မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံး​အကြောင်းအရာ

သင် အလုပ် သိပ်များနေသလား

သင် အလုပ် သိပ်များနေသလား

အလုပ် သိပ်​များ​တယ်လို့ သင် ခံစားနေရ​သလား။ သင်​တစ်ယောက်တည်း အဲဒီလို​ခံစား​နေရတာ မဟုတ်ပါဘူး။ “ဘယ်​နေရာ​ကြည့်​ကြည့် လူတိုင်း အလုပ်များ​နေ​ပုံ​ရတယ်” လို့ စီးပွားရေး​မဂ္ဂဇင်း​​တစ်စောင်မှာ ဖော်ပြတယ်။

နိုင်ငံ​ရှစ်​နိုင်ငံမှာ​ရှိတဲ့ အချိန်ပြည့်​လုပ်သား​တွေကို ၂၀၁၅ ခုနှစ်​မှာ စစ်တမ်း​ကောက်​တဲ့အခါ လူအများစုက အလုပ်ခွင်​နဲ့ အိမ် နှစ်ခုစလုံး​ရဲ့​တာဝန်ကို ထမ်းဆောင်ဖို့​ ခက်တယ်​လို့ ဖြေ​တ​ယ်။ အလုပ်ခွင်​နဲ့ အိမ်​မှာ လုပ်စရာတွေ​ များ​လာ​တာ၊ ကုန်ကျစရိတ် များ​လာ​တာ၊ အလုပ်ချိန်​များ​လာ​တာ​ကြောင့် ဖြစ်တယ်။ ဥပမာ၊ အမေရိကန်​ပြည်ထောင်စု​မှာ အချိန်ပြည့်​လုပ်သား​တွေဟာ တစ်ပတ်​မှာ ပျမ်းမျှ​ ၄၇ နာရီ အလုပ်လုပ်​ရတယ်။ ၅ ယောက်​မှာ ၁ ယောက်လောက်​က နာရီ ၆၀ နဲ့​အထက် အလုပ်လုပ်​ရတယ်။

နိုင်ငံ​ ၃၆ ခု​ပါဝင်တဲ့ နောက်​စစ်တမ်း​တစ်ခု​အရ လုပ်သား​ ၄ ယောက်​မှာ ၁ ယောက်​ထက်မက​ဟာ အားလပ်​ချိန်မှာ​တောင် အေးအေးဆေးဆေး မနေ​ရဘူး​လို့ ပြောတယ်။ လုပ်စရာ​တွေ များ​လွန်း​ရင် ကလေး​တွေကိုလည်း ထိခိုက်မှု​ရှိ​နိုင်တယ်။

အလုပ်ကို လိုတာ​ထက် ပို​လုပ်ဖို့ ကြိုးစား​တဲ့အခါ စိတ်ဖိစီးမှု များ​လာနိုင်တယ်။ ဟန်ချက်ညီ​ညီ နေထိုင်​ဖို့ဆိုတာ ဖြစ်နိုင်​သလား။ ကျွန်တော်တို့ရဲ့ ယုံကြည်မှု၊ ရွေးချယ်မှု​နဲ့ ပန်းတိုင်တွေ​ဟာ ဘယ်လောက် အရေးပါ​သလဲ။ ဦးဆုံး၊ တချို့​သူတွေ အလုပ်​သိပ်​များ​ရတဲ့ အကြောင်းရင်း လေးခု​ကို သုံးသပ်ကြည့်ပါ။

၁ မိသားစု​ကို ကောင်းကောင်း ထောက်ပံ့​ပေး​လို​ခြင်း

“ကျွန်တော် တစ်ပတ်​မှာ ခုနစ်​ရက် အလုပ်​လုပ်တယ်။ ကလေးတွေကို အကောင်းဆုံး​အရာတွေ ဖြည့်ဆည်း​ပေးချင်​လို့ပဲ။ ကျွန်တော် မရ​ခဲ့ဖူးတဲ့​အရာတွေ သူတို့ကို ရစေချင်တယ်” ဆိုပြီး ဂယ်ရီ​ဆိုတဲ့ ဖခင်​တစ်ဦး ပြောတယ်။ မိဘတွေ​အနေနဲ့ အဲဒီလို​စိတ်ထား​ရှိတာ ကောင်းပေမဲ့​ ဦးစားထားရာ​တွေကို ပြန်​ဆန်းစစ်​ဖို့ လိုတယ်။ လေ့လာတွေ့ရှိချက်​တွေ​အရ ငွေ​နဲ့ ရုပ်ပစ္စည်း​ကို အလေးထား​လွန်း​တဲ့ လူကြီးလူငယ်​တွေဟာ အလေးမထား​တဲ့သူ​တွေ​လောက် မကျန်းမာ​ဘူး၊ ပျော်​ရွ​င်​ကျေနပ်မှု မရှိကြ​ဘူး။

ရုပ်ပစ္စည်း​ကို အလေးထား​တဲ့​မိသားစု​မှာ ကြီးပြင်း​လာတဲ့ ကလေးတွေဟာ ပျော်ရွှင်မှု သိပ်​မခံစား​ရဘူး

မိဘ​တချို့ဟာ သားသမီး​တွေ ကောင်းစား​ဖို့ ကိုယ်တိုင် အလုပ်​ဖိ​လုပ်​တဲ့အပြင် သားသမီးတွေကို​လည်း မ​နိုင်​ဝန် ထမ်း​ခိုင်း​တတ်ကြတယ်။ အဲဒါကြောင့် မိဘ​ရော သားသမီး​တွေပါ စိတ်ပန်းလူပန်း ဖြစ်ကြ​ရတယ်။

၂ ‘များ​လေ ကောင်း​လေ’ ဆိုပြီး ယူဆ​ခြင်း

နောက်ဆုံး​ပေါ်​ပစ္စည်း​တွေကို မဝယ်​ဘူးဆို​ရင် ဆုံးၡုံးနစ်နာ​နေ​ပြီ​လို့ ကြော်ငြာတွေ​က အယုံသွင်း​တ​ယ်။ “ပစ္စည်း​အသစ်​တွေ များ​လွန်း​လို့” ရတဲ့​အချိန်​လေး​အတွင်းမှာ “ဘာ​ဝယ်​ရ​မလဲ၊ ဘာ​ကြည့်ရ​မလဲ၊ ဘာ​စား​ရ​မလဲ ရွေး​နေတာ​နဲ့​ပဲ အချိန်​မ​လောက်​နိုင်​ဘူး” လို့ စီးပွားရေး​မဂ္ဂဇင်း​တစ်စောင်​မှာ ဖော်ပြတယ်။

၁၉၃​၀ ပြည့်နှစ်​မှာ နာမည်ကြီး စီးပွားရေး​ပညာရှင်​တစ်ဦး​က နည်းပညာ​တိုးတက်​လာတဲ့အတွက် အလုပ်သမား​တွေ အားလပ်ချိန် ပိုများ​လာမယ်​လို့ ခန့်မှန်း​တ​ယ်။ ဒါပေမဲ့​ တက်တက်​စင်​အောင် လွဲသွား​တ​ယ်။ New Yorker မဂ္ဂဇင်း ဆောင်းပါး​ရေးသူ အဲ​လ​စ်​ဇ​ဘက် ကော်​ဘာ့​တ်​ရဲ့ တွေ့ရှိချက်​အရ “လူတွေဟာ လိုအပ်တဲ့ ပစ္စည်း​အသစ်​တွေ ပိုများ​လာတဲ့အတွက် [အလုပ်] စောစော မ​နား​နိုင်​ဘူး။” အဲဒါတွေ​အတွက် ငွေ လို​လာတယ်၊ အချိန်​လည်း ပေး​ရတယ်။

၃ တခြားသူတွေရဲ့ နှစ်သက်မှု​ရဖို့ ကြိုးစားခြင်း

အလုပ်သမား​တချို့ဟာ အလုပ်ရှင် ငြိုငြင်​မှာ​စိုး​လို့​ အလုပ်ကို မနားတမ်း​လုပ်ကြတယ်။ ည​ဉ့်​နက်​တဲ့အထိ​ အလုပ်မလုပ်​ဘူးဆို​ရင် အပြစ်ရှိ​သလို​မျိုး ခံစားရ​အောင်​ အလုပ်ဖော်​တွေကလည်း ဖိအားပေး​လာနိုင်တယ်။ စီးပွား​ရေး​အဆင်​မပြေ​မှုကြောင့် အချိန်​များများ အလုပ်​လုပ်ကြရတယ်၊ အချိန်မရွေး အလုပ်လုပ်​ဖို့ အသင့်​ရှိနေ​ရတယ်။

မိဘတွေ​လည်း တခြား​မိသားစု​တွေလိုမျိုး အလုပ်​​ဗျာများ​နေဖို့ ဖိအားပေး​ခံရ​နိုင်တယ်။ အဲဒီလို​မလုပ်​လို့ သားသမီး​တွေ လူတန်း​စေ့ မနေ​နိုင်​ရင် အပြစ်​မကင်း​ဘူးလို့ ခံစားရ​နိုင်တယ်။

၄ ဂုဏ်​ရှိပြီး ကျေနပ်ပျော်ရွှင်မှု ခံစားရခြင်း

အမေရိကန်​ပြည်ထောင်စု​မှာ နေထိုင်တဲ့ တင်​မ်​က “အလုပ်ကို ကျွန်တော် မြတ်နိုး​တ​ယ်၊ အစွမ်းကုန် ကြိုးစား​လုပ်တယ်။ ကိုယ် ဘယ်လို​လူစား​ဖြစ်မှန်း အလုပ်​နဲ့​သက်သေပြ​ရမယ်လို့ ယူဆတယ်” ဆိုပြီး ပြောတယ်။

တင်​မ်​လိုပဲ ကိုယ်​ဘယ်လို​လူစား​လဲ​ဆိုတာ ကိုယ့်ရဲ့ အလုပ်​ပမာဏ​နဲ့ အများကြီး​ဆက်နွှယ်​တယ်လို့ လူအများ ယူဆကြတယ်။ “အလုပ်များ​တာဟာ လူ​ရာ​ဝင်​စေတယ်၊ ဂုဏ်​ရှိစေတယ်။ ပို​အလုပ်များ​လေ ပို​အရေးပါ​သူ ဖြစ်​ပုံ​ပေါက်​လေ​ပဲ” လို့ အဲ​လ​စ်​ဇ​ဘက် ကော်​ဘာ့​တ် ပြောတယ်။

ဟန်ချက်ညီ​အောင် ကြိုးစားပါ

ဝီရိယရှိ​ဖို့၊ အလုပ်ကြိုးစား​ဖို့ ကျမ်းစာ အားပေး​တယ်။ (ပညာအလိမ္မာ ၁၃:၄) ဒါပေမဲ့ ဟန်ချက်ညီ​ဖို့ လိုတယ်။ “လက်တစ်ဆုပ်​စာ အနားယူ​ရတာ​ဟာ လက်​နှစ်​ဆုပ်စာ တ​ပင်​တ​ပန်း လုပ်ဆောင်​ပြီး လေ​ကို​ဖမ်းဆုပ်​ဖို့ အားထုတ်​နေတာ​ထက် ပိုကောင်းတယ်” ဆိုပြီး ဒေသနာ ၄:၆ မှာ ပြောတယ်။

ဟန်ချက်ညီ​တဲ့ဘဝနဲ့ နေထိုင်​တာဟာ ကိုယ်​စိတ်​နှစ်ဖြာ​ ကျန်းမာ​စေတယ်။ ဒါပေမဲ့ အရှိန်​လျှော့​ဖို့ဆိုတာ ဖြစ်နိုင်​ပါ့​မလား။ ဖြစ်နိုင်​ပါတယ်။ အကြံပြုချက်​လေးခု​ကို သုံးသပ်ကြည့်ပါ–

၁ တန်ဖိုးထားရာ​တွေ၊ ပန်းတိုင်တွေကို သိအောင်​လုပ်ခြင်း

ဘယ်သူ​မဆို ငွေကြေး ဖူဖူလုံလုံ ရှိချင်ကြတယ်။ ဒါပေမဲ့ ငွေ​ဘယ်လောက်​ရှိ​မှ ဖူလုံ​တယ်လို့​ဆို​မလဲ။ အောင်မြင်​မှုကို ဘာ​နဲ့​တိုင်းတာ​သလဲ။ ဝင်ငွေ ဒါမှမဟုတ် ရုပ်ပစ္စည်း​ပိုင်ဆိုင်မှု​တွေနဲ့​လား။ တကယ်တော့ အလွန်အကျွံ အနားယူ၊ အပန်းဖြေ​ရင်​လည်း စိတ်ဖိစီးမှု တိုးများလာ​နိုင်တယ်။

“ကျွန်တော်တို့​ဇနီးမောင်နှံဟာ ကိုယ့်​ဘဝ​ပုံစံကို ပြန်သုံးသပ်​ပြီး ရိုးရိုးရှင်းရှင်း​နေဖို့ ဆုံးဖြတ်​ခဲ့ကြတယ်။ လက်ရှိ​အခြေအနေ​နဲ့ ပန်းတိုင်​အသစ်​တွေကို ချရေး​တ​ယ်။ အရင်က ဆုံးဖြတ်ချက်​တွေကြောင့် ဘယ်လို​ရလဒ်​တွေ ရခဲ့​သလဲ၊ ပန်းတိုင်တွေ ပြည့်မီ​အောင် ဘာ​လုပ်ဖို့​လို​သလဲ​ဆိုတာ ဆွေးနွေး​ခဲ့ကြတယ်” လို့ တင်​မ် ပြောပြတယ်။

၂ မြင်​တိုင်း ဝယ်​ချင်တဲ့​စိတ်​ကို ထိန်း​ပါ

“မျက်စိ​ရဲ့​အလိုဆန္ဒ” ကို ထိန်းချုပ်​ဖို့ ကျမ်းစာ အကြံပြု​တ​ယ်။ (၁ ယောဟန် ၂:၁၅-၁၇) ကြော်ငြာတွေ​က အဲဒီ​ဆန္ဒ​တွေကို နှိုးဆွ​ပေး​နိုင်တယ်။ အချိန်ပို အလုပ်လုပ်​ဖို့၊ အလွန်အကျွံ​အပန်းဖြေ​ဖို့၊ အကုန်အကျ​များတဲ့ အပန်းဖြေမှု​မှာပါ​ဝင်​ဖို့ တွန်းအားပေး​နိုင်တယ်။ ကြော်ငြာ​အားလုံး​ကိုတော့ ရှောင်လွှဲ​လို့​ရမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကန့်သတ်​နိုင်ပါတယ်။ သင် တကယ်​လိုအပ်ရာ ဟုတ်မဟုတ် အသေအချာ​သုံးသပ်​ပါ။

အပေါင်းအသင်း​ရဲ့ သြဇာ​ကိုလည်း လျှော့မတွက်​ပါနဲ့။ ရုပ်ပစ္စည်း​နောက် ကောက်​ကောက်​ပါ​အောင် လိုက်တဲ့​သူ၊ ရုပ်ပစ္စည်း​ပေါ်မူတည်ပြီး အောင်မြင်မှု တိုင်းတာ​သူ​ကို ရှောင်​ပါ။ ဦးစား​ထား​သင့်​ရာကို ဦးစားထား​တဲ့ မိတ်ဆွေတွေ​ကိုပဲ ရွေး​ပေါင်း​ပါ။ “ဉာဏ်​ပညာရှိ​သူနဲ့ ပေါင်းဖော်​ရင် ဉာဏ်​ပညာရှိ​လာမယ်” လို့ ကျမ်းစာ​ပြောတယ်။—ပညာအလိမ္မာ ၁၃:၂၀

၃ အလုပ်​နဲ့ပတ်သက်ပြီး ကန့်သတ်​ပါ

သင့်​အလုပ်​နဲ့ ဦးစားထားရာ​တွေအကြောင်း အလုပ်ရှင်​ကို ပြောပြပါ။ အလုပ်​နဲ့​ကင်းကွာ​နေတာကို စိတ်​ကသိကအောက် မဖြစ်​ပါနဲ့။ “အလုပ်​ကိစ္စ​နဲ့ အိမ်ကိစ္စ​ကို သတ်သတ်​စီ ထားသူ​တွေ၊ ခွင့်ယူ​သူတွေဟာ အလုပ်မှာ ကိုယ်​မရှိ​တာနဲ့ ကမ္ဘာကြီး ပျက်​မသွား​ပါဘူး ဆိုတဲ့အချက်​ကို တွေ့ရှိ​ခဲ့ကြတယ်” ဆိုပြီး အသက်​ရှင်ဖို့ အလုပ်လုပ်​ခြင်း​ဆိုတဲ့ စာအုပ်​မှာ ဖော်ပြတယ်။

အထက်​မှာ​ဖော်ပြခဲ့တဲ့ ဂယ်ရီ​ဟာ ငွေကြေး​အဆင်ပြေ​တဲ့အတွက် အလုပ်ချိန်​ကို လျှော့​ဖို့ ဆုံးဖြတ်​ခဲ့တယ်။ “ဘဝကို ရိုးရိုးရှင်းရှင်း​ထား​ဖို့ မိသားစုနဲ့ တိုင်ပင်​တ​ယ်။ အဲဒီလို​နေနိုင်​အောင် တစ်ဆင့်​ချင်း လုပ်ဆောင်​တ​ယ်။ အလုပ်ချိန်​လျှော့​ပေးဖို့ အလုပ်ရှင်​ကို တောင်းဆို​တော့ သူ သဘောတူတ​ယ်” ဆိုပြီး ဂယ်ရီ ပြောတယ်။

၄ မိသားစု​ကို အချိန်ပေး​ပါ

ဇနီးမောင်နှံ​တွေဟာ တစ်ဦးကို​တစ်ဦး အချိန်ပေး​ဖို့လိုတယ်။ သားသမီးတွေကို​လည်း အချိန်ပေး​ဖို့လိုတယ်။ ဒါကြောင့် အမြဲတမ်း အလုပ်များ​နေတဲ့ တခြား​မိသားစု​တွေကို လိုက်​မတုပါ​နဲ့။ “အနားယူ​အပန်းဖြေ​ဖို့ အချိန်ဖယ်​ထားပါ၊ အရေး​မကြီး​တာတွေကို ဘေးချိတ်​ထား​လိုက်ပါ” လို့ ဂယ်ရီ အကြံပြု​တ​ယ်။

မိသားစု​လိုက် အတူ​ရှိနေ​ချိန်မှာ ရုပ်မြင်သံကြား၊ ဖုန်း၊ တခြား​ကိရိယာ​တွေကြောင့် နီး​လျက်​နဲ့​ဝေး​နေတာ​မျိုး မဖြစ်​ပါစေ​နဲ့။ တစ်ရက်​မှာ တစ်ခါ​လောက်​တော့ ထမင်း​လက်​ဆုံ​စား​ပါ။ ထမင်း​စားချိန်​မှာ မိသားစု​လိုက် စကား​ပြောဆိုပါ။ မိဘတွေ အဲဒီ​အတိုင်း​လုပ်​မယ်ဆိုရင် သားသမီး​တွေဟာ ပျော်ရွှင်​ကျန်းမာ​ပြီး ကျောင်း​မှာလည်း ထူးချွန်​လာမယ်။

ထမင်း​စားချိန်​မှာ မိသားစု​လိုက် စကား​ပြောဆိုပါ

‘ငါ ဘယ်လို​ဘဝမျိုး ပိုင်ဆိုင်​ချင်​သလဲ၊ မိသားစု​အတွက် ငါ ဘာလို​လား​သလဲ’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးပါ။ ပျော်ရွှင်​ပြီး အဓိပ္ပာယ်ပြည့်ဝ​တဲ့ ဘဝ ပိုင်ဆိုင်​ချင်​တယ်ဆိုရင် ကျမ်းစာမှာ​ပါတဲ့ အကြံပြုချက်​တွေ​အတိုင်း ဦးစားထားရာ​တွေကို ချမှတ်​ပါ။