မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၁

ချုပ်တည်းခြင်းရဲ့ အကျိုးကျေးဇူးများ

ချုပ်တည်းခြင်းရဲ့ အကျိုးကျေးဇူးများ

ချုပ်တည်းခြင်း​ဆိုတာ ဘာလဲ

ချုပ်တည်းခြင်း​မှာ အောက်ပါ​စွမ်းရည်တွေ ပါဝင်တယ်–

  • စောင့်ဆိုင်း​တတ်​ခြင်း

  • စိတ်​လိုက်​မာန်​ပါ မပြုလုပ်ခြင်း

  • မနှစ်သက်တဲ့ အလုပ်​တာဝန်ကို ပြီးစီး​ခြင်း

  • သူတစ်ပါး​ကို ဦးစား​ပေး​တတ်​ခြင်း

ချုပ်တည်းခြင်း​ဟာ ဘာကြောင့် အရေးကြီး​သလဲ

ချုပ်တည်း​တတ်တဲ့ ကလေးတွေဟာ သွေးဆောင်မှု၊ မက်​လောက်​စရာ သွေးဆောင်မှုမျိုးကိုတောင် တွန်းလှန်​နိုင်ကြတယ်။ ချုပ်တည်းမှု နည်းတဲ့​ကလေးတွေ​ကတော့

  • ရန်လို​တတ်ကြတယ်

  • စိတ်ကျ​ဝေဒနာ ခံစား​ကြရတယ်

  • ဆေးလိပ်၊ အရက်၊ မူးယစ်​ဆေး သုံးစွဲ​တတ်ကြတယ်

  • အာဟာရ​မရှိတာ​တွေ စား​တတ်ကြတယ်

ချုပ်တည်း​တတ်တဲ့ ကလေးတွေဟာ လူကြီး​ဘဝမှာ ကျန်းမာရေး ပြဿနာ၊ ငွေကြေး​ပြဿနာ အဖြစ်နည်း​ကြတယ်၊ ဥပဒေ​လိုက်နာသူ​တွေ ဖြစ်ကြတယ်​လို့ လေ့လာမှု​တစ်ခုက ဖော်ပြတယ်။ လေ့လာမှု​ကို ဦးဆောင်​သူ၊ ပင်စီဗေးနီးယား တက္ကသိုလ် ပါမောက္ခ အန်ဂျလာ ဒတ်ခ်ဝတ်က “ချုပ်တည်း ‘လွန်း​တယ်’ ဆိုတာ မရှိဘူး” လို့ ပြောတယ်။

ချုပ်တည်း​တတ်အောင် သင်ပေး​နိုင်ပုံ

ငြင်း​တတ်အောင် သင်ယူပါ။

ကျမ်းစာ အခြေခံ​မူ။ “ဟုတ်​ရင် ‘ဟုတ်တယ်၊’ မဟုတ်​ရင် ‘မဟုတ်ဘူး’ ဒါ​ပဲ ပြောပါ။”—မဿဲ ၅:၃၇

ကလေးတွေဟာ လူရှေ့​သူ​ရှေ့ ဂျီကျပြီး မိဘရဲ့​စိတ်​ကို အကဲစမ်း​ကောင်း​စမ်း​နိုင်တယ်။ မိဘ​က လိုက်လျော​ပေးလိုက်ရင် ဂျီ​တိုက်လိုက်တာနဲ့ လိုချင်တာ ရ​နိုင်တယ်လို့ ကလေး ယူဆ​သွားမယ်။

မိဘ​က ငြင်း​တဲ့​အတိုင်း အလျှော့မပေး​ရင် ကိုယ်​လိုချင်တာ​ကို အမြဲ မရနိုင်ဘူး​ဆိုတဲ့ အချက်ကို ကလေး သိသွားမယ်။ “ဒီ​အချက်ကို သိသွားတဲ့​လူတွေဟာ ပျော်ရွှင်​ကျေနပ်မှု အရ​ဆုံး​သူတွေ ဖြစ်တယ်။ ကလေး လိုချင်တာ​မှန်သမျှကို ဖြည့်ဆည်း​ပေးနေ​ရင် ချစ်​ရာ​မ​ရောက်​ဘဲ နှစ်​ရာ​ရောက်​သွားမယ်” * လို့ ဒေါက်တာ ဒေးဗစ် ဝေါ့ရှ် ပြောတယ်။

အလို​မလိုက်​ဘဲ ငြင်း​စ​ရာ​ရှိတာ ငြင်း​လိုက်ရင် ကလေး ကြီးပြင်း​လာတဲ့အခါ ကိုယ်တိုင် ငြင်း​တတ်လာမယ်။ ဥပမာ၊ မူးယစ်​ဆေး သုံးဖို့၊ လက်မထပ်ခင် လိင်ဆက်ဆံ​ဖို့၊ တခြား​အကျင့်ဆိုး​တွေ ကျင့်​ဖို့ သွေးဆောင်​ခံရတဲ့​အခါ ငြင်း​တတ်လာမယ်။

ကောင်းကျိုး၊ ဆိုးကျိုး ရှိကြောင်း သင့်​ကလေးတွေကို နားလည်​စေပါ။

ကျမ်းစာ အခြေခံ​မူ။ “လူဟာ မျိုးစေ့ကြဲ​တဲ့​အတိုင်း ရိတ်သိမ်း​ရလိမ့်မယ်။”—ဂလာတိ ၆:၇

လုပ်ရပ်​တိုင်းမှာ အကျိုးဆက်​ရှိကြောင်း၊ တ​ဇွတ်ထိုး လုပ်ရင် ဆိုးကျိုး​တွေ ခံစားရ​ကြောင်း သင့်​ကလေး နားလည်​ထားဖို့ လိုတယ်။ ဥပမာ၊ အလိုမကျ​တာ​နဲ့ စိတ်ဆိုး​မယ်​ဆိုရင် သူ့ကို တခြားသူတွေ ရှောင်ဖယ်​နိုင်တယ်။ စိတ်ဆိုးရင်တောင်မှ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ရှိရင်၊ ကြားဖြတ်​မပြော​ဘဲ စိတ်ရှည်ရှည် စောင့်ဆိုင်း​တတ်​ရင် သူ့ကို လူတွေ ပို​ခင်​လာ​ကြမယ်။ ချုပ်တည်း​တတ်အောင် လေ့ကျင့်​ထားရင် ကောင်းကျိုးတွေ ခံစားနိုင်​စ​ရာ​များ​ကြောင်း သင့်​ကလေးကို နားလည်​စေပါ။

အဓိက​နဲ့ သာမည ခွဲ​တတ်အောင် သင့်​ကလေးကို သင်ပေးပါ။

ကျမ်းစာ အခြေခံ​မူ။ “ပို​အရေးကြီးတဲ့​အရာတွေကို ပိုင်းခြား​သိနိုင်​ကြ” ပါ။—ဖိလိပ္ပိ ၁:၁၀

ချုပ်တည်းခြင်း​ဆိုတာ အမှား​မလုပ်ဘဲ နေခြင်း​သာ မဟုတ်ဘူး။ မ​လုပ်ချင်​ရင်တောင် လုပ်သင့်လုပ်ထိုက်​တာ​ကို လုပ်ခြင်း ပါဝင်တယ်။ အဓိက​နဲ့ သာမည​ကို ခွဲခြား​လုပ်ဆောင်​တတ်အောင် လေ့ကျင့်​ထားဖို့ အရေးကြီးတယ်။ အရေးကြီး​တာ​ကို ဦးစား​ပေး​လုပ်တတ်​ပါစေ။ ဥပမာ၊ ဆော့​ကစားခြင်း​ထက် အိမ်စာကို ဦးစား​ထားရမယ်။

စံနမူနာကောင်း ပြပါ။

ကျမ်းစာ အခြေခံ​မူ။ “ဒါဟာ ခင်ဗျားတို့​အတွက် ကျွန်တော်​ပြ​တဲ့ စံနမူနာ​ပဲ။ ကျွန်တော်​လုပ်​သလို ခင်ဗျားတို့ လိုက်​လုပ်ကြပါ။”—ယောဟန် ၁၃:၁၅

အဆင်မပြေမှု​တွေ၊ စိတ်ပျက်​စရာတွေ ကြုံ​တဲ့အခါ သင်​ပြုမူ​ပြောဆိုပုံကို ကလေးတွေ တွေ့မြင်ကြ​ပါ​မယ်။ ချုပ်တည်းခြင်းက အခြေအနေကို ပို​ကောင်းမွန်စေ​ကြောင်း အလုပ်နဲ့ ပြပါ။ ဥပမာ၊ သင့်​ကလေး​ကြောင့် စိတ်တို​စရာ ပေါ်လာတဲ့​အခါ ဒေါသ​နဲ့ တုံ့ပြန်​သလား၊ တည်တည်ငြိမ်ငြိမ် တုံ့ပြန်​သလား။

^ အပိုဒ်၊ 20 No: W​h​y K​i​d​s—of All Ages—N​e​e​d to He​a​r It and Ways Parents Can Say It စာအုပ်​မှ ကောက်နုတ်​ချက်။