မာတိကာဆီ ကျော်သွား

မိသားစုအတွက် အကူအညီ | အိမ်ထောင်ရေး

အသက်ကြီးမှ ကွာရှင်းတဲ့အဖြစ် မရောက်ရလေအောင်

အသက်ကြီးမှ ကွာရှင်းတဲ့အဖြစ် မရောက်ရလေအောင်

 ၁၉၉၀ ပြည့်နှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း အမေရိကန်က အသက် ၅၀ ကျော်အရွယ်တွေထဲမှာ ကွာရှင်းမှုနှုန်း နှစ်ဆမြင့်တက်လာပြီး ၆၅ နှစ်ကျော်အရွယ်တွေမှာတော့ သုံးဆမြင့်တက်လာတယ်။ ဘာဖြစ်လို့ အသက်ကြီးမှ ကွာရှင်းကြတာလဲ။ သင့်အိမ်ထောင်မှာ အဲဒီလိုမဖြစ်စေဖို့ ဘယ်လိုကာကွယ်နိုင်သလဲ။

ဒီဆောင်းပါးမှာ သိရမှာက

 ဘာအကြောင်းရင်းတွေကြောင့် အသက်ကြီးမှ ကွာရှင်းကြတာလဲ

  •    အသက်ကြီးမှ ကွာရှင်းကြတဲ့စုံတွဲအများစုက တစ်ယောက်နဲ့တစ်ယောက် တဖြည်းဖြည်း အစေးမကပ်ကြတော့တာ။ ကြာလေ ကွာဟချက်တွေများလေ၊ စိတ်ဝင်စားရာတွေ မတူလေ ဖြစ်လာတယ်။ တချို့ကျတော့လည်း ကလေးတွေကို ပြုစုပျိုးထောင်ရင်း ဖခင်မိခင်တာဝန်ကိုပဲ အာရုံစိုက်နေရတော့ အချိန်တန် အရွယ်ရောက်လို့ ကလေးတွေ အိမ်ကခွဲသွားတဲ့အခါ လင်ရယ်မယားရယ်ဆိုပြီး ဘယ်လိုနေရမှန်းမသိ ဖြစ်သွားတတ်ကြတယ်။

  •    နှစ်တွေတစ်လျှောက် အိမ်ထောင်ရေးအကြံပေးဆိုသူတွေကလည်း ကိုယ့်အတွက်ပဲ စဉ်းစားခိုင်းကြတယ်။ ‘ဒီအိမ်ထောင်ကြောင့် ငါ ပျော်ရရဲ့လား။’ ‘ငါ့ကို ပိုကောင်းတဲ့သူဖြစ်အောင်၊ အချစ်ခံရ၊ တန်ဖိုးထားခံရတယ်လို့ ငါ ခံစားရအောင် သူ လုပ်ပေးသလား။’ မဟုတ်ဘူးဆိုရင် ကိုယ့်အတွက် အကောင်းဆုံးလမ်းကိုသာ ရွေး၊ လမ်းခွဲပြီး ဘဝသစ်စလိုက်လို့ အကြံပေးတတ်ကြတယ်။

  •    လူတွေကလည်း ကွာရှင်းတာကို မကောင်းတဲ့အရာအဖြစ် မမြင်ကြတော့ဘူး။ လူမှုရေးဗေဒပညာရှင် အဲရစ် ကလင်နင်ဘက် အခုလိုရေးသားတယ်– “အရင်တုန်းကတော့ အိမ်ထောင်ဖက်နဲ့ ကွာရှင်းချင်ပြီဆိုရင် ကွာရှင်းချင်ရတဲ့ ခိုင်လုံတဲ့အကြောင်းရင်းကို ရှင်းပြရတယ်။ အခုတော့ ပြောင်းပြန်ဖြစ်သွားပြီ။ မပျော်ဘဲနဲ့ အိမ်ထောင်ဖက်နဲ့ ဆက်ပေါင်းနေတယ်ဆိုရင် ဆက်ပေါင်းရတဲ့အကြောင်းရင်းကို ပြန်ရှင်းပြနေရတယ်။ လူတွေက ကိုယ့်ဘက်ပဲ ကြည့်ခိုင်းနေကြတာ။” a

 ကွာရှင်းလိုက်လို့ ပြဿနာတစ်ခု အေးသွားပေမဲ့ နောက်တစ်ခု ပြန်ပေါ်လာတတ်တယ်။ ဥပမာ၊ “အသက်ကြီးမှ ကွာရှင်းသူတွေ၊ အထူးသဖြင့် အမျိုးသမီးတွေဟာ ငွေကြေးအခက်အခဲ အကြီးအကျယ် ကြုံရလေ့ရှိတယ်” လို့ လေ့လာမှုတစ်ခုက ဆိုတယ်။

 နောက်ထပ်စဉ်းစားစရာအချက်ကို စာအုပ်တစ်အုပ် (Don’t Divorce) မှာ အခုလိုရေးသားထားတယ်– “အသစ်ကနေ ပြန်စတာတော့ဟုတ်ပါပြီ။ ဒါပေမဲ့ ကိုယ်ကမှ လူသစ်တစ်ယောက် ဖြစ်မလာတာ။ အိမ်ထောင်ဖက်နဲ့ အဆင်မပြေဖြစ်စေခဲ့တဲ့ အပြောအဆိုတွေကို ပြောင်းလဲဖို့၊ သဘောထားချင်း မတိုက်ဆိုင်တဲ့အခါ ကောင်းကောင်းတုံ့ပြန်နိုင်ဖို့ ဘာတွေလုပ်ပြီးပြီလဲ။” b

 လုပ်ဆောင်နိုင်ရာ

  •   အပြောင်းအလဲကို လက်ခံပါ။ ဘယ်ဆက်ဆံရေးမှ တစ်သမတ်တည်း ရှိမနေပါဘူး။ သားသမီးတွေ အိမ်ကခွဲသွားလို့ ဒါမှမဟုတ် အိမ်ထောင်ဖက်နဲ့ စိတ်ဝင်စားရာတွေ မတူတော့လို့ ဆက်ဆံရေးအခြေအနေ ပြောင်းလဲသွားနိုင်တယ်။ အရင်အခြေအနေကိုပဲ တွေးနေမယ့်အစား လက်ရှိအခြေအနေကို တိုးတက်ကောင်းမွန်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားပါ။

     ကျမ်းစာအခြေခံမူ။ “‘အရင်ခေတ်က အခုခေတ်ထက် ပိုကောင်းတယ်’ လို့မပြောပါနဲ့။ အဲဒီလိုပြောတာက ဉာဏ်ပညာရှိရာ မရောက်ဘူး။”—ဒေသနာ ၇:၁၀

  •   အိမ်ထောင်ဖက်နဲ့ ပိုရင်းနှီးလာအောင်လုပ်ပါ။ အိမ်ထောင်ဖက် စိတ်ပါဝင်စားတဲ့အရာကို လေ့လာဆည်းပူးကြည့်နိုင်သလို ကိုယ်စိတ်ဝင်စားတဲ့အရာကို အတူလုပ်ကြည့်ဖို့ သူ့ကို ဖိတ်ခေါ်နိုင်တယ်။ ဒါမှမဟုတ် နှစ်ယောက်စလုံးကြိုက်တဲ့ အသစ်အဆန်းတစ်ခုခု လုပ်ကြည့်နိုင်တယ်။ ပန်းတိုင်ကတော့ အတူတူ အချိန်သုံးနိုင်ဖို့ပါ။ ဒါမှ အခန်းဖော်တွေလိုမဟုတ်ဘဲ ဇနီးမောင်နှံလို ခံစားရမှာ။

     ကျမ်းစာအခြေခံမူ။ “လူတိုင်း ကိုယ့်အကျိုးကို မရှာဘဲ သူတစ်ပါးအကျိုးကို ရှာကြပါ။”—၁ ကောရိန္သု ၁၀:၂၄

  •   ယဉ်ကျေးပျူငှာပါ။ အနေကြာလို့ အရိုအသေတန်သွားတာမျိုး မဖြစ်ပါစေနဲ့။ တလေးတစား ပြောဆိုပါ။ “ကျေးဇူးပြုပြီး၊” “ကျေးဇူးတင်ပါတယ်” ဆိုတဲ့ အသုံးအနှုန်းတွေ သုံးစွဲပါ။ ရည်းစားဘဝတုန်းကလို ရည်ရည်မွန်မွန် ဆက်ဆံနိုင်ဖို့ ကြိုးစားပါ။ သူ့အပေါ် ကြင်နာယုယတာ၊ ကိုယ့်အတွက် သူလုပ်ပေးတာတွေကို ကျေးဇူးတင်ကြောင်း ပြောပြတာတွေ ပုံမှန်ပြုလုပ်ပါ။

     ကျမ်းစာအခြေခံမူ။ “အချင်းချင်း သနားကြင်နာကြပါ။ ကရုဏာပြကြပါ။”—ဧဖက် ၄:၃၂

  •   နှစ်ယောက်အတူ ကြည်နူးခဲ့တဲ့အချိန်လေးတွေကို ပြန်တွေးပါ။ မင်္ဂလာဆောင်ဓာတ်ပုံတွေ၊ အတူသွားလာလုပ်ကိုင်ခဲ့တဲ့ အမှတ်တရဓာတ်ပုံတွေကို အတူပြန်ကြည့်ပါ။ ဒီလိုလုပ်တာက အချစ်တွေ၊ လေးစားမှုတွေ ပျက်ပြယ်မသွားအောင်၊ ပြန်ရှင်သန်လာအောင် ကူညီပေးနိုင်တယ်။

     ကျမ်းစာအခြေခံမူ။ “ခင်ဗျားတို့လည်း ကိုယ့်ကိုယ်ကိုယ် ချစ်သလို ဇနီးကို ချစ်ရမယ်။ ဇနီးကလည်း ခင်ပွန်းကို အလွန်ရိုသေရမယ်။”—ဧဖက် ၅:၃၃

a (Going Solo—The Extraordinary Rise and Surprising Appeal of Living Alone) စာအုပ်ထဲက ဖြစ်တယ်။

b ကွာရှင်းနိုင်တဲ့ တစ်ခုတည်းသော အကြောင်းရင်းဟာ အိမ်ထောင်ရေးဖောက်ပြန်ခြင်းဖြစ်တယ်လို့ ကျမ်းစာဆိုတယ်။ “သမ္မာကျမ်းစာက ကွာရှင်းခြင်းကို ခွင့်ပြုသလား” ဆောင်းပါးကိုကြည့်ပါ။