မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစု​အတွက် အကူအညီ | အိမ်ထောင်ရေး

သားသမီးများ အသိုက်အမြုံ စွန့်ခွာသွားချိန်ဝယ်

သားသမီးများ အသိုက်အမြုံ စွန့်ခွာသွားချိန်ဝယ်

အခက်အခဲ

သားသမီး​တွေ အရွယ်ရောက်​လို့ အိမ်က​ ထွက်ခွာ​သွားတဲ့​အခါ မိဘတွေ အကြီးအကျယ် အခက်တွေ့​လေ့ရှိတယ်။ သားသမီး​တွေ မရှိတော့​တဲ့အခါ မိဘ​နှစ်ဦး​ဟာ သူစိမ်း​တွေလို ဖြစ်​ကျန်ရစ်​ခဲ့တယ်။ “ကိုယ့်​အိမ်ထောင်ဖက်​နဲ့ တရင်းတနှီး​ပြန်​ဖြစ်ဖို့ ဘယ်လို​လုပ်​ရ​မှန်း​မသိ​သူ အများကြီး​ကို ကျွန်တော် အကြံပေး​ဖူးတယ်။ အခု သားသမီး​တွေ မရှိတော့ [မိဘတွေ] တစ်ယောက်​နဲ့​တစ်ယောက် စကား​သိပ်​မပြော​ဖြစ်ကြ​တော့ဘူး” လို့ မိသားစု​အတိုင်ပင်ခံ အမ်. ဂယ်ရီ ပြောတယ်။ *

သင့်​အိမ်ထောင်​မှာ​ကော အဲဒီလိုဖြစ်နေ​ သလား။ ဖြစ်နေ​တယ်ဆိုရင် ဆက်ဆံရေး ပြန်ကောင်း​အောင် လုပ်နိုင်ပါတယ်။ ဦးဆုံး၊ လင်​နဲ့​မယား ခပ်စိမ်းစိမ်း​ဖြစ်စေ​နိုင်တဲ့ အကြောင်းရင်း​တချို့ကို သုံးသပ်ကြည့်ပါ။

အကြောင်းရင်း​များ

နှစ်​နဲ့​ချီ​ပြီး ကလေးတွေကို ဦးစားပေး​ရတယ်။ မိဘများ​စွာ​ဟာ ကိုယ့်​အရေး​ထက် သားသမီး​တွေရဲ့ လိုအပ်ရာ​ကို စေတနာထား ဖြည့်ဆည်း​ပေးကြတယ်။ မိဘ​တာဝန် ထမ်းဆောင်​နေရတာ​နဲ့​ပဲ လင်မယား​နှောင်ကြိုး ပြေလျော့​လာတယ်။ အဲဒီလို ဖြစ်နေ​မှန်း သားသမီး​တွေ မရှိတော့​မှ သိသာ​လာတယ်။ “ကလေးတွေ​ရှိ​တုန်းက​တော့ ကျွန်မတို့ မိသားစု​လိုက် လုပ်ဆောင်ကြ​တ​ယ်။” ကလေးတွေ အိမ်​က​နေ ထွက်သွား​ပြီးနောက် “ကျွန်မတို့​ဟာ ပြဒါး​တစ်လ​မ်း သံ​တစ်လ​မ်း​ပဲ” လို့ အသက် ၅၉ နှစ်အရွယ် မိခင်​တစ်ဦး ပြောတယ်။ “ရှင်​နဲ့​ကျွန်မ ဘယ်တော့မှ အစေးမကပ်ဘူး” လို့တောင် ယောက်ျား​ကို ပြော​ဖူးတယ်။

မောင်နှံစုံ​တချို့ဟာ အဲဒီ​ဘဝအခြေအနေ​သစ်​နဲ့ အလိုက်သင့် နေ​တတ်ဖို့ မပြ​င်​ဆင်​ထားဘူး။ “မောင်နှံစုံ​အများစုဟာ အိမ်ထောင်ကျ​ခါ​စ​လို ပြန်​ဖြစ်သွား​တ​ယ်” လို့ ခြောက်ကပ်​သွားတဲ့​ရိပ်မြုံ ဆိုတဲ့​စာအုပ်​မှာ ဖော်ပြတယ်။ မောင်နှံ​အများစုဟာ ညှိ​မရ​တာ​များ​လာတယ်​လို့ ခံစားရ​ပြီး ကိုယ်​ကြိုက်​တာ ကိုယ်​လုပ်​တဲ့အခါ အိမ်ထောင်ဖက်​တွေလို မဟုတ်​တော့​ဘဲ အခန်းဖော်​တွေလို ဖြစ်​လာကြတယ်။

ဝမ်းသာစရာ​က​တော့ အဲဒီလို​အဖြစ်မျိုး​ကို ရှောင်နိုင်​တဲ့အပြင် ဒီ​အခြေအနေ​သစ်​က​နေ အကျိုးကျေးဇူး​တောင် ရနိုင်​ပါတယ်။ အဲဒီလို​လုပ်နိုင်​အောင် ကျမ်းစာက ကူညီပေး​နိုင်တယ်။ ဘယ်လိုနည်းနဲ့​လဲ။

လုပ်ဆောင်နိုင်ရာ

အပြောင်းအလဲ​ကို လက်ခံဖို့ စိတ်ပိုင်းဖြတ်​ထားပါ။ အရွယ်ရောက်​တဲ့ သားသမီး​တွေနဲ့​ပတ်သက်ပြီး “ယောက်ျား​က မိဘ​ကို​ထားခဲ့ . . . လိမ့်မယ်” လို့ ကျမ်းစာ​ပြောတယ်။ (ကမ္ဘာဦး ၂:၂၄) မိဘတွေရဲ့ တာဝန်​က သားသမီး​တွေ အတောင်​စုံ​လို့ စွန့်ခွာ​သွား​မယ့်​အချိန်​အတွက် လေ့ကျင့်ပေး​ပြီး ကိုယ့်​ခြေ​ပေါ် ကိုယ်​ရပ်တည်​နိုင်တဲ့​အထိ စွမ်းရည်တွေ ရှိလာ​အောင် ကူညီ​ပေးဖို့ပဲ။ အဲဒီလို​သဘောထား​ရင် သားသမီး​တွေ အိမ်​က​နေ ထွက်ခွာ​သွားတာကို ဂုဏ်ယူ​စရာ​လို့ ရှုမြင်​နိုင်​ပါလိမ့်မယ်။—ကျမ်းစာအကြံပြုချက်– မာကု ၁၀:၇

သင်ဟာ သားသမီး​တွေအတွက် ထာဝရ မိဘ​ဖြစ်နေ​မှာပါ။ ဒါပေမဲ့ အုပ်ထိန်းသူ​မဟုတ်​တော့​ဘဲ အကြံပေး​သူ​ဖြစ်သွား​ပြီ။ ဒီလို​အခြေအနေ​ပြောင်း​သွားပေ​မဲ့ သားသမီး​တွေနဲ့ ရင်းရင်းနှီးနှီး ဆက်​နေနိုင်​ပါတယ်။ တစ်ချိန်​တည်းမှာ ကိုယ့်​အိမ်ထောင်ဖက်​ကိုလည်း ဦးစားပေး​နိုင်ပါတယ်။ *—ကျမ်းစာအကြံပြုချက်– မဿဲ ၁၉:၆

စိုးရိမ်ပူပန်​စရာ​တွေကို ရင်ဖွင့်​ပါ။ ဒီ​အခြေအနေ​အပြောင်းအလဲ​ကြောင့် သင် ဘယ်လို​ခံစားရ​တယ်ဆိုတာ အိမ်ထောင်ဖက်​ကို ပြောပြပါ။ သူ့​ခံစားချက်တွေ ရင်ဖွင့်​တဲ့အခါမှာလည်း နားထောင်ပေး​ပါ။ စိတ်ရှည်​ပါ၊ နားလည်​ပေးပါ။ လင်​နဲ့​မယား သံယောဇဉ်​နှောင်ကြိုး ခိုင်မြဲ​ဖို့ အချိန်ယူ​ရမှာ ဖြစ်ပေမဲ့ ကြိုးစားရကျိုးနပ်​ပါတယ်။—ကျမ်းစာအကြံပြုချက်– ၁ ကောရိန္သု ၁၃:၄

မလုပ်ဖူး​တာတွေကို အတူ​လုပ်​ကြည့်ပါ။ အတူ​လုပ်ချင်​တာ​တွေ၊ အတူ​စူးစမ်းလေ့လာ​ချင်​တာတွေကို ပြောဆို​ကြပါ။ ကလေးတွေကို ပြုစုစောင့်ရှောက်​ခဲ့ရ​တော့ သင်တို့​မှာ အတွေ့အကြုံ အများကြီး​ရှိနေ​ပြီ။ အဲဒီ​အတွေ့အကြုံ​တွေကို သုံးပြီး တခြားသူတွေကို ကူညီ​ပါ။—ကျမ်းစာအကြံပြုချက်– ယောဘ ၁၂:၁၂

သင့်​သစ္စာကတိ​ကို တည်စေ​ပါ။ တစ်ဦးကို​တစ်ဦး ဘယ်အရည်အသွေးတွေ​ကြောင့် ချစ်​သွားတာ​လဲ​ဆိုတာ ပြန်​စဉ်းစားပါ။ ဘဝကို အတူ​ဖြတ်သန်း​ခဲ့​ပုံ၊ အခက်အခဲ​တွေ ရင်ဆိုင်ဖြေရှင်း​ခဲ့​ပုံကို ပြန်​စဉ်းစားပါ။ ဒီလိုနဲ့ သင်တို့​ရဲ့ ဘဝစာမျက်နှာ​သစ်​ဟာ လှပတင့်တယ်​နိုင်ပါတယ်။ တူ​နှစ်ကို​ယ်​ကြိုးစား​သွားမယ်​ဆိုရင် သင့်​အိမ်ထောင် ပိုသာ​ယာ​လာမယ်၊ အရင်က​ရှိခဲ့​တဲ့ မေတ္တာ ပြန်လည် ရှင်သန်​လာပါလိမ့်မယ်။

^ စာပိုဒ်၊ 4 Emotional Infidelity စာအုပ်​မှ။

^ စာပိုဒ်၊ 12 သားသမီးတွေကို ပြုစုစောင့်ရှောက်​နေရ​တုန်းပဲ​ဆိုရင် သင်​နဲ့ သင့်​အိမ်ထောင်ဖက်​ဟာ “တစ်​သား​တစ်ကိုယ်တည်း” ဆိုတာ မမေ့​ပါနဲ့။ (မာကု ၁၀:၈) သားသမီး​တွေဟာ မိဘတွေ ချစ်ချစ်ခင်ခင်​ရှိ​နေတာကို မြင်တဲ့အခါ လုံခြုံ​တယ်လို့ ခံစားရ​တ​ယ်။