မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၂

နှိမ့်ချသူ ဖြစ်နိုင်ပုံ

နှိမ့်ချသူ ဖြစ်နိုင်ပုံ

နှိမ့်ချ​ခြင်း​ဆိုတာ ဘာလဲ

စိတ်နှိမ့်ချသူ​တွေဟာ လေးစား​တတ်ကြတယ်။ မမောက်မာ​ကြဘူး။ အရေးတယူ ဆက်ဆံ​ခံရဖို့ မမျှော်လင့်​ကြဘူး။ နှိမ့်ချ​သူတွေဟာ တခြား​သူတွေကို အမှန်တကယ် စိတ်ဝင်စားကြ​တယ်။ တခြား​သူတွေဆီ​ကနေ သင်ယူ​ချင်စိတ် ရှိကြတယ်။

တစ်ခါတလေ စိတ်​နှိမ့်ချ​ခြင်း​ကို ပျော့​ညံ့​ခြင်း​လို့ တလွဲ​ယူဆတတ်ကြတယ်။ တကယ်တော့ ကိုယ့်​အပြစ်​အနာအဆာ၊ ကိုယ့်​အား​နည်းချက်​ကို အသိအမှတ်ပြု​ဝန်ခံရဲတဲ့ အစွမ်း​သတ္တိ ဖြစ်တယ်။

နှိမ့်ချ​ခြင်း​ဟာ ဘာကြောင့် အရေးကြီး​သလဲ

  • နှိမ့်ချ​ခြင်းက ဆက်ဆံရေး ကောင်း​စေတယ်။ “တကယ်တော့ စိတ်နှိမ့်ချသူ​တွေဟာ လူ​ချစ်​လူ​ခင်​ပေါ​ကြတယ်။ လူပေါင်းဆံ့​ကြတယ်” လို့ The Narcissism E​p​i​de​m​i​c စာအုပ်မှာ ဖော်ပြ​ထားတယ်။

  • နှိမ့်ချ​ခြင်းက သင့်​ကလေး​ရှေ့ရေး​ကို အကျိုးပြု​တယ်။ “နှိမ့်ချ​တတ်အောင် သင်ယူခြင်းက သင့်​ကလေးကို လောလောဆယ် အကျိုးပြု​သလို နောင်​လူကြီး​ဘဝမှာ​ပါ အလုပ်အကိုင် ရှာဖွေ​တဲ့အခါ အကျိုးပြု​မယ်။ “ကိုယ့်​အားနည်းချက်တွေကို မသိဘဲ စိတ်​ကြီး​ဝင်​နေတဲ့ လူငယ်ဟာ အလုပ် လူတွေ့မေးမြန်း​မှု​မှာ အောင်မြင်နိုင်​စ​ရာ​အကြောင်း နည်းတယ်။ လူတွေ့မေးမြန်း​တာ​ကို စိတ်ဝင်တစား​ရှိတဲ့ လူငယ်​ကတော့ အလုပ်​ရဖို့ ပို​များတယ်” * လို့ ဒေါက်တာ လီ​ယို​နတ် ဆက်ရေးတယ်။

နှိမ့်ချ​တတ်အောင် သင်ပေး​နိုင်ပုံ

ကိုယ့်ကိုယ်ကိုယ် မျှမျှတတ ရှုမြင်​တတ်အောင် အားပေးပါ။

ကျမ်းစာ အခြေခံ​မူ။ “ဘာမှ မဟုတ်ဘဲ​နဲ့ ကိုယ့်ကိုယ်ကိုယ် အရေးပါ​သူ​လို့ ထင်နေရင် ကိုယ့်ကိုယ်ကိုယ် လှည့်စား​နေတာပဲ။”—ဂလာတိ ၆:၃

  • လွဲမှားတဲ့ နီ​တိ​တွေကို ရှောင်ပါ။ “မင်းရဲ့ စိတ်ကူး​အိပ်မက်​အားလုံး တကယ် ဖြစ်လာနိုင်တယ်၊” “မင်း​ဖြစ်ချင်တဲ့​အတိုင်း ဘာ​မဆို ဖြစ်နိုင်တယ်” ဆိုတဲ့ အပြောအဆို​တွေဟာ စေ့ဆော်မှု​ကောင်း ဖြစ်ပုံရ​ပေမဲ့ လက်တွေ့​ဘဝမှာ တကယ်​ဖြစ်​လာလေ့​မရှိဘူး။ လက်တွေ့ကျတဲ့​ပန်းတိုင်တွေ ချပြီး ကြိုးစားမှ​သာ ကလေးတွေ ပို​အောင်မြင်​နိုင်မယ်။

  • တိတိကျကျ ချီးမွမ်း​ပေးပါ။ “တော်​လိုက်တာ” လို့ ပြောရုံနဲ့ နှိမ့်ချ​တတ်လာ​မှာ မဟုတ်ဘူး။ တိတိကျကျ ချီးမွမ်း​ပေးပါ။

  • သင့်​ကလေး လူမှု​မီဒီယာ အသုံးပြုမှု​ကို ကန့်သတ်​ပေးပါ။ လူမှု​မီဒီယာ​ဟာ ကိုယ့်​အစွမ်းအစတွေ၊ ပြီးမြောက်​အောင်မြင်မှုတွေကို ကြော်ငြာ​ခြင်း၊ ကိုယ့်​ဂုဏ်​ကိုယ်​ဖော်​ခြင်းနဲ့ ဆက်စပ်လေ့​ရှိတယ်။ နှိမ့်ချခြင်းနဲ့ လုံးဝ ဆန့်ကျင်တယ်။

  • ချက်ချင်း တောင်းပန်​တတ်အောင် သင့်​ကလေးကို အားပေးပါ။ သင့်ကလေး ဘယ်​နေရာမှာ မှားသွား​သလဲ​ဆိုတာ သိမြင်ပြီး ဝန်ခံ​တတ်အောင် ကူညီ​ပေးပါ။

ကျေးဇူး​သိ​တတ်အောင် ကူညီ​ပေးပါ။

ကျမ်းစာ အခြေခံ​မူ။ “ကျေးဇူး​သိ​တတ်ကြ​ပါ။”—ကောလောသဲ ၃:၁၅

  • ဖန်ဆင်းရာတွေ​အတွက် ကျေးဇူး​သိ​တတ်​ပါ။ ကျွန်တော်တို့ ဆက်​ရှင်သန်​ရပ်တည်​ဖို့ သဘာဝ​လောက​အပေါ် မှီခို​နေရတဲ့​အတွက် လေးမြတ်​သင့်တယ်။ အသက်ရှူ​ဖို့ လေ၊ သောက်ဖို့ ရေ၊ စားဖို့ အစားအစာ လိုအပ်တယ်။ အံ့ဖွယ်​သဘာဝ​လောက​အတွက် ကျေးဇူးတင်​လေးမြတ်စိတ် ဝင်​စေမယ့် ဥပမာ​တွေ သုံးပါ။

  • လူတွေကို ကျေးဇူး​သိ​တတ်​ပါ။ လူတိုင်းဟာ ကိုယ့်ထက် တစ်နည်းနည်းနဲ့ သာလွန်​ကြောင်း၊ တခြား​သူတွေရဲ့ ကျွမ်းကျင်မှု​တွေ၊ စွမ်းရည်တွေကို မနာလို မဖြစ်​ဘဲ သူတို့ဆီက သင်ယူ​နိုင်ကြောင်း သင့်​ကလေးကို သတိ​ပေးပါ။

  • ကျေးဇူးတင်ကြောင်း ပြောပါ။ ပါးစပ်ဖျား​နဲ့ “ကျေးဇူးတင်ပါတယ်” လို့ ပြော​ရုံ မဟုတ်ဘဲ စိတ်ရင်းမှန်နဲ့ ပြော​တတ်အောင် သင့်​ကလေးကို သင်ပေးပါ။ ကျေးဇူးတင်​တတ်တဲ့​စိတ်​က နှိမ့်ချ​တတ်​စေတယ်။

သူတစ်ပါး​အကျိုး ဆောင်ပေး​ခြင်းက တန်ဖိုး​ရှိကြောင်း သားသမီးတွေကို သင်ပေးပါ။

ကျမ်းစာ အခြေခံ​မူ။ “စိတ်​နှိမ့်ချ​ကြပါ၊ သူတစ်ပါး​ကို ကိုယ့်ထက်​သာတယ်လို့ သဘော​ထားပါ။ ကိုယ့်​အကျိုးကို​ပဲ အာရုံ​မစိုက်ပါနဲ့၊ သူတစ်ပါး​အကျိုးကို​လည်း ထည့်​စဉ်းစား​ပေးကြပါ။”—ဖိလိပ္ပိ ၂:၃၊ ၄

  • သင့်​ကလေးကို အိမ်မှုကိစ္စ​တွေ ဝိုင်းလုပ်​ခိုင်းပါ။ အိမ်မှုကိစ္စ​တွေ မခိုင်းခြင်းက ‘ဒီလို​နိမ့်ကျတဲ့​အလုပ်တွေ လုပ်စရာ မဟုတ်ဘူး’ လို့​အထင်​ရောက်​သွား​စေနိုင်တယ်။ အိမ်​အလုပ်ကို ဦးစား​ပေးရမယ်။ ပြီးမှ ကစား​ရမယ်။ အိမ်မှုကိစ္စ ဝိုင်းကူ​ခြင်းက တခြား​သူတွေကို ကူညီ​ရာ​ရောက်သလို တခြား​သူတွေရဲ့ ကျေးဇူးတင်​လေးစားမှု​လည်း ရစေတယ်။

  • သူတစ်ပါး​အကျိုး ဆောင်ခြင်း​ဟာ အခွင့်ထူး​ဖြစ်ကြောင်း အလေးအနက် ပြောပြပါ။ သူတစ်ပါး​အကျိုးဆောင်​ခြင်းက ရင့်ကျက်​လာ​စေတယ်။ ဒါကြောင့် အကူအညီ လို​နေသူတွေကို သိမြင်​တတ်အောင် ကူညီ​ပေးပါ။ ဘယ်လို ကူညီပေး​မလဲ​ဆိုတာ သင့်​ကလေးနဲ့ ဆွေးနွေးပါ။ သူတစ်ပါး​အကျိုး ဆောင်ပေးတဲ့​အခါ ချီးမွမ်း​ကူညီ​ပေးပါ။

^ အပိုဒ်၊ 8 The Collapse of P​are​n​t​in​g စာအုပ်​မှ ကောက်နုတ်​ချက်။