မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစုအတွက် အကူအညီ | သားသမီးတွေကို ပြုစုပျိုးထောင်ခြင်း

ကြီးကောင်ဝင်ချိန်အကြောင်း သားသမီးတွေ နားလည်အောင် ကူညီပေးခြင်း

ကြီးကောင်ဝင်ချိန်အကြောင်း သားသမီးတွေ နားလည်အောင် ကူညီပေးခြင်း

အခက်အခဲ

ကိုယ့်မျက်စိရှေ့မှာ မနေ့တစ်နေ့က ကလေးဟာ အခုတော့ ကြီးလာပြီ။ ကြီးလာပေမဲ့ ကလေးပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ဒီအရွယ်ဟာ ကြီးကောင်ဝင်တော့မယ့်အချိန်လည်း ဖြစ်နိုင်တယ်။

စိတ်ရှုပ်စရာကောင်းပြီး လိင်ပိုင်းဆိုင်ရာ အပြောင်းအလဲဖြစ်တဲ့ ဒီအခြေအနေကို ကိုင်တွယ်ဖြေရှင်းနိုင်အောင် သင့် သား ဒါမှမဟုတ် သမီးကို ဘယ်လိုကူညီပေးနိုင်သလဲ။

သိသင့်သိထိုက်ရာ

ကြီးကောင်ဝင်ချိန်ဟာ တစ်ယောက်နဲ့တစ်ယောက် မတူဘူး။ တချို့က ရှစ်နှစ်လောက်၊ တချို့က ၁၅ နှစ်နောက်ပိုင်းမှ ကြီးကောင်ဝင်ချိန်စတယ်။ “ပုံမှန်ကြီးကောင်ဝင်ချိန်ကို သတ်မှတ်ဖို့ခက်တယ်” လို့ စာအုပ်တစ်အုပ်မှာ ရေးထားတယ်။—Letting Go With Love and Confidence

ကြီးကောင်ဝင်ချိန်မှာ စိတ်မလုံခြုံမှု ခံစားရနိုင်တယ်။ ဆယ်ကျော်သက်အရွယ်မှာ တခြားသူတွေနဲ့ ဘယ်လိုပေါင်းသင်းဆက်ဆံရမယ်ဆိုတာ အလွန်အမင်း စိတ်ပူပန်တတ်တယ်။ “ကိုယ့်ရုပ်အသွင်အပြင်နဲ့ အပြုအမူကို ကျွန်တော် သတိထားလွန်းခဲ့တယ်၊ တခြားသူတွေက ကျွန်တော့်ကို လူထူးလူဆန်းလို့ မြင်မှာကိုလည်း တွေးပူမိတယ်” လို့ လူငယ်ဂျဲရက် ပြန်ပြောပြတယ်။ * ဝက်ခြံပေါက်လာရင် ပိုလို့တောင် ယုံကြည်မှု ပျောက်သွားနိုင်တယ်။ “ကျွန်မမျက်နှာတစ်ခုလုံး အဖုအပိန့်တွေချည်းပဲ။ ရုပ်ဆိုးမလို့ ကိုယ့်ကိုယ်ကိုယ် ပြောပြီး ငိုခဲ့တာကိုလည်း မှတ်မိသေးတယ်” ဆိုပြီး ၁၇ နှစ်အရွယ် ခယ်လ်လီပြောတယ်။

တခြားသူတွေထက် စောပြီး ကြီးကောင်ဝင်သူတွေဟာ အခက်အခဲတွေ ပိုကြုံရတတ်တယ်။ အထူးသဖြင့် ရင်ပိုင်း၊ တင်ပိုင်း စဖွံ့ဖြိုးလာတဲ့ မိန်းကလေးတွေဟာ နောက်ပြောင်ခံရတာမျိုး ကြုံနိုင်တယ်။ “သူတို့ထက် အသက်ပိုကြီးတဲ့ကောင်လေးတွေရဲ့ အာရုံစိုက်တာ ခံရပြီး အနေရခက်နိုင်တယ်” လို့ စာအုပ်တစ်အုပ်မှာ ဖော်ပြထားတယ်။—A Parent’s Guide to the Teen Years

ကြီးကောင်ဝင်တာနဲ့ ရင့်ကျက်ပြီလို့ မပြောနိုင်ဘူး။ “မိုက်သောသဘောသည် သူငယ်၏စိတ်နှလုံးထဲမှာ ထုပ်ထားလျက်ရှိ၏” လို့ သုတ္တံ ၂၂:၁၅ မှာ ဆိုတယ်။ ကြီးကောင်ဝင်လာတာနဲ့ အဲဒီသဘောက ပြောင်းလဲသွားတာမဟုတ်ဘူး။ အရွယ်ရောက်ပြီလို့ ထင်ရပေမဲ့ “ကောင်းကောင်းဆုံးဖြတ်နိုင်စွမ်း၊ တာဝန်သိစိတ်၊ ချုပ်တည်းမှု၊ ရင့်ကျက်တဲ့လက္ခဏာတွေ ရှိမရှိ မသိရသေးဘူး” လို့ စာအုပ်တစ်အုပ်မှာ ဖော်ပြထားတယ်။—You and Your Adolescent

လုပ်ဆောင်နိုင်ရာ

ကြီးကောင်မဝင်ခင်မှာ အဲဒီအကြောင်း ကြိုပြောပြပါ။ သင့်ကလေး ကြုံလာရမယ့်အကြောင်းတွေ အထူးသဖြင့် သမီးတွေကို မီးယပ်စပေါ်ချိန်အကြောင်း၊ သားတွေကို ညဘက်သုတ်လွှတ်ခြင်းအကြောင်း ပြောထားပါ။ ကြီးကောင်ဝင်ချိန်မှာဖြစ်တဲ့ တခြားအပြောင်းအလဲတွေက တဖြည်းဖြည်းဖြစ်လာပေမဲ့ မီးယပ်ပေါ်တာနဲ့ သုတ်လွှတ်တာကတော့ ရုတ်တရက် ဖြစ်လာတဲ့အတွက် ကလေးတွေ စိတ်ရှုပ်ထွေးတာ၊ ထိတ်လန့်တာမျိုးတွေတောင် ဖြစ်နိုင်တယ်။ အဲဒီအကြောင်းတွေ ဆွေးနွေးတဲ့အခါ အပြုသဘောနဲ့ပြောပါ။ ကြီးကောင်ဝင်ချိန်ဟာ အရွယ်ရောက်ဖို့ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုကောင်း ဖြစ်တယ်လို့ ပြောပြပါ။—ကျမ်းစာအကြံပြုချက်– ဆာလံ ၁၃၉:၁၄

တဲ့တိုးပြောပြပါ။ “ကြီးကောင်ဝင်ချိန်အကြောင်း ကျွန်တော့်မိဘတွေ ပြောပြတဲ့အခါ ဝေ့လည်ကြောင်ပတ်နဲ့။ တဲ့တိုးပြောပြရင် ပိုကောင်းမယ်” လို့ ဂျွန် ဆိုတဲ့လူငယ်လေး ပြန်ပြောပြတယ်။ ၁၇ နှစ်အရွယ် အယ်လန်နာလည်း အလားတူခံစားရတယ်– “အမေက ကိုယ်ခန္ဓာပြောင်းလဲမှုတွေအကြောင်းပဲ ပြောပြတယ်။ စိတ်ပိုင်းပြောင်းလဲမှုအကြောင်းလည်း ပြောပြရင်ကောင်းမှာ။” သင်ခန်းစာက ဘာလဲ။ ပြောဖို့ခက်ပေမဲ့ သင့်ကလေးကို ကြီးကောင်ဝင်ခြင်းနဲ့ဆိုင်တဲ့ အကြောင်းအရာအားလုံး ပြောပြထားပါ။—ကျမ်းစာအကြံပြုချက်– တမန်တော် ၂၀:၂၀

စကားလက်ဆုံပြောနိုင်ဖို့ မေးခွန်းတွေမေးပါ။ ကလေးတွေ စိတ်ကသိကအောက် မဖြစ်ဖို့ တခြားသူတွေရဲ့ ကြီးကောင်ဝင်ချိန် တွေ့ကြုံမှုတွေကနေ စပြောပါ။ ဥပမာ၊ သင့်သမီးကို “သမီးရဲ့ အတန်းဖော်သူငယ်ချင်း တစ်ယောက်ယောက်က ရာသီလာတဲ့အကြောင်း စပြောပြီလား၊” “ရင်သားစောစောဖွံ့ဖြိုးတဲ့ မိန်းကလေးတွေကို အတန်းဖော်တွေ နောက်ကြသလား” လို့ မေးကြည့်ပါ။ “ကိုယ်ခန္ဓာဖွံ့ဖြိုးမှု နှေးတဲ့သူကို သူငယ်ချင်းတွေ လှောင်ပြောင်ကြသလား” လို့ သင့် သားကို မေးကြည့်ပါ။ တခြားသူတွေရဲ့ ကြီးကောင်ဝင်ချိန် အတွေ့အကြုံကို သင့် သားသမီးတွေ ပြောလာတဲ့အခါ သူတို့ရဲ့ ကိုယ်ပိုင်ခံစားချက်နဲ့ အတွေ့အကြုံတွေလည်း ပြောထွက်လာပါလိမ့်မယ်။ အဲဒီလိုပြောလာတဲ့အခါ ‘နားထောင်ခြင်းမှာ လျင်မြန်ပြီး စကားပြောခြင်းမှာ နှေးပါ’ ဆိုတဲ့ ကျမ်းစာအကြံပြုချက်ကို လိုက်နာပါ။—ယာကုပ် ၁:၁၉

သင့်ဆယ်ကျော်သက်သားသမီးတွေ ‘လက်တွေ့ကျဉာဏ်ပညာနဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်း’ ရှိလာဖို့ ကူညီပေးပါ။ (သုတ္တံ ၃:၂၁ကဘ) ကြီးကောင်ဝင်ချိန်ဟာ ကိုယ်ခန္ဓာပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲရုံလောက်ပဲ မဟုတ်ဘူး။ အရွယ်ရောက်လာတဲ့အခါ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်ဖို့ သူတို့ရဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်း တိုးတက်တဲ့အချိန်လည်းဖြစ်တယ်။ ဆယ်ကျော်သက်သားသမီးတွေရဲ့စိတ်ထဲ စံနှုန်းကောင်းတွေ စွဲမှတ်သွားအောင် ဒီအချိန်မှာ သွန်သင်ပေးပါ။—ကျမ်းစာအကြံပြုချက်– ဟေဗြဲ ၅:၁၄

လက်မလျှော့ပါနဲ့။ လူငယ်အများစုဟာ ကြီးကောင်ဝင်ချိန်အကြောင်း မိဘတွေကို ပြောပြချင်စိတ် ရှိချင်မှရှိမယ်။ ဒါပေမဲ့ ပါးနပ်မှုရှိပါ။ “စိတ်မဝင်စားသလိုလို၊ မကြိုက်သလိုလိုနေတဲ့ ဆယ်ကျော်သက်တွေဟာ စကားလုံးတိုင်းကို မှတ်ထားတတ်တယ်” လို့ စာအုပ်တစ်အုပ်မှာ ဖော်ပြထားတယ်။—You and Your Adolescenat

^ စာပိုဒ်၊ 8 နာမည်တွေကို ပြောင်းလဲထားပါတယ်။