မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစုပျော်ရွှင်မှုအတွက် သော့ချက်များ

သားသမီးရလာခြင်းက အိမ်ထောင်ရေးမှာ အပြောင်းအလဲ ဖြစ်ပေါ်စေနိုင်

သားသမီးရလာခြင်းက အိမ်ထောင်ရေးမှာ အပြောင်းအလဲ ဖြစ်ပေါ်စေနိုင်

ကိုမျိုး– * “မနွယ်နဲ့ ကျွန်တော်တို့မှာ သမီးလေးရလာတော့ အရမ်းပျော်ခဲ့ကြတယ်။ ဒါပေမဲ့ သမီးလေးမွေးပြီး သုံးလေးလမှာ ကျွန်တော် အိပ်ရေးတွေ ပျက်ခဲ့ရတယ်။ သမီးလေးကို အကောင်းဆုံး ပြုစုစောင့်ရှောက်ဖို့ အစီအစဉ်အမျိုးမျိုး ဆွဲခဲ့ပေမဲ့ အားလုံး ပျက်ကုန်တယ်။”

မနွယ်– “ကလေးရလာတဲ့အခါ ကျွန်မကိုယ်ကျွန်မ မပိုင်တော့ဘူး။ ရုတ်တရက်ဆိုသလို ကျွန်မရဲ့ဘဝက ကလေးကို နို့ဘူးတိုက်တာ၊ အနှီးလဲပေးတာ၊ ကလေးအငိုတိတ်အောင် ချော့ရတာတွေနဲ့ပဲ လုံးချာလိုက်နေတယ်။ ပြုပြင်ပြောင်းလဲစရာတွေက အများကြီးပါပဲ။ ကိုမျိုးနဲ့ ကျွန်မတို့ရဲ့ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ဖို့ အချိန်အတော်ကြာခဲ့တယ်။”

ဘဝမှာ အပျော်ရွှင်ဆုံးအရာတွေထဲက တစ်ခုဟာ ကလေးရရှိခြင်း ဖြစ်တယ်လို့ ပြောရင် လူအများက သဘောတူကြမှာပါ။ သားသမီးတွေဟာ ဘုရားသခင်ပေးတဲ့ “ဆု” ဖြစ်တယ်လို့ ကျမ်းစာမှာ ဖော်ပြထားပါတယ်။ (ဆာလံ ၁၂၇:၃) ကလေးရလာတဲ့အခါ အိမ်ထောင်မှာ မျှော်လင့်မထားတဲ့ အပြောင်းအလဲတွေ ဖြစ်တတ်တယ်ဆိုတာကို ကိုမျိုးနဲ့ မနွယ်တို့လို မိဘဖြစ်ခါစ ဇနီးမောင်နှံတွေ သိရှိလာကြတယ်။ ဥပမာ၊ မိခင်ဖြစ်ခါစ အမျိုးသမီးတစ်ဦးဟာ မွေးကင်းစလေးအပေါ်မှာပဲ အာရုံရောက်နေပြီး သူ့ရဲ့ သေးသေးမွှားမွှား လိုအပ်ရာတွေကို ဖြည့်ဆည်းပေးတတ်လာတာကို ကိုယ့်ကိုယ်ကိုယ် အံ့သြမိနိုင်တယ်။ ဖခင်ဖြစ်ခါစ အမျိုးသားကတော့ ဇနီးနဲ့ကလေးစပ်ကြားက မေတ္တာနှောင်ကြိုးကို သတိပြုမိနိုင်တယ်။ ဒါပေမဲ့ ရုတ်တရက် ဘေးလူဖြစ်သွားမှာကိုလည်း သူစိုးရိမ်မိမှာပဲ။

သားဦးကလေး မွေးလာတဲ့အခါ အိမ်ထောင်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရဖို့ အကြောင်းများနေနိုင်ပါတယ်။ တစ်ဦးချင်းစီရဲ့ စိုးရိမ်ပူပန်မှုတွေ၊ နှစ်ဦးသား မဖြေရှင်းနိုင်သေးတဲ့ ကိစ္စရပ်တွေဟာ မိဘဖြစ်ရတဲ့ ပင်ပန်းမှုဒဏ်ကြောင့် ပိုသိသာထင်ရှားလာပြီး ကြီးထွားလာနိုင်ပါတယ်။

ဦးဆုံးလအနည်းငယ်မှာ မွေးကင်းစကလေးရဲ့ လိုအပ်ရာတွေကို လုံးလုံးအာရုံစိုက်ပြီး ဗျာများနေရတဲ့ အခြေအနေကို မိဘဖြစ်ခါစ ဇနီးမောင်နှံတွေ ဘယ်လိုညှိယူကြမလဲ။ ဇနီးမောင်နှံအနေနဲ့ မိမိတို့ရဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကို ထိန်းသိမ်းဖို့ ဘာတွေ လုပ်ဆောင်နိုင်သလဲ။ မိဘအုပ်ထိန်းမှုနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေရှိလာရင် ဘယ်လို ကိုင်တွယ်ကြမလဲ။ အဲဒီစိန်ခေါ်ချက် တစ်ခုချင်းစီကို ဆန်းစစ်ပြီး ကျမ်းစာမူတွေက ဘယ်လို ဖြေရှင်းပေးနိုင်တယ်ဆိုတာကို သုံးသပ်ကြည့်ကြရအောင်။

စိန်ခေါ်ချက် ၁– ဘဝဟာ ရုတ်တရက်ဆိုသလို ကလေးနဲ့ပဲ လုံးချာလိုက်နေရ။

မိခင်ဖြစ်သူဟာ သားဦးကလေးရလာတဲ့အခါ ကလေးအတွက်နဲ့ပဲ အချိန်ကုန်နေတယ်။ ကလေးအကြောင်းချည်းပဲ စဉ်းစားနေတယ်။ ကလေးကို ပြုစုစောင့်ရှောက်နေရတာကိုလည်း အရမ်းကျေနပ်နေမှာ ဖြစ်တယ်။ အဲဒီအချိန်မှာ ခင်ပွန်းသည်က မိမိကို လျစ်လျူရှုတယ်လို့ ခံစားရနိုင်ပါတယ်။ ဘရာဇီးနိုင်ငံမှာနေတဲ့ မန်ဝဲလ်က ဒီလိုပြောပြတယ်– “ကျွန်တော့်အပေါ်ထားရှိတဲ့ ဇနီးသည်ရဲ့အာရုံက ကလေးဘက်ကို ရောက်သွားတဲ့အခါ ဒီအပြောင်းအလဲကို လက်ခံဖို့ အရမ်းခက်တယ်။ အရင်တုန်းကဆိုရင် ကျွန်တော်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကိုပဲ သူအာရုံစိုက်ခဲ့တာ။ အခုတော့ သူ့ရဲ့အာရုံက ကလေးဆီ ချက်ချင်းကြီး ရောက်သွားတယ်။” အဲလို ကပြောင်းကပြန်ဖြစ်မှုကို ဘယ်လို ကိုင်တွယ်ကြမလဲ။

အောင်မြင်ဖို့အတွက် သော့ချက်– စိတ်ရှည်ပါ။

“မေတ္တာသည် စိတ်ရှည်တတ်၏။ ကြင်နာတတ်၏။ ကိုယ့်အကျိုးကို မရှာတတ်။ အမျက်မထွက်တတ်” ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားပါတယ်။ (၁ ကောရိန္သု ၁၃:၄၊ ၅) ဇနီးမောင်နှံနှစ်ဦး သားဦးကလေး ရလာတဲ့အခါ ဒီအကြံပြုချက်ကို ဘယ်လို ကျင့်သုံးနိုင်မလဲ။

ပညာရှိတဲ့ခင်ပွန်းဟာ မီးတွင်းမှာ အမျိုးသမီးတစ်ဦး ကာယပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်တာကို သိရှိထားခြင်းအားဖြင့် ဇနီးသည်ကို ချစ်ကြောင်း ပြသနိုင်ပါတယ်။ အဲဒီလို သိရှိထားမယ်ဆိုရင် ဇနီးသည်ရဲ့ စိတ်နေသဘောထား ရုတ်တရက် ပြောင်းလဲသွားတတ်တဲ့ အကြောင်းရင်းကို သဘောပေါက်နိုင်မှာဖြစ်တယ်။ * ပြင်သစ်နိုင်ငံက ၁၁ လအရွယ် သမီးငယ်ရဲ့ဖခင် အက်ဒမ်က ဒီလိုဝန်ခံတယ်– “ကျွန်တော့်ဇနီးရဲ့ စိတ်နေသဘောထား ပြောင်းလဲမှုတွေကို တစ်ခါတလေ နားလည်ရခက်ပြီး သူ့ကို စိတ်မရှည်ဘူး။ ဒါပေမဲ့ ကျွန်တော့်အပေါ် သူ စိတ်အလိုမကျဖြစ်နေတာ မဟုတ်ဘူးဆိုတာကို သိအောင်ကြိုးစားတယ်။ အဲဒါက ကျွန်တော်တို့ရဲ့ အခြေအနေသစ်နဲ့ပတ်သက်ပြီး မကြုံဖူးသေးတဲ့ ဖိစီးမှုတွေကို တုံ့ပြန်တာပဲဖြစ်တယ်။”

သင် ကူညီပေးဖို့ ကြိုးစားနေတာကို တစ်ခါတလေ သင့်ဇနီးက နားလည်မှုလွဲနေသလား။ နားလည်မှုလွဲနေမယ်ဆိုရင် အလျင်စလို စိတ်မတိုလိုက်ပါနဲ့။ (ဒေ. ၇:၉) အဲဒီအစား၊ သူ့ကို စိတ်ရှည်ပြီး ကိုယ့်အရေးထက် သူ့အရေးကို ဦးစားပေးဖို့ ကြိုးစားပါ။ အဲဒီလိုလုပ်မယ်ဆိုရင် စိတ်ပျက်စရာတွေကို ရှောင်နိုင်မှာဖြစ်တယ်။—သု. ၁၄:၂၉

အမြော်အမြင်ရှိတဲ့ ဇနီးသည်တစ်ဦးကတော့ ခင်ပွန်းသည်ကို သူ့ရဲ့တာဝန်အသစ်နဲ့ အံဝင်ခွင်ကျဖြစ်အောင် လုပ်ဆောင်ဖို့ အားပေးပါလိမ့်မယ်။ အစပိုင်းမှာ ခင်ပွန်းသည် လုပ်တာတွေက ကိုးရိုးကားရားနိုင်ပေမဲ့ ကလေးကို ဘယ်လို ထိန်းရမယ်၊ အနှီး ဘယ်လို လဲပေးရမယ်၊ နို့ဘူး ဘယ်လို ဖျော်ပေးရမယ် ဆိုတာတွေကို စိတ်ရှည်ရှည်နဲ့ ပြသပေးမှာ ဖြစ်တယ်။

အသက် ၂၆ နှစ်အရွယ်ရှိ မမော်မော်ဟာ ခင်ပွန်းသည်နဲ့ မိမိရဲ့ဆက်ဆံပုံကို အနည်းငယ်ပြုပြင်ဖို့ လိုတယ်ဆိုတာ သိမြင်လာတယ်။ “သမီးလေးကို ကျွန်မတစ်ယောက်ထဲ ထိန်းနေလို့ မဖြစ်ဘူး။ နို့စို့အရွယ်သမီးလေးကို ဘယ်လို ပြုစုပေးရမယ်ဆိုပြီး ကျွန်မပြောပြတာတွေကို သူကြိုးစားလုပ်တဲ့အခါ ကျွန်မ ဇီဇာမကြောင်မိဖို့ ကိုယ့်ကိုယ်ကိုယ် သတိပေးနေရတယ်” လို့ မမော်မော်က ပြောပြတယ်။

ဒီနည်းကို စမ်းကြည့်ပါ– ဇနီးသည်များ၊ သင့်ခင်ပွန်းဟာ သင့်လို ကလေးမထိန်းတတ်ဘူးဆိုရင် သူ့ကို အပြစ်ဆိုချင်တဲ့စိတ် ဒါမှမဟုတ် သူလုပ်ထားပြီးသားကို ပြန်ပြင်စေချင်တဲ့စိတ်ကို ချုပ်တည်းထားပါ။ သူလုပ်ပေးတဲ့အရာတွေအတွက် ချီးမွမ်းပေးပါ။ အဲလိုချီးမွမ်းပေးခြင်းက သူ့ကို ယုံကြည်စိတ်ချမှု ရှိလာစေပြီး သင်လိုအပ်တဲ့ အကူအညီတွေကို သူပေးလာမှာ ဖြစ်တယ်။ ခင်ပွန်းသည်များ၊ အရေးမကြီးတဲ့အရာတွေအတွက် အချိန်ကုန်ခံမနေပါနဲ့။ ဒါဆိုရင် သင့်ဇနီးကို အထူးသဖြင့် မီးတွင်းမှာ အတတ်နိုင်ဆုံး ကူညီပေးဖို့ အချိန်အများကြီး ရလာပါလိမ့်မယ်။

စိန်ခေါ်ချက် ၂– လင်မယားဆက်ဆံရေး ကျဲလာ။

အိပ်ရေးတွေပျက်ပြီး မျှော်လင့်မထားတဲ့ အခက်အခဲတွေကြောင့် ပင်ပန်းနွမ်းလျနေတဲ့ မိဘဖြစ်ခါစ ဇနီးမောင်နှံတွေဟာ နီးနီးကပ်ကပ်ရှိနေဖို့ မနည်းကြိုးစားနေရတယ်။ ပြင်သစ်နိုင်ငံက ကလေးနှစ်ယောက်မိခင် ဗီဗီယန်းက ဒီလိုဝန်ခံတယ်– “အစပိုင်းမှာ ကျွန်မဟာ ဇနီးတစ်ယောက်ရဲ့ တာဝန်ကို မေ့လုနီးပါးဖြစ်တဲ့အထိ မိခင်တာဝန်ကိုပဲ အရမ်းအာရုံစိုက်ခဲ့တယ်။”

ခင်ပွန်းသည်ကျပြန်တော့ ဇနီးသည်ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ရောကိုယ်ပါ ထိခိုက်နိုင်တယ်ဆိုတာကို လျစ်လျူရှုမိနိုင်တယ်။ အရင်က သင်တို့နှစ်ယောက် စိတ်ရောကိုယ်ပါ ရင်းရင်းနှီးနှီး အတူနေခဲ့တဲ့ အချိန်တွေကို အခုတော့ သားဦးကလေးအတွက် အသုံးပြုလိုက်ရတယ်။ ဒါကြောင့် ကလေးဟာ သင်တို့နှစ်ယောက် အနေဝေးအောင် လုပ်နေတဲ့သူ မဟုတ်ဘူးဆိုတာကို ဘယ်လို သေချာစေနိုင်မလဲ။

အောင်မြင်ဖို့အတွက် သော့ချက်– သင်တို့ရဲ့မေတ္တာကို ပြန်ခိုင်မာစေပါ။

အိမ်ထောင်နဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဒီလိုပြောထားတယ်– “ယောက်ျားသည် ကိုယ်မိဘကို စွန့်၍ ကိုယ်ခင်ပွန်း၌ မှီဝဲသဖြင့် ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်။” * (ကမ္ဘာဦး ၂:၂၄) သားသမီးတွေဟာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ မိဘတွေကို စွန့်ခွာသွားဖို့ ယေဟောဝါဘုရားသခင် ရည်ရွယ်ခဲ့တယ်။ ဒါပေမဲ့ ဇနီးမောင်နှံရဲ့နှောင်ကြိုးက သေတစ်ပန်သက်တဆုံးဖြစ်ဖို့ ဘုရားသခင် မျှော်လင့်တယ်။ (မဿဲ ၁၉:၃-၉) ဒီအချက်ကို ပိုင်းခြားနားလည်ခြင်းက ဦးစားထားရမယ့်အရာတွေကို သူ့နေရာနဲ့သူ ထားတတ်အောင် သားဦးကလေးရှိတဲ့ ဇနီးမောင်နှံကို ဘယ်လို ထောက်ကူပေးနိုင်သလဲ။

ဗီဗီယန်းက ဒီလိုဆက်ပြောတယ်– “ကမ္ဘာဦး ၂:၂၄ ကစကားတွေကို စဉ်းစားသုံးသပ်လိုက်တဲ့အခါ ကျွန်မရဲ့ကလေးနဲ့ မဟုတ်ဘဲ ကျွန်မခင်ပွန်းနဲ့ ‘တစ်သားတစ်ကိုယ်တည်း’ ဖြစ်ရမယ်ဆိုတာကို သိလာရတယ်။ ကျွန်မတို့ရဲ့ အိမ်ထောင်ရေးကို ခိုင်မြဲအောင်လုပ်ဖို့ လိုတယ်။” နှစ်နှစ်အရွယ် သမီးလေးရဲ့မိခင် မချိုချိုက ဒီလိုပြောပြတယ်– “ကျွန်မခင်ပွန်းနဲ့ အနေစိမ်းနေတယ်လို့ စပြီးခံစားလာရပြီဆိုရင် တစ်နေ့ကို တစ်ခဏပဲဖြစ်ဖြစ် သူ့ကို အပြည့်အဝ ဂရုစိုက်ပေးဖို့ ချက်ချင်း ကြိုးစားလိုက်တယ်။”

သင်ဟာ ခင်ပွန်းသည်ဖြစ်နေမယ်ဆိုရင် အိမ်ထောင်ရေးခိုင်မြဲအောင် ဘာတွေ လုပ်ဆောင်နိုင်သလဲ။ သင့်ဇနီးကို ဘယ်လောက်ချစ်ကြောင်း ပြောပြပါ။ သူ့ကို သင်ချစ်ကြောင်း လုပ်ရပ်တွေနဲ့ ပြသပါ။ သင့်ဇနီးမှာ ရှိကောင်းရှိနိုင်တဲ့ စိုးရိမ်စိတ်တွေကို ကြိုးစားဖြေဖျောက်ပေးပါ။ “ဇနီးသည်တစ်ယောက်ဟာ ကိုယ်ဝန်မဆောင်ခင်ကလို မလှပတော့ပေမဲ့လည်း တန်ဖိုးထားခံနေရဆဲ၊ အချစ်ခံနေရဆဲဆိုတာကို သိထားဖို့လိုတယ်” လို့ အသက် ၃၀ အရွယ်ရှိမိခင်ဖြစ်သူ ဒေါ်အေးအေးက ပြောပြတယ်။ ဇနီးသည်ကို စိတ်ပိုင်းဆိုင်ရာ ထောက်မပေးဖို့လည်း လိုအပ်တယ်ဆိုတာ ဂျာမနီနိုင်ငံက သားနှစ်ယောက်ဖခင် အယ်လန် သိရှိလာတယ်။ “ကျွန်တော့်ဇနီး ဝမ်းနည်းတဲ့အခါ နှစ်သိမ့်ပေးဖို့ အမြဲကြိုးစားတယ်” လို့ အယ်လန်က ပြောပြတယ်။

ကလေးရလာတဲ့အတွက် လင်မယားဆက်ဆံခြင်းဝတ်ကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် လင်မယားတွေဟာ အချင်းချင်းရဲ့ လိုအပ်ရာတွေကို ဆွေးနွေးဖို့လိုတယ်။ လင်မယားဆက်ဆံခြင်းဝတ်မှာ အပြောင်းအလဲတွေကို “နှစ်ဦးသဘောတူ” လုပ်ဆောင်သင့်တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (၁ ကောရိန္သု ၇:၁-၅) အဲဒီလိုဖြစ်ဖို့အတွက် အချင်းချင်း ပြောဆိုဆက်သွယ်ဖို့ လိုတယ်။ ကြီးပြင်းလာတဲ့နောက်ခံ ဒါမှမဟုတ် ယဉ်ကျေးမှုနောက်ခံကြောင့် သင့်ကြင်ဖော်နဲ့ လင်မယား ဆက်ဆံခြင်း၀တ်အကြောင်း ပြောဖို့ တွန့်ဆုတ်နေနိုင်ပါတယ်။ ဒါပေမဲ့ ဇနီးမောင်နှံအနေနဲ့ မိဘဝတ္တရားတွေကို ပြုပြင်ပြောင်းလဲတဲ့အခါ အဲဒီအကြောင်းတွေကို ပြောဆိုဖို့ အရေးကြီးတယ်။ စာနာထောက်ထားပြီး စိတ်ရှည်ပါ။ ရိုးသားပါ။ (၁ ကောရိန္သု ၁၀:၂၄) အဲဒီလိုဆိုရင် နားလည်မှုလွဲတာတွေ မရှိတော့ဘဲ တစ်ယောက်ကိုတစ်ယောက် ပိုချစ်လာကြမှာ ဖြစ်တယ်။—၁ ပေတရု ၃:၇၊ ၈

ဇနီးမောင်နှံတွေဟာ အချင်းချင်း စကားပြောဆိုကြပြီး ကျေးဇူးတင်ကြောင်း ပြသခြင်းအားဖြင့် သူတို့ရဲ့မေတ္တာကို ပိုပြီးနက်ရှိုင်းစေနိုင်ပါတယ်။ မိခင်ဖြစ်ခါစ အမျိုးသမီးတစ်ဦး အရမ်းအလုပ်များနေတာကို ပိုင်းခြားသိမြင်မှုရှိတဲ့ လင်ယောက်ျားက နားလည်ပေးမှာ ဖြစ်တယ်။ “တစ်ချိန်လုံး ကလေးနဲ့ပဲ လုံးချာလိုက်နေတာတောင် တစ်နေလည်းကုန်ရော ဘာမှမလုပ်လိုက်ရဘူးလို့ ကျွန်မ မကြာခဏ ခံစားရတယ်” ဆိုပြီး ဗီဗီယန်းက ပြောပြတယ်။ အမြော်အမြင်ရှိတဲ့ ဇနီးသည်တစ်ယောက်ဟာ အလုပ်များနေရင်တောင် မိသားစုအတွက် ဝိုင်းကူပေးနေတဲ့ ခင်ပွန်းသည်ကို မဝေဖန်မိဖို့ သတိထားမှာဖြစ်တယ်။—သု. ၁၇:၁၇

ဒီနည်းကို စမ်းကြည့်ပါ– မိခင်တွေအနေနဲ့ ဖြစ်နိုင်မယ်ဆိုရင် ကလေးအိပ်နေချိန်မှာ တစ်မှေးအိပ်လိုက်ပါ။ ဒါမှ သင် အားပြန်ပြည့်လာပြီး သင့်အိမ်ထောင်ဖက်ကို ပြုစုဖို့ လိုအပ်တဲ့အစွမ်းခွန်အားတွေ ပိုမိုရရှိလာမှာ ဖြစ်တယ်။ ဖခင်တွေကလည်း ဇနီးသည် အနားရစေဖို့ ညဘက်မှာထပြီး ကလေးအတွက် နို့ဘူးဖျော်ပေးနိုင်တယ်၊ အနှီးလဲပေးနိုင်တယ်။ သင့်ဇနီးဆီ ဖုန်းဆက်ခြင်း၊ စာတိုလေး ရေးထားခြင်းဖြင့် သူ့ကိုချစ်ကြောင်း ထပ်တလဲလဲ ဖော်ပြပါ။ ဇနီးမောင်နှံအနေနဲ့ နှစ်ကိုယ်ကြား စကားပြောဆိုဖို့ အချိန်ယူပါ။ ကလေးအကြောင်းသာမက ကိုယ့်အကြောင်းလည်း ပြောဆိုပါ။ သင်တို့ရဲ့ ချစ်ခင်တွယ်တာမှုကို ခိုင်ခံ့စေပါ။ ဒါမှသာ မိဘဖြစ်ခြင်းရဲ့ စိန်ခေါ်ချက်တွေကို ကောင်းစွာကိုင်တွယ်နိုင်မှာ ဖြစ်တယ်။

စိန်ခေါ်ချက် ၃– မိဘအုပ်ထိန်းမှုနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲ။

ဇနီးမောင်နှံတွေဟာ နောက်ခံမတူတဲ့အတွက် မိဘအုပ်ထိန်းမှုနဲ့ပတ်သက်ပြီး စကားများတတ်ကြပါတယ်။ ဂျပန်နိုင်ငံက မိခင်ဖြစ်သူ အာဆာမီနဲ့ သူ့ရဲ့ခင်ပွန်းဖြစ်သူ ကက်ဆူရိုတို့မှာ အဲလိုပြဿနာမျိုး ရှိခဲ့ကြတယ်။ “ကက်ဆူရိုဟာ သမီးလေးကို အရမ်းအလိုလိုက်လွန်းတယ်လို့ ကျွန်မ ထင်တယ်။ ကျွန်မကျတော့ ချုပ်ချယ်လွန်းတယ်လို့ သူကထင်ပြန်ရော” ဆိုပြီး အာဆာမီက ပြောပြတယ်။ လုပ်ဆောင်ပုံချင်း မတူညီမှုတွေကို ဘယ်လို ရှောင်ရှားနိုင်မလဲ။

အောင်မြင်ဖို့အတွက် သော့ချက်– တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ပြောဆိုကာ ထောက်မပါ။

ရှေးခေတ်အစ္စရေးဘုရင် ရှောလမုန် ဒီလိုရေးသားခဲ့တယ်– “မာနကြောင့် ရန်တွေ့ခြင်းသာလျှင်ဖြစ်၏။ အကြံပေးရာ လိုက်နာသူတို့၌မူကား ပညာရှိ၏။” (သု. ၁၃:၁၀သမ္မာ) ကလေးပြုစုစောင့်ရှောက်ပုံနဲ့ပတ်သက်ပြီး သင့်ကြင်ဖော် ဘယ်လောက်များ သိထားသလဲ။ ကလေးမမွေးခင်မှာ ကလေးပြုစုစောင့်ရှောက်ပုံနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ကြိုတင်ဆွေးနွေးထားမယ်ဆိုရင် အခက်အခဲတွေကို အောင်မြင်စွာ ဖြေရှင်းနိုင်မှာပါ။

ဥပမာ၊ ဖော်ပြထားတဲ့ မေးခွန်းတွေကို သင်တို့နှစ်ဦး ဘယ်လိုဖြေဆိုကြမလဲ– “ငါတို့ရဲ့ကလေး အိပ်ချိန်စားချိန်မှန်ဖို့ ဘယ်လို သင်ပေးနိုင်မလဲ။ အိပ်ရာဝင်ချိန်မှာ ကလေးငိုရင် အမြဲ ကောက်ချီသင့်သလား။ အပေါ့အလေးသွားတတ်အောင် ကလေးကို သင်ပေးတဲ့အခါ ကြုံရတဲ့အခက်အခဲတွေကို ဘယ်လို တုံ့ပြန်သင့်သလဲ။” သင်တို့ရဲ့ ဆုံးဖြတ်ချက်တွေက တခြားမောင်နှံစုံတွေရဲ့ ဆုံးဖြတ်ချက်တွေနဲ့ တူချင်မှတူပါလိမ့်မယ်။ ကလေးနှစ်ယောက်ဖခင် ကိုသန်းနိုင်က ဒီလိုပြောပြတယ်– “သင်တို့နှစ်ယောက် သဘောတူညီနိုင်မယ့် ကိစ္စရပ်တွေကို အကျေအလည် ဆွေးနွေးထားဖို့ လိုတယ်။ ဒါမှသာ ကလေးရဲ့ လိုအပ်ရာတွေကို အတူတကွ ဖြည့်ဆည်းပေးနိုင်မှာ။”

ဒီနည်းကို စမ်းကြည့်ပါ– သင့်မိဘတွေ သင့်ကို ပြုစုစောင့်ရှောက်ခဲ့တုန်းက အသုံးပြုခဲ့တဲ့ နည်းလမ်းတွေကို စဉ်းစားကြည့်ပါ။ သင်တို့ရဲ့ကလေးကို ပြုစုစောင့်ရှောက်တဲ့အခါ မိဘတွေရဲ့ ဘယ်စိတ်သဘောထားနဲ့ ဘယ်လုပ်ရပ်တွေကို အတုယူမလဲဆိုတာ ဆုံးဖြတ်ပါ။ အဲဒီအပြင် ဘယ်စိတ်သဘောထားနဲ့ ဘယ်လုပ်ရပ်တွေကို ရှောင်မယ်ဆိုတာ ဆုံးဖြတ်ပါ။ သင့်ရဲ့သုံးသပ်ချက်တွေကို သင့်အိမ်ထောင်ဖက်နဲ့အတူ ဆွေးနွေးပါ။

သားသမီးရလာခြင်းက အိမ်ထောင်ရေးမှာ ကောင်းကျိုး ဖြစ်ပေါ်စေနိုင်

တစ်ခါမှ နှစ်ပါးသွား မကဖူးတဲ့ စုံတွဲတစ်တွဲဟာ ကကွက်ညီဖို့၊ တေးသီချင်းနဲ့အညီ ကနိုင်ဖို့ အချိန်ယူပြီး စိတ်ရှည်ရှည်နဲ့ ဇာတ်တိုက်ထားဖို့ လိုပါတယ်။ အဲဒီလိုပဲ၊ သင်တို့လည်း မိဘတွေအဖြစ် ထမ်းဆောင်ရမယ့် တာဝန်အသစ်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် အချိန်နဲ့စိတ်ရှည်မှု လိုအပ်တယ်။ နောက်ဆုံးမှာ သင်တို့ဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု ရှိလာပါလိမ့်မယ်။

သားသမီးမွေးမြူခြင်းက သင်တို့နှစ်ယောက်အတွက် စိန်ခေါ်ချက် ဖြစ်စေနိုင်သလို သင်တို့ရဲ့ဆက်ဆံရေးကိုလည်း အမြဲ ပြောင်းလဲနေစေပါလိမ့်မယ်။ ဒါပေမဲ့ တန်ဖိုးရှိတဲ့ အရည်အသွေးကောင်းတွေကို ပြုစုပျိုးထောင်ဖို့ အခွင့်အရေးလည်း ရရှိစေပါလိမ့်မယ်။ ကျမ်းစာမှာပါတဲ့ ပညာရှိအကြံပြုချက်တွေကို သင်တို့ လိုက်နာကျင့်သုံးမယ်ဆိုရင် ကိုမောင်ထွေးလို့ခေါ်တဲ့ ဖခင်လို တွေ့ကြုံခံစားရပါလိမ့်မယ်။ “သားသမီးတွေကို ကျွေးမွေးပြုစုခြင်းကနေ ကျွန်တော်နဲ့ကျွန်တော့်ဇနီး အကျိုးခံစားရပါတယ်။ အခုဆိုရင် ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် သိပ်အာရုံမစိုက်တော့ဘူး။ အဲဒီအစား ပိုပြီးချစ်တတ်တဲ့သူတွေ၊ နားလည်မှုပိုရှိတဲ့သူတွေ ဖြစ်လာတယ်” လို့ကိုမောင်ထွေးက ပြောပြတယ်။ အဲဒီလိုမျိုး အပြောင်းအလဲတွေရှိလာတာက အိမ်ထောင်ရေးကို အကျိုးပြုမှာ သေချာပါတယ်။

^ အပိုဒ်၊ 3 ဒီဆောင်းပါးမှာပါတဲ့ နာမည်တွေကို ပြောင်းထားပါတယ်။

^ အပိုဒ်၊ 11 မိခင်အတော်များများဟာ မီးတွင်းမှာ မသိမသာ စိတ်ဓာတ်ကျတတ်ကြတယ်။ တချို့ကျတော့ မီးတွင်းစိတ်ကျဝေဒနာကို ဆိုးဆိုးရွားရွား ခံစားကြရတယ်။ အဲဒီဝေဒနာကို ဘယ်လို ခွဲခြားသိမြင်နိုင်ပြီး ကိုင်တွယ်ဖြေရှင်းမယ်ဆိုတာကို ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ ၂၀၀၄၊ မတ် ၈ နိုးလော့! မှာပါတဲ့ “မီးတွင်းစိတ်ကျဝေဒနာကို နားလည်သဘောပေါက်ခြင်း” ဆောင်းပါးကို ဖတ်ကြည့်ပါ။

^ အပိုဒ်၊ 19 ကမ္ဘာဦး ၂:၂၄ မှာ “မှီဝဲ” လို့ပြန်ဆိုထားတဲ့ ဟေဗြဲကြိယာဟာ ‘တစ်စုံတစ်ဦးကို ချစ်ခင်တွယ်တာမှု၊ သစ္စာစောင့်သိမှုတို့နဲ့ တွယ်ကပ်ထားတယ်လို့ အဓိပ္ပာယ်ရှိ’ နိုင်တယ်ဆိုပြီး ပညာရပ်စာပေတစ်ခုမှာ ဖော်ပြထားတယ်။

သင့်ကိုယ်သင် ဒီလိုမေးကြည့်ပါ

  • ပြီးခဲ့တဲ့အပတ်အတွင်းမှာ မိသားစုအကျိုးအတွက် ငါ့အိမ်ထောင်ဖက် ပြုလုပ်ပေးခဲ့တာတွေကို ကျေးဇူးတင်ကြောင်း ဘာနဲ့ဖော်ပြခဲ့သလဲ။

  • ကလေးပြုစုခြင်းအကြောင်းမပါဘဲ ငါ့အိမ်ထောင်ဖက်နဲ့ ရင်းရင်းနှီးနှီး စကားပြောလို့ရအောင် အချိန်ယူခဲ့တဲ့ နောက်ဆုံးအချိန်က ဘယ်အချိန်လဲ။