မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစုအတွက် အကူအညီ | အိမ်ထောင်ရေး

ရိုသေလေးစားမှု ပြနိုင်ပုံ

ရိုသေလေးစားမှု ပြနိုင်ပုံ

အခက်အခဲ

ခင်ပွန်းအပြော– “လက်ထပ်ပြီးသွားတဲ့အခါ ရိုသေလေးစားမှုပြတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဇနီးမောင်နှံဟာ အမြင်မတူကြဘူး။ တစ်ယောက်မှားပြီး တစ်ယောက်မှန်နေတာ မဟုတ်ဘဲ ရှုမြင်ပုံချင်း မတူတာပါ။ ကျွန်တော့်ကို သူ ဒီထက်ပိုပြီး လေးလေးစားစား ပြောဆိုသင့်တယ်လို့ ခံစားရတဲ့အခါတွေ ရှိတယ်။”

ဇနီးအပြော– “စကားကျယ်ကျယ်ပြောတာ၊ မျက်နှာအမူအယာတွေနဲ့ စကားပြောတာ၊ ကြားဖြတ်ပြောတာ အဲဒီလိုနောက်ခံမျိုးမှာ ကျွန်မ ကြီးပြင်းလာတာ။ ကျွန်မတို့ အမြင်မှာ အဲဒါတွေဟာ မလေးစားတဲ့အပြုအမူတွေ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မယောက်ျား အသိုင်းအဝိုင်းမှာကျတော့ အဲဒီအပြုအမူတွေဟာ ရိုင်းတယ်တဲ့။”

အိမ်ထောင်မှာ ရိုသေလေးစားမှုကို တစ်ခါတလေမှ ပြတာမျိုးမဟုတ်ဘဲ အမြဲပြရမှာဖြစ်တယ်။ အိမ်ထောင်ဖက်ကို ရိုသေလေးစားကြောင်း ဘယ်လိုပြနိုင်သလဲ။

သိသင့်သိထိုက်ရာ

အမျိုးသားတွေဟာ ရိုသေလေးစားခံချင်ကြတယ်။ ကျမ်းစာက ခင်ပွန်းတွေကို “ကိုယ့်ကိုယ်ကိုယ် ချစ်သကဲ့သို့ ကိုယ့်ဇနီးကို ချစ်ကြလော့” လို့ တိုက်တွန်းပြီး ဇနီးတွေကိုတော့ “ခင်ပွန်းကို အလွန်ရိုသေသင့်၏” လို့ ပြောထားတယ်။ (ဧဖက် ၅:၃၃) ဇနီးရော ခင်ပွန်းပါ အချင်းချင်းချစ်ပြီး လေးစားဖို့လိုပေမဲ့ အထူးသဖြင့် ခင်ပွန်းဟာ ဇနီးသည်ရဲ့ လေးစားမှုကို ရချင်တယ်။ ခင်ပွန်းတစ်ယောက်ဖြစ်တဲ့ ကိုရဲက “ခင်ပွန်းသည်တွေဟာ အခြေအနေမှန်သမျှကို ကိုင်တွယ် ဖြေရှင်းနိုင်တယ်၊ မိသားစုကို စောင့်ရှောက်နိုင်တယ် ဆိုတဲ့ခံစားချက်မျိုး ရှိချင်ကြတယ်” လို့ ပြောတယ်။ * အဲဒီအရည်အချင်းတွေရှိလို့ ဇနီးက ခင်ပွန်းကို လေးစားရင် နှစ်ဦးနှစ်ဖက် အကျိုးရှိတယ်။ “သူ့ကို လေးစားတယ်ဆိုတာ ဖော်ပြရင် ကျွန်မကို သူပိုချစ်ပြတယ်” လို့ ဇနီးဖြစ်တဲ့ ဖြူဖြူပြောတယ်။

ဇနီးတွေလည်း သူတို့ကို လေးလေးစားစား ဆက်ဆံတာကြိုက်တယ်။ ခင်ပွန်းက ဇနီးကို လေးစားမှသာ တကယ်ချစ်နိုင်မှာ။ “ဇနီးရဲ့ အမြင်နဲ့ အကြံဉာဏ်တွေကို ကျွန်တော် လေးစားဖို့လိုတယ်။ သူ့ရဲ့ ခံစားချက်တွေကိုလည်း နားလည်ပေးဖို့လိုတယ်။ သူ ဘာကြောင့် အဲဒီလိုခံစားနေရမှန်း နားမလည်ပေမဲ့ သူ့ခံစားချက်တွေကို လျစ်လျူရှုလို့မရဘူး” လို့ ဒယ်နီယယ်ပြောတယ်။

လေးစားမှုအပေါ် ရှုမြင်ပုံချင်းမတူကြဘူး။ ကိုယ်က လေးစားမှုပြတယ်လို့ ထင်နေပေမဲ့ အရေးကြီးတာက လေးစားခံရတယ်လို့ အိမ်ထောင်ဖက် ခံစားရဖို့ဖြစ်တယ်။ “အခက်အခဲ” ခေါင်းစဉ်ငယ်မှာ ဖော်ပြထားတဲ့ ဇနီး ဒီအချက်ကို နားလည်သွားတယ်။ “ကျွန်မက မလေးမခန့်လုပ်တာမဟုတ်ဘူးလို့ ထင်ပေမဲ့ ခင်ပွန်းက သူ့ကို မလေးစားဘူးလို့ ခံစားနေရင် ကျွန်မ ပြောင်းလဲရတော့မယ်။”

လုပ်ဆောင်နိုင်ရာ

  • ကိုယ့်အိမ်ထောင်ဖက်ရဲ့ အရည်အချင်းကောင်းသုံးခုကို ချရေးပါ။ သင် ရေးလိုက်တဲ့ အရည်အချင်းကောင်းတွေဟာ သူ့ကိုလေးစားဖို့ လွယ်ကူစေတယ်။

  • အောက်ပါအခြေအနေတွေမှာ ကိုယ့်အပြုအမူကို တစ်ပတ်လောက် ဆန်းစစ်ပါ။

ကိုယ့်အပြောအဆို။ လေ့လာတွေ့ရှိမှုတစ်ခုအရ “သာယာတည်မြဲတဲ့အိမ်ထောင်သည်တွေဟာ စကားများတဲ့အခါ စိတ်ဆိုးစရာတစ်ခွန်းပြောရင် အကောင်းငါးခွန်းပြောတတ်တယ်။ ကွာရှင်းဖို့တာစူနေတဲ့ စုံတွဲတွေကျတော့ စိတ်ဆိုးစရာစကားတစ်ခွန်းမှာ အကောင်းတစ်ခွန်းပြည့်အောင်တောင် မပြောဘူး။” *ကျမ်းစာအကြံပြုချက်- သုတ္တံ ၁၂:၁၈

ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘ငါ့အိမ်ထောင်ဖက်ကို လေးလေးစားစား စကားပြောသလား။ ချီးမွမ်းစကားနဲ့ အပြစ်တင်စကား ဘယ်ဟာ ပိုပြောများလဲ။ သဘောမတူတဲ့အခါ ဘယ်လိုလေသံနဲ့ ပြောသလဲ။’ ကိုယ့်အဖြေတွေကို အိမ်ထောင်ဖက် သဘောတူမလား။—ကျမ်းစာအကြံပြုချက်- ကောလောသဲ ၃:၁၃

ဒီနည်းကို စမ်းကြည့်ပါ– ကိုယ့်အိမ်ထောင်ဖက်ကို တစ်နေ့ အနည်းဆုံး တစ်ကြိမ် ချီးမွမ်းပေးဖို့ ပန်းတိုင်ထားပါ။ အကြံပြုချက်- အစောပိုင်းက ချရေးခဲ့တဲ့ သူ့ရဲ့ အရည်အချင်းကောင်းတွေကို ပြန်ကြည့်ပါ။ အိမ်ထောင်ဖက်မှာရှိတဲ့ ကိုယ်ကြိုက်နှစ်သက်တဲ့ အရည်အချင်းကောင်းတွေကို ပြောပြတဲ့ အကျင့်ရှိပါ။—ကျမ်းစာအကြံပြုချက်- ၁ ကောရိန္သု ၈:၁

ကိုယ့်လုပ်ရပ်တွေ။ လင်းလင်းလို့ခေါ်တဲ့ ဇနီး ဒီလိုပြောတယ်- “ကျွန်မ အိမ်အလုပ်တွေနဲ့ပဲ အချိန်ကုန်နေရတော့ ခင်ပွန်းက သုံးပြီးတဲ့ပစ္စည်း နေရာတကျပြန်ထားပေးတာမျိုး၊ ပန်းကန်ဝိုင်းဆေးပေးတာမျိုး လုပ်ပေးတဲ့အခါ ကျွန်မကို လေးစားတယ်လို့ ခံစားရလို့ အိမ်အလုပ်,လုပ်ရကျိုးနပ်တယ်။”

ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘ငါ့ရဲ့ဆက်ဆံပုံက အိမ်ထောင်ဖက်ကို လေးစားကြောင်း ဖော်ပြနေသလား။ သူ့ကို အချိန်ပေးပြီး ဂရုစိုက်သလား။’ ကိုယ့်အဖြေတွေကို အိမ်ထောင်ဖက် သဘောတူမလား။

ဒီနည်းကို စမ်းကြည့်ပါ– ကိုယ့်ကို လေးစားကြောင်းပြစေချင်တဲ့ နည်းလမ်းသုံးခုကို ချရေးပါ။ အိမ်ထောင်ဖက်ကိုလည်း ချရေးခိုင်းပါ။ အဖြေတွေကို အပြန်အလှန် ကြည့်ပါ။ အဲဒီလိုလုပ်တာက ကိုယ်လုပ်ဆောင်ရမယ့်အပိုင်းကို သိလာစေတယ်။ လေးစားမှုပြဖို့ ကိုယ်ပြုပြင်ရမယ့်အပိုင်းကို အာရုံစိုက်ပါ။ တစ်ယောက်က ဦးဆောင်တဲ့အခါ နောက်တစ်ယောက်က လိုက်လုပ်ဖို့လွယ်ကူလာပါလိမ့်မယ်။

^ စာပိုဒ်၊ 8 နာမည်တချို့ ပြောင်းလဲထားပါတယ်။

^ စာပိုဒ်၊ 14 (Ten Lessons to Transform Your Marriage) စာအုပ်မှ ကောက်နုတ်ထားပါတယ်။