မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရောဂါဆိုး ခံစားရတဲ့အခါ

ရောဂါဆိုး ခံစားရတဲ့အခါ

“အဆုတ်​နဲ့ အူမ​ကြီး​မှာ ကင်ဆာ ဖြစ်နေပြီ​လို့ သိလိုက်​ရတဲ့အခါ သေမိန့်​ကျ​သလို ခံစား​လိုက်ရတယ်။ အိမ်​ပြန်ရောက်တဲ့​အခါမှာ​တော့ ‘ဒီလို​ဖြစ်မယ်လို့ မျှော်လင့်​မထားဘူး။ ဒါပေမဲ့ ဖြေရှင်းနည်း​တော့ ရှိ​မှာပါ’ လို့ အားယူ​ရတယ်။”—လင်​ဒါ၊ အသက် ၇၁။

“မျက်နှာ​ဘယ်​ဖက်​ခြမ်း အာရုံကြော အားနည်း​တဲ့​ရောဂါ ခံစား​နေရ​တယ်။ တစ်ခါ​တစ်ခါ နာကျင်​လွန်း​လို့ စိတ်ဓာတ်ကျ​မိတယ်။ အထီးကျန်​စိတ်ကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်​သေ​ဖို့ စဉ်းစား​ခဲ့​တာ​လည်း အကြိမ်ကြိမ်​ပဲ။”—အဲလစ်၊ အသက် ၄၉။

ကိုယ်တိုင် ဒါမှမဟုတ် ချစ်ခင်​ရသူ​မှာ ရောဂါဆိုး ရှိနေရင် ဘယ်လောက် စိတ်သောက​ရောက်​တတ်တယ်​ဆိုတာ နားလည်​ပါလိမ့်မယ်။ ရောဂါ​ကြောင့် နာကျင်​ရ​သလို စိတ်ထောင်းတဲ့​ဒဏ်လည်း ခံရတယ်။ စိုးရိမ်​စ​ရာ​ကောင်းတဲ့ ဆေး​ကုသမှု​တွေ၊ ဆေး​ကုသ​ဖို့ ခက်ခဲ​တာ ဒါမှမဟုတ် ငွေ​မတတ်နိုင်တာ၊ ဘေးထွက်ဆိုးကျိုး​တွေ​ကြောင့် ပို​စိုးရိမ်​သောကရောက်​ရတယ်။ ရောဂါဆိုး​ကြောင့် စိတ်​ဆင်းရဲ​နိုင်တယ်။

ဘယ်​ကနေ အကူအညီ ရနိုင်သလဲ။ လူ​များစွာက​တော့ ဘုရားဆီ ဆုတောင်းခြင်း၊ နှစ်သိမ့်မှု​ဖြစ်စေတဲ့ ကျမ်း​စကားတွေ ဖတ်ရှုခြင်းကနေ စိတ်သက်သာမှု ရ​ကြတယ်။ မိသားစုနဲ့ မိတ်ဆွေ​တွေရဲ့ မေတ္တာနဲ့ ထောက်မမှု​တို့​က​လည်း အထောက်အကူ ပြု​နိုင်တယ်။

တချို့ ရင်ဆိုင်​ဖြေရှင်း​ကြ​ပုံ

အသက် ၅၈ နှစ်အရွယ် ရောဘတ် ဒီလို​အကြံ​ပြုတယ်– “ဘုရားကို ယုံကြည်​ကိုးစားပြီး ရောဂါ​ဝေဒနာ​ကို ရင်ဆိုင်​လိုက်ပါ။ ဘုရား ကူညီ​ပေးပါလိမ့်မယ်။ ယေဟောဝါ​ဘုရားဆီ ဆုတောင်းပါ။ ခံစားချက်တွေကို ပြောပြပါ။ သန့်ရှင်းသော စွမ်းအားတော် ပေးဖို့ တောင်းဆိုပါ။ မိသားစု​အတွက် ကြံ့ကြံ့ခံ​ရပ်တည်​နိုင်အောင်၊ ရောဂါ​ဝေဒနာ​ကို ခံရပ်​နိုင်အောင် ခွန်အား​ပေးဖို့ တောင်းခံပါ။

“မိသားစုရဲ့ အားပေး​ထောက်မမှု​က အလွန်​အရေးကြီးတယ်။ နေ့တိုင်း တစ်ယောက်​နှစ်ယောက်​ကတော့ ‘အခြေအနေ ဘယ်လိုလဲ’ လို့ ဖုန်းဆက်​မေးကြတယ်။ ရပ်​ဝေး​ရပ်​နီး​က မိတ်ဆွေ​တွေ​က​လည်း အားပေး​ကြပါတယ်။ သူတို့​ကြောင့် အားရှိ​နေတာ၊ ခံရပ်နိုင်​တာ​ပါ။”

မကျန်းမာတဲ့​မိတ်ဆွေ​ဆီ လည်ပတ်​မယ်​ဆိုရင် လင်​ဒါ​ရဲ့ စကားကို မှတ်သားပါ– “လူနာ​တွေ​က ဖြစ်နိုင်ရင် သာမန်​လူတွေ​လို​ပဲ နေချင်​ကြတယ်။ ရောဂါ​ဝေဒနာ​အကြောင်း တစ်ချိန်လုံး မပြော​ချင်​ကြဘူး။ ဒါကြောင့် ပြောနေကျ​စကားတွေ​ပဲ ပြောပါ။”

ဘုရား​ပေးတဲ့ ခွန်အား၊ ကျမ်းစာကနေ​ရတဲ့ နှစ်သိမ့်မှု၊ ချစ်ခင်​ရတဲ့ မိသားစုနဲ့ မိတ်ဆွေ​တွေရဲ့ အကူအညီ​ကြောင့် ရောဂါဆိုး ခံစား​နေရ​ရင်တောင် အသက်ရှင်​ရ​ကျိုး နပ်​တယ်လို့ ယုံကြည်​စိတ်ချ​နေနိုင်​ပါလိမ့်မယ်။