မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၄

တာဝန်ယူတတ်သူ ဖြစ်နိုင်ပုံ

တာဝန်ယူတတ်သူ ဖြစ်နိုင်ပုံ

တာဝန်ယူ​တတ်​ခြင်း​မှာ ဘာ​ပါဝင်​သလဲ

တာဝန်ယူ​တတ်​သူတွေဟာ ယုံကြည်​စိတ်ချ​ထိုက်​သူတွေ ဖြစ်ကြတယ်။ ပေးအပ်​တဲ့ တာဝန်တွေကို အချိန်မီ ပြီးမြောက်​အောင် လုပ်တတ်​ကြတယ်။

ကလေးငယ်​တွေ​တောင် အစွမ်းအစ အနည်းငယ်​ပဲ ရှိပေမဲ့ တာဝန်ယူ​တတ်အောင် သင်ယူ​နိုင်ကြတယ်။ “ကလေးဟာ ၁၅ လ​သား​အရွယ်မှာ ပူးပေါင်း​လုပ်ဆောင်​တတ်လာတယ်။ ဆယ့်ရှစ်လသား​အရွယ်မှာ ပူးပေါင်း​ချင်စိတ် များ​လာတယ်။ ယဉ်ကျေးမှု​များစွာမှာ ငါးနှစ်​နဲ့ ခုနစ်နှစ်​အရွယ် ကလေးတွေရဲ့ အကူအညီကို မိဘတွေ ရယူ​တတ်ကြတယ်။ ဒီ​အရွယ်​ကလေးတွေဟာ အိမ်မှုကိစ္စ​များစွာမှာ ကူညီ​တတ်ကြတယ်” လို့ Parenting Without Borders စာအုပ်မှာ ဖော်ပြ​ထားတယ်။

တာဝန်ယူ​တတ်​ခြင်း​ဟာ ဘာကြောင့် အရေးကြီး​သလဲ

အိမ်ခွဲ​ထွက်ပြီး ကိုယ့်ဘာသာကိုယ် ရပ်တည်​ချင်တဲ့​လူငယ်တွေဟာ ငွေကြေး ခက်ခဲတဲ့​အခါ မိဘတွေ​ဆီ ပြန်လာ​တတ်ကြတယ်။ ငွေကြေး စီမံခန့်ခွဲ​ပုံ၊ အိုးအိမ် ထိန်းသိမ်း​စောင့်ရှောက်​ပုံ၊ နေ့စဉ် လုပ်ငန်း​ဆောင်​တာ​တွေ ဆောင်ရွက်​ပုံ​တို့ကို မိဘတွေ မသင်​ပေးထားလို့ ဖြစ်တတ်တယ်။

ဒါကြောင့် လူကြီး​ဘဝ​တာဝန်တွေကို ယူ​တတ်ဖို့ သင့်​ကလေးတွေကို လေ့ကျင့်​ပေးထား​တာ အကောင်းဆုံးပါပဲ။ “ဆယ့်ရှစ်နှစ်​လုံးလုံး မှီခို​သူ​ဘဝနဲ့ နေခိုင်း​ပြီး တကယ့်​လောကမှာ လွှတ်လိုက်​တာ​မျိုး ဖြစ်ချင်​မှာ မဟုတ်ဘူး” လို့ How to Ra​is​e a​n Adult စာအုပ်က ဆိုတယ်။

တာဝန်ယူ​တတ်အောင် သင်ပေး​နိုင်ပုံ

အိမ်မှုကိစ္စ​တွေ လုပ်​ခိုင်းပါ။

ကျမ်းစာ အခြေခံ​မူ။ “ကြိုးစားပမ်းစား လုပ်တဲ့​အလုပ် မှန်သမျှ အကျိုး​ရှိတယ်။”—ပညာအလိမ္မာ ၁၄:၂၃

ကလေးတွေဟာ မိဘတွေကို ဝိုင်းကူ​ပေးချင်ကြတယ်။ ဒါကြောင့် အိမ်​အလုပ်တွေ တာဝန်ပေး​လို့​ရတယ်။

မိဘ​တချို့က သားသမီးတွေကို မ​ခိုင်း​ချင်​ကြဘူး။ ကျောင်းနေ​အရွယ်မို့ အိမ်စာတွေ ပိနေ​လို့ ထပ်​မ​ခိုင်း​ချင်​ကြဘူး။

ဒါပေမဲ့ အိမ်မှုကိစ္စ​တွေ လုပ်ဆောင်တဲ့​ကလေးတွေဟာ ကျောင်းမှာ ပို​ထူးချွန်​တတ်ကြတယ်။ အိမ်မှုကိစ္စ​တွေ​က တာဝန်ယူ​တတ်ဖို့၊ တာဝန်တွေကို ပြီး​အောင်​လုပ်​တတ်ဖို့ သင်ပေးတယ်။ ဒီ့ပြင် “ကလေးတွေ ငယ်ရွယ်ချိန်မှာ ဝိုင်းကူ​မ​ခိုင်းရင် သူတစ်ပါး​ကို ကူညီ​ပေးခြင်း​က အရေး​မကြီး​ဘူးလို့ ယူဆ​သွားစေတယ်။ . . . သူတို့​အတွက် တခြားသူတွေ လုပ်​ပေးမယ်လို့ မျှော်လင့်​တတ်လာ​ကြတယ်” လို့ P​are​n​t​in​g Without Borders စာအုပ်မှာ ဖော်ပြ​ထားတယ်။

အထက်ပါ​ကိုးကားချက်​အရ အိမ်မှုကိစ္စ​လုပ်ခြင်းက အများ​အကျိုး သယ်ပိုး​တတ်​သူတွေ၊ ပေးကမ်း​တတ်​သူတွေ ဖြစ်အောင် လေ့ကျင့်​ပေးတယ်။ မိသားစုမှာ အရေးကြီးတဲ့​နေရာ ရထားတယ်၊ တာဝန်​ရှိတယ်လို့ သဘောပေါက်​စေတယ်။

ကိုယ့်​အမှားတွေ​အတွက် တာဝန်ယူ​တတ်အောင် သားသမီးတွေကို ကူညီ​ပေးပါ။

ကျမ်းစာ အခြေခံ​မူ။ “အကြံ​ပေးတာကို နားထောင်ပါ။ ဆုံးမတာကို လက်ခံပါ။ ဒါမှ နောက်ပိုင်းမှာ ဉာဏ်ပညာ​ရှိလာမယ်။”—ပညာအလိမ္မာ ၁၉:၂၀

သားသမီးတွေ အမှား​လုပ်မိတဲ့​အခါ၊ (ဥပမာ၊ သူတစ်ပါး ပိုင်ဆိုင်ရာ​ကို မတော်တဆ ဖျက်ဆီး​မိ​တဲ့အခါ) ဖုံးဖိ​ပေးဖို့ မကြိုးစားပါနဲ့။ တောင်းပန်​ခြင်း၊ ပြန်​လျော်​ပေးခြင်း​အားဖြင့် အကျိုးဆက်ကို ကလေးတွေ ခံယူ​နိုင်ပါတယ်။

အမှားတွေ၊ ရှုံးနိမ့်​မှု​တွေကို တာဝန်ယူ​ရမယ်ဆိုတာ သဘောပေါက်​ရင် သင့်​ကလေးတွေကို

  • ရိုးသား​ဖို့၊ အမှား​ဝန်ခံ​တတ်အောင် ကူညီ​ပေးမယ်

  • တခြား​သူတွေကို အပြစ်​မ​ဖို့​အောင် ကူညီ​ပေးမယ်

  • ဆင်ခြေ​မပေး​တတ်အောင် ကူညီ​ပေးမယ်

  • လိုအပ်တဲ့​အခါ တောင်းပန်​တတ်အောင် ကူညီ​ပေးမယ်