မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစုအတွက် အကူအညီ | သားသမီးတွေကို ပြုစုပျိုးထောင်ခြင်း

သင့်ကလေး လိမ်ပြောတဲ့အခါ

သင့်ကလေး လိမ်ပြောတဲ့အခါ

အခက်အခဲ

သင့်ရဲ့ ငါးနှစ်အရွယ်သားငယ်က တစ်ဖက်ခန်းမှာ ကစားနေတယ်။ * ရုတ်တရက် တစ်ခုခုကျကွဲသံ ကြားလိုက်ရတယ်။ သင် အပြေးလေးသွားတဲ့အခါ ပန်းအိုး အကွဲစတွေပြန့်ကျဲနေတဲ့အနားမှာ သားက ရပ်နေတာကို တွေ့လိုက်ရတယ်။ သားရဲ့မျက်နှာကိုကြည့်ပြီး အခြေအနေကို သင် ရိပ်စားမိလိုက်တယ်။

“ပန်းအိုးခွဲလိုက်တာလား” လို့ အသံမာမာနဲ့ သင် မေးလိုက်တယ်။

“သား ခွဲလိုက်တာမဟုတ်ဘူး” လို့ ချက်ချင်း သူ ပြန်ဖြေတယ်။

သင့်ရဲ့ ငါးနှစ်အရွယ်သား ဒီလိုလိမ်ပြောတာ ဒီတစ်ကြိမ်ထက် မကတော့ဘူး။ စိုးရိမ်ပူပန်စိတ် ဝင်လာပါသလား။

သိထားသင့်ရာ

လိမ်ပြောတာမှန်သမျှ မကောင်းဘူး။ ယေဟောဝါဘုရားသခင်က ‘လိမ်လည်တဲ့လျှာ’ ကိုမုန်းတယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (သုတ္တံ ၆:၁၆၊ ၁၇) အစ္စရေးတွေကိုပေးခဲ့တဲ့ ပညတ်ထဲမှာလည်း တစ်ယောက်ကိုတစ်ယောက် လိမ်လည်တဲ့စကားမပြောဖို့ တိတိကျကျ အမိန့်ထုတ်ထားတယ်။—ဝတ်ပြုရာ ၁၉:၁၁၊ ၁၂

လိမ်ပြောတဲ့ အခြေအနေချင်း မတူကြဘူး။ တချို့သူတွေက တစ်ဖက်သားကို ဒုက္ခရောက်စေချင်တဲ့အတွက် အကောက်ကြံပြီး လိမ်ပြောတာဖြစ်တယ်။ တချို့သူတွေကျတော့ အရှက်ကွဲမှာ၊ အပြစ်ပေးခံရမှာကြောက်လို့ စတဲ့ တဒင်္ဂဖိအားအောက်မှာ လိမ်ပြောမိသွားတာဖြစ်တယ်။ (ကမ္ဘာဦး ၁၈:၁၂-၁၅) လိမ်ပြောတာအားလုံးက အပြစ်ရှိတာမှန်ပေမဲ့ တချို့လိမ်လည်တဲ့စကားက ပိုပြီးအပြစ်ကြီးပါတယ်။ သင့်ရဲ့ ကလေးလိမ်ပြောတယ်ဆိုရင် သူ့ရဲ့အသက်အရွယ်၊ သူလိမ်ပြောရတဲ့အကြောင်းရင်းကို သုံးသပ်ပါ။

သင့်ကလေးကို ငယ်စဉ်ကတည်းက သင်ပေးပါ။ “ခက်ခဲတဲ့အချိန်မှာတောင် အမှန်အတိုင်းပြောစေတာက ကလေးတွေကို အရေးကြီးတဲ့သင်ခန်းစာ သင်ပေးရာရောက်တယ်။ ကလေးနဲ့မိဘကြား ဆက်ဆံရေးက ယုံကြည်မှုနဲ့ပဲသွားတာဖြစ်တယ်၊ လိမ်ပြောရင် ယုံတော့မှာမဟုတ်ဘူး” ဆိုပြီး ဒေါက်တာ ဒေးဗစ် ဝေါလ်ရှ် ရေးသားဖော်ပြတယ်။ *

ထိတ်ထိတ်ပျာပျာ မဖြစ်ပါနဲ့။ သင့်ကလေး လိမ်ပြောတာနဲ့ပဲ ကြီးလာရင်တော့ လူဆိုးသူခိုးဖြစ်တော့မှာပဲဆိုပြီး မယူမှတ်ပါနဲ့။ “မိုက်သောသဘောသည် သူငယ်၏စိတ်နှလုံးထဲမှာ ထုပ်ထားလျက်ရှိ၏” ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားပါတယ်။ (သုတ္တံ ၂၂:၁၅) အဲဒီမိုက်သောသဘောကို တချို့ကလေးတွေက လိမ်ပြောတာနဲ့ ပြတတ်ကြတယ်။ အပြစ်ပေးခံရမှာကို ကြောက်လို့လိမ်ပြောတာလည်းဖြစ်နိုင်တယ်။ ဒါကြောင့် သင့်ရဲ့တုံ့ပြန်ပုံက အရေးကြီးပါတယ်။

လုပ်ဆောင်နိုင်ရာ

ဘာကြောင့် လိမ်ပြောသလဲဆိုတာ သိအောင်လုပ်ပါ။ အပြစ်ပေးခံရမှာကို ကြောက်လို့လား။ မိဘစိတ်မကောင်းဖြစ်သွားမှာ စိုးလို့လား။ သူငယ်ချင်းတွေ အထင်ကြီးအောင် သင့်ကလေးက မဟုတ်တာတွေ လုပ်ကြံပြီးပြောနေတယ်ဆိုရင် တကယ့်အဖြစ်မှန်နဲ့ စိတ်ကူးယဉ်တာက မတူဘူးဆိုတာ သဘောပေါက်တဲ့အရွယ် မရောက်သေးတာကြောင့်များလား။ သင့်ကလေး ဘာကြောင့် လိမ်ပြောသလဲဆိုတာသိရင် သူ့ကို ကြင်နာစွာတည့်မတ်ပေးနိုင်မှာဖြစ်တယ်။—ကျမ်းစာအကြံပြုချက်–၂ ကောရိန္သု ၁၃:၁၁

တစ်ခါတလေ၊ မေးခွန်းထုတ်မယ့်အစား တဲ့တိုးပြောပါ။ နိဒါန်းမှာဖော်ပြခဲ့တဲ့အဖြစ်မှာ မိခင်က အဖြစ်မှန်ကိုသိနေရက်နဲ့ “ပန်းအိုးကို ခွဲလိုက်တာလား” လို့ အသံမာမာနဲ့ မေးခဲ့တယ်။ မေစိတ်ဆိုးမှာစိုးလို့ ကလေးက လိမ်ပြောခဲ့တယ်။ ဒါပေမဲ့ မေးခွန်းမေးမယ့်အစား “အို၊ ငါ့သားတော့ ပန်းအိုးခွဲလိုက်ပြီ” လို့ ရိုးရိုးလေး ပြောနိုင်တယ်။ အဲဒီလိုပြောရင် ကလေးက လိမ်ပြောဖို့ အခြေအနေမရတော့ဘဲ အမှန်အတိုင်းဖွင့်ပြောတတ်လာအောင် ကူညီပေးလိုက်ရာ ရောက်တယ်။—ကျမ်းစာအကြံပြုချက်– ကောလောသဲ ၃:၉

ရိုးသားမှုကို ချီးမွမ်းပေးပါ။ ကလေးတွေဟာ မိဘတွေကြိုက်တာကို လုပ်ချင်တဲ့ဆန္ဒရှိကြတယ်။ အဲဒီဆန္ဒကို သင် ကောင်းစွာ အသုံးချနိုင်ပါတယ်။ သင့်မိသားစုမှာ အရေးကြီးတဲ့စံနှုန်းတစ်ခုက ရိုးသားခြင်းဖြစ်ကြောင်း၊ သင့်ကလေးကိုလည်း အမှန်အတိုင်းပြောဖို့ မျှော်လင့်ကြောင်း ပြောပြထားပါ။—ကျမ်းစာအကြံပြုချက်– ဟေဗြဲ ၁၃:၁၈

ကလေးက လိမ်ပြောတယ်ဆိုရင် မိဘက ကလေးကို မယုံကြည်တော့ဘူး၊ မိဘရဲ့ ယုံကြည်မှုပြန်ရဖို့ အချိန်အတော်ကြာကြာ လိုတယ်ဆိုတာ ကလေးသိအောင် ပြောပြထားပါ။ အမှန်အတိုင်းပြောတဲ့အခါ ချီးမွမ်းပေးခြင်းအားဖြင့် အဲဒီအကျင့်ကောင်းကို မွေးမြူချင်စိတ် ရှိလာအောင် ကူညီပေးပါ။ ဥပမာ၊ “သားက မလိမ်ဘဲ အမှန်အတိုင်းပြောလို့ သိပ်ဝမ်းသာတယ်” လို့ပြောနိုင်တယ်။

ပုံသက်သေပြပါ။ တစ်ယောက်ယောက်ကို သင် စကားမပြောချင်တဲ့အတွက် “အမေ အိမ်မှာမရှိဘူးလို့ ပြောလိုက်” ဆိုပြီး ကလေးကိုပြောခိုင်းမယ်၊ သင် အနားယူချင်တာနဲ့ပဲ “ဖျားနေတယ်” လို့အကြောင်းပြတာတွေကို သင့်ကလေး ကြားထား၊ မြင်ထားတယ်ဆိုရင် သင့်ကလေးကလည်း သင့်ကို အမှန်အတိုင်းပြောမှာ မဟုတ်တော့ဘူး။—ကျမ်းစာအကြံပြုချက်– ယာကုပ် ၃:၁၇

သမ္မာကျမ်းစာကို အသုံးပြုပါ။ ကျမ်းစာမှာပါတဲ့ အကြံပြုချက်တွေနဲ့ တကယ့်အဖြစ်မှန်မှတ်တမ်းတွေက ရိုးသားသူဖြစ်အောင် ကူညီပေးပါတယ်။ ယေဟောဝါ သက်သေတွေ ထုတ်ဝေတဲ့ ကြီးမြတ်သောဆရာထံမှ သင်ယူပါ စာအုပ်က ကျမ်းစာအကြံပြုချက်တွေကို ကလေးတွေ လိုက်နာကျင့်သုံးနိုင်အောင် ကူညီပေးပါတယ်။ အခန်း ၂၂ ခေါင်းစဉ်က “ဘာကြောင့် လိမ်မပြောသင့်တဲ့အကြောင်း” ဖြစ်ပါတယ်။ (“ သင့်ကလေးကို ကူညီပေးနိုင်တဲ့စာအုပ်” လေးထောင့်ကွက်မှာပါတဲ့ ကောက်နုတ်ချက်ကို ကြည့်ပါ။)

^ စာပိုဒ်၊ 4 ဒီဆောင်းပါးမှာ သား ဆိုပြီး ရည်ညွှန်းဖော်ပြထားပေမဲ့ အကြံပြုချက်တွေက သားရော၊ သမီးနဲ့ပါ သက်ဆိုင်ပါတယ်။

^ စာပိုဒ်၊ 11 No: Why Kids—of All Ages—Need to Hear It and Ways Parents Can Say It စာအုပ်မှ ကောက်နုတ်ထား။