ (၂ ရာ. ၆:၂၀-၂၃) အဲဒီအဖြစ်အပျက်ကနေ ဘာသင်ခန်းစာရသလဲ။ သင့်အိမ်ထောင်ဖက်နဲ့ စကားပြောဆိုတဲ့အခါ နှစ်လို့ဖွယ်ကောင်းတဲ့ စကားတွေကို ဂရုတစိုက် ရွေးချယ်ပြောဆိုပါ။ (ကောလောသဲ ၄:၆) အိမ်ထောင်သက် ရှစ်နှစ်ရှိပြီဖြစ်တဲ့ ကိုပေါက်က သူနဲ့ သူ့ဇနီးဟာ အခုထက်ထိ ကတောက်ကဆ ဖြစ်နေတုန်းပဲလို့ ဝန်ခံတယ်။ တစ်ခါတလေ သူပြောလိုက်တဲ့စကားတွေက အခြေအနေကို ပိုဆိုးသွားစေတယ်ဆိုတာ သူသတိပြုမိတယ်။ “စကားအချေအတင် ပြောကြတဲ့အခါ ကိုယ့်ဘက်က မှန်နေပေမဲ့ ကိုယ့်ရဲ့ပြောဆိုပုံကြောင့် အခြေအနေ ပိုဆိုးသွားတယ်ဆိုတာကို ကျွန်တော် တဖြည်းဖြည်း သိမြင်လာတယ်။ ကျွန်တော်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေး ပြေလည်အောင် ကြိုးစားတာက အိမ်ထောင်ကို သာယာစေပြီး အကျိုးအများကြီး ရှိစေတယ်ဆိုတာ ကျွန်တော် သဘောပေါက်ပါပြီ။”

ရှေးခေတ်က သက်ကြီးရွယ်အို အစ္စရေးမုဆိုးမတစ်ယောက်ဟာ သူ့ရဲ့ချွေးမတွေကို “သင်တို့အသီးအသီး မိမိလင်အိမ်၌ ငြိမ်းချမ်းစွာနေ” ကြဖို့ အားပေးခဲ့တယ်။ (ရုသ ၁:၉၊ သမ္မာ) ဇနီးမောင်နှံအချင်းချင်း လေးစားတဲ့အခါ သူတို့ရဲ့အိမ်ထောင်ကို “ငြိမ်းချမ်း” သာယာအောင် ပြုလုပ်တာနဲ့ တူတယ်။

ဒီနည်းကို စမ်းကြည့်ပါ– အထက်မှာ ဖော်ပြထားတဲ့ အကြံပြုချက်တွေကို သင့်အိမ်ထောင်ဖက်နဲ့အတူ အချိန်ယူပြီး ဆွေးနွေးကြည့်ပါ။ မင်းအကြောင်းကို လူတွေရှေ့မှာ ကိုယ်ပြောတဲ့အခါ မင်းကို ချီးမွမ်းနေတယ် ဒါမှမဟုတ် နှိမ်နေတယ်လို့ ခံစားရသလား။ ဒီနေရာမှာ ကိုယ်တိုးတက်အောင် ဘာတွေလုပ်ရမလဲဆိုပြီး ကိုယ့်အိမ်ထောင်ဖက်ကို မေးကြည့်ပါ။ သင့်အိမ်ထောင်ဖက်က ရင်ဖွင့်လာရင် ဂရုတစိုက် နားထောင်ပေးပါ။ သင် သိရှိခဲ့တဲ့ အကြံပြုချက်တွေကို လိုက်လျှောက်ဖို့ ကြိုးစားပါ။

သင့်အိမ်ထောင်ဖက်ရဲ့ အမြင်နဲ့ လုပ်ဆောင်ပုံတွေကို လက်ခံပေးပါ

စိန်ခေါ်ချက်–

ဇနီးမောင်နှံတွေဟာ “တစ်သားတစ်ကိုယ်တည်း” ဖြစ်ရမယ်လို့ ကျမ်းစာက ပြောတဲ့အခါ သူတို့ရဲ့အမြင် ဒါမှမဟုတ် စရိုက်က တစ်ထပ်တည်းကျနေရမယ်လို့ ကြင်စဦးမောင်နှံတချို့ လွဲမှားစွာ ကောက်ချက်ချကြတယ်။ (မဿဲ ၁၉:၅) အဲဒီအတွေးအခေါ်က လက်တွေ့မကျဘူးဆိုတာ မကြာခင်မှာပဲ သူတို့ သိမြင်လာကြတယ်။ စုံတွဲတွေ လက်ထပ်ပြီးတဲ့နောက်မှာ တစ်ခါတလေ သူတို့ရဲ့ ကွဲပြားတဲ့ အမြင်တွေကြောင့် မကြာခဏ ကတောက်ကဆ ဖြစ်ခဲ့ရတယ်။ “ကျွန်မနဲ့ ကိုပေါက်ကြားမှာ အမြင်မတူတဲ့ အချက်ကတော့ ကျွန်မလောက် သူ မစိုးရိမ်တတ်ဘူး။ တစ်ခါတလေ ကျွန်မ စိုးရိမ်နေတဲ့အချိန်မှာ သူကတော့ အေးအေးဆေးဆေး နေနိုင်လိုက်တာ။ ကျွန်မ အရမ်းအလေးထားတဲ့အရာကို သူက အလေးထားပုံမပေါက်တဲ့အတွက် နောက်ဆုံး ကျွန်မ ဒေါသပေါက်ကွဲပါလေရော” ဆိုပြီး မလင်းလင်းက ပြောပြတယ်။

ဖြေရှင်းနည်း–

သင်တို့အချင်းချင်းရဲ့ စရိုက်ကို လက်ခံပေးပြီး အမြင်မတူမှုတွေကို လေးစားပါ။ ဥပမာ၊ သင့်ရဲ့မျက်လုံးတွေနဲ့ နားတွေရဲ့ လုပ်ဆောင်ပုံချင်း မတူကြဘူး။ ဒါပေမဲ့ အဲဒီအရာနှစ်ခုစလုံး ပူးပေါင်းလုပ်ဆောင်တဲ့အခါ ဘေးမသီရန်မခ သင် လမ်းဖြတ်ကူးနိုင်တာကို တွေ့ရတယ်။ အိမ်ထောင်သက် အနှစ်သုံးဆယ်နီးပါးရှိတဲ့ ဒေါ်နီနီက ဒီလိုပြောပြတယ်– “ကျွန်မတို့ရဲ့ အမြင်တွေက ကျမ်းစာမူတွေကို မချိုးဖောက်သရွေ့ အချင်းချင်းရဲ့ အမြင်တွေကို လိုက်လျောပေးကြတယ်။ ကျွန်မတို့နှစ်ယောက် လက်ထပ်လိုက်တဲ့အတွက် သူက ကျွန်မရဲ့ ကိုယ်ပွားဖြစ်သွားတာ မဟုတ်ပါဘူး။”

အိမ်ထောင်ဖက်က သင်နဲ့ အမြင်ချင်း ဒါမှမဟုတ် တုံ့ပြန်ပုံချင်း မတူတဲ့အခါ ကိုယ့်အတွက်ပဲကိုယ် မကြည့်ပါနဲ့။ သူ့ရဲ့ခံစားချက်ကို ထည့်တွက်ပေးပါ။ (ဖိလိပ္ပိ ၂:၄) ဒေါ်နီနီရဲ့ခင်ပွန်းဖြစ်တဲ့ ဦးခင်မောင်က ဒီလိုဝန်ခံတယ်– “ကိစ္စရပ်တွေအပေါ် ကျွန်တော့်ဇနီးရဲ့ အမြင်တွေကို ကျွန်တော် နားမလည်ဘူး၊ သဘောလည်း မတူဘူး။ ဒါပေမဲ့ ကိုယ့်အမြင်ကို မြတ်နိုးတာထက် သူ့ကို ပိုမြတ်နိုးတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် သတိပေးနေရတယ်။ သူပျော်နေတာကိုတွေ့ရင် ကျွန်တော်လည်း ပျော်တယ်။”

ဒီနည်းကို စမ်းကြည့်ပါ– ကိစ္စရပ်တွေအပေါ် သင့်အိမ်ထောင်ဖက်ရဲ့ အမြင် ဒါမှမဟုတ် ကိုင်တွယ်ပုံတွေက သင့်ထက် သာလွန်တဲ့အချက်တွေကို စာရင်းပြုလုပ်ပြီး ချရေးပါ။ဖိလိပ္ပိ ၂:၃

ပျော်ရွှင်ပြီး တည်တံ့ခိုင်မြဲတဲ့ အိမ်ထောင်ဖြစ်ဖို့ အဓိကအချက်တစ်ချက်က အချင်းချင်း လေးလေးစားစား ဆက်ဆံခြင်းဖြစ်ပါတယ်။ “အချင်းချင်း လေးလေးစားစား ဆက်ဆံတဲ့အခါ အိမ်ထောင်ဟာ သာယာချမ်းမြေ့ပြီး လုံခြုံတယ်လို့ ခံစားရမှာဖြစ်တယ်။ ဒါကြောင့် တစ်ယောက်ကိုတစ်ယောက် တလေးတစားနဲ့ ဆက်ဆံသင့်ပါတယ်” လို့ မလင်းလင်းက ပြောပြတယ်။

^ အပိုဒ်၊ 3 နာမည်တွေကို ပြောင်းထားပါတယ်။

သင့်ကိုယ်သင် ဒီလိုမေးကြည့်ပါ

  • ကိုယ်နဲ့အမြင်မတူတဲ့ အိမ်ထောင်ဖက်ရဲ့ အမြင်တွေက မိသားစုဘဝကို ဘယ်လို အကျိုးပြုမလဲ။

  • ကျမ်းစာမူတွေကို မချိုးဖောက်သရွေ့ အိမ်ထောင်ဖက်ရဲ့အကြိုက်ကို လိုက်လျောပေးတာက ဘာကြောင့် ကောင်းသလဲ။