မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးအကြောင်းအရာ

အကောင်းမြင်စိတ်က အကျိုးရှိ

အကောင်းမြင်စိတ်က အကျိုးရှိ

အောက်မှာဖော်ပြတဲ့ ဘယ်အချက်က ပျော်ရွှင်မှုနဲ့ အဓိကဆက်စပ်နေတယ်လို့ ထင်သလဲ။

  • အခြေအနေ

  • မျိုးရိုးဗီဇ

  • စိတ်သဘောထား

တချို့သူတွေကတော့ “အခြေအနေ” လို့ ဖြေကြပါလိမ့်မယ်။

  • “ငွေများများရှိရင်”

  • “ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ဖြစ်ရင်”

  • “ကျန်းမာရေးကောင်းရင်” ပျော်ရွှင်မယ်လို့ ဖြေနိုင်တယ်။

တကယ်တော့ ပျော်ရွှင်မှုနဲ့ပတ်သက်လာရင် အခြေအနေ၊ မျိုးရိုးဗီဇထက် စိတ်သဘောထားက ပိုအရေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်ရဲ့အခြေအနေ၊ မျိုးရိုးဗီဇကို ထိန်းချုပ်လို့မရနိုင်ပေမဲ့ သဘောထားကိုတော့ ထိန်းချုပ်နိုင်တဲ့အတွက်ပါပဲ။

“ဆေးစွမ်းကောင်းတစ်လက်”

‘ရွှင်လန်းတဲ့စိတ်ဟာ ဆေးစွမ်းကောင်းတစ်လက်ပဲ။ ကြေကွဲတဲ့စိတ်ကတော့ ခွန်အားဆုတ်ယုတ်စေတယ်’ ဆိုပြီး သမ္မာကျမ်းစာမှာ ပြောထားတယ်။ (သုတ္တံ ၁၇:၂၂ကဘ) ဆိုလိုတာက အကောင်းမြင်တဲ့စိတ်က အကျိုးရှိတယ်။ စိတ်သဘောထားကြောင့် ပန်းတိုင်ရောက်နိုင်သလို လက်လျှော့သွားနိုင်တယ်၊ အခြေအနေ ကောင်းသွားစေနိုင်သလို ပိုဆိုးသွားစေနိုင်တယ်။

တချို့သူတွေက အဲဒီအချက်ကို သံသယဝင်ပါလိမ့်မယ်။ သူတို့ ဒီလို ပြောတတ်ကြတယ်–

  • “ငါ့ရဲ့အခက်အခဲတွေကို အကောင်းမြင်သဘောထားနဲ့ ဘာကြောင့် ဖုံးထားရမှာလဲ။”

  • “ဘယ်လောက်ပဲ အပြုသဘောရှိပါစေ အခြေအနေက ပြောင်းသွားမှာမှမဟုတ်တာ။”

  • “စိတ်ကူးယဉ်သမား မဖြစ်ချင်ဘူး၊ လက်တွေ့သမားပဲ ဖြစ်ချင်တယ်။”

သူတို့ပြောတာတွေက ယုတ္တိရှိပုံရတယ်။ ဒါပေမဲ့ အကောင်းမြင်စိတ်သဘောထားရှိအောင် ကြိုးစားတာက အကျိုးရှိတယ်။ အခြေအနေတချို့ကို သုံးသပ်ကြည့်ရအောင်။

အောင်နိုင်နဲ့ ထွန်းအောင်ဟာ အလုပ်ခွင်မှာ ကိုယ့်အလုပ်ကို ကြိုးစားလုပ်ဆောင်နေကြတယ်။ အလုပ်ကြီးကြပ်သူက သူတို့ရဲ့အလုပ်ကို စစ်ဆေးပြီးတဲ့နောက် အမှားတချို့ကိုထောက်ပြတယ်။

  • အောင်နိုင်– “ငါဒီလောက် အလုပ်ကြိုးစားတာ အမှားက ပါလိုက်သေးတယ်။ ငါ ဒီအလုပ်ကို ဘယ်တော့မှ ဖြစ်မြောက်အောင် လုပ်နိုင်မှာမဟုတ်ဘူး။ ဘယ်လောက်ပဲကြိုးစား ထူးမှာမဟုတ်ပါဘူး။ မအောင်မြင်မယ့်အတူတူ ဘာလို့ ကြိုးစားနေမလဲ။”

  • ထွန်းအောင်– “သူဌေးက ကျွန်တော်လုပ်တာကြိုက်တယ်လို့ ပြောတယ်၊ အမှားတချို့လည်း ထောက်ပြသွားတယ်။ နောက် တစ်ကြိမ်မမှားအောင် ဒီအဖြစ်ကနေ သင်ခန်းစာ ယူရမယ်။”

ဘယ်လိုထင်ပါသလဲ

  • နောက်ခြောက်လကြာတဲ့အခါ ဘယ်သူက ပိုအရည်အချင်းပြည့်မီမလဲ။ အောင်နိုင်လား၊ ထွန်းအောင်လား။

  • သင်သာ အလုပ်ရှင်ဖြစ်မယ်ဆိုရင် ဘယ်သူ့ကို အလုပ်ဆက်ခန့်မလဲ။

  • စိတ်ပျက်စရာတွေ ကြုံတဲ့အခါ ဘယ်တစ်ယောက်လို သင် တုံ့ပြန်တတ်သလဲ။

ထက်ထက်နဲ့ နှင်းနှင်းက အထီးကျန်နေကြတယ်။ သူတို့နှစ်ယောက်က အဲဒီပြဿနာကို တစ်ယောက်တစ်မျိုးစီ ဖြေရှင်းကြတယ်။

  • ထက်ထက်က ကိုယ့်ကိုယ်ကိုယ်ပဲ အာရုံစိုက်တယ်။ တခြားသူတွေက သူ့အတွက်အရင်မလုပ်ပေးရင် သူကလည်း တခြားသူတွေအတွက် ဘာမှမလုပ်ပေးဘူး။ ‘ငါ့အတွက် ဘာမှအကျိုးမရှိတဲ့သူတွေအတွက် ဘာလို့ အချိန်ကုန်ခံမလဲ’ လို့ သူ စဉ်းစားတယ်။

  • နှင်းနှင်းကတော့ တခြားသူတွေကို ကြိုးစားပြီးကူညီပေးတယ်။ သူလုပ်တာကို တန်ဖိုးမထားတဲ့သူတွေကိုတောင် လုပ်ပေးတယ်။ ကိုယ့်ကို သူများဆက်ဆံစေချင်တဲ့အတိုင်း တခြားသူတွေကို ဆက်ဆံတယ်။ (လုကာ ၆:၃၁) လူတွေဘယ်လိုပဲတုံ့ပြန်ပါစေ ကောင်းတာလုပ်နေတာကိုယ်နှိုက်က အကျိုးပဲလို့ နှင်းနှင်း ခံစားရတယ်။

ဘယ်လိုထင်ပါသလဲ

  • သူတို့နှစ်ယောက်ထဲက ဘယ်သူနဲ့ သူငယ်ချင်း ဖြစ်ချင်သလဲ။

  • သူတို့နှစ်ယောက်ထဲက ဘယ်တစ်ယောက်က စိတ်ကျေနပ်မှု ခံစားရမလဲ။

  • အထီးကျန်စိတ်ဝင်တဲ့အခါ ထက်ထက်လိုတုံ့ပြန်တတ်သလား၊ နှင်းနှင်းလိုတုံ့ပြန်သလား။

ထွန်းအောင်၊ နှင်းနှင်းနဲ့တူတဲ့သူတွေကို သင်သိထားပါလိမ့်မယ်။ သင်ကိုယ်တိုင် သူတို့နဲ့တူနေနိုင်တယ်။ ဒါဆိုရင် အကောင်းမြင်စိတ်ရှိတာက အကျိုးရှိတယ်ဆိုတာကို ကိုယ်တွေ့ကြုံနေရနိုင်တယ်။ ဒါပေမဲ့ အောင်နိုင်၊ ထက်ထက်နဲ့ တူနေတယ်ဆိုရင်ကော။ ဘဝပြဿနာတွေအပေါ် အကောင်းမြင်စိတ်နဲ့ ရှုမြင်တတ်အောင် ကျမ်းစာကကူညီပေးနိုင်တဲ့ အချက်သုံးချက်ကို သုံးသပ်ကြည့်ပါ။

၁။ အဆိုးဘက်ကနေပဲ မကြည့်ပါနဲ့

ကျမ်းစာပြောဆိုရာ– ‘ဒုက္ခရောက်ချိန်မှာ စိတ်ဓာတ်ကျနေရင် အားလျော့သွားလိမ့်မယ်။’—သုတ္တံ ၂၄:၁၀ကဘ။

ဆိုလိုရင်း– အဆိုးဘက်ကနေပဲကြည့်ရင် အခြေအနေကောင်းအောင်လုပ်ဖို့၊ ကိုင်တွယ်ဖြေရှင်းဖို့ ခွန်အားရှိတော့မှာမဟုတ်ဘူး။

ဥပမာ– ဂျူလီဇာရဲ့ ငယ်ဘဝက စိတ်ဆင်းရဲစရာတွေ ချည်းပဲ။ အဖေက အရက်ချိုးဖြစ်ပြီး အရမ်းဆင်းရဲတယ်။ တစ်နေရာပြီးတစ်နေရာ ရွှေ့ပြောင်းနေရတယ်။ အစပိုင်းမှာတော့ ဂျူလီဇာက သူ့ဘဝကို အကောင်းမမြင်ခဲ့ဘူး။ အခုတော့ အဲဒီလိုမဟုတ်တော့ဘူး။ ဘာဖြစ်လို့လဲ။ သူ ဒီလိုပြောတယ်– “အဖေနဲ့အမေ အခက်အခဲတွေကို မကျော်လွှားနိုင်ခင်ကတည်းက အခြေအနေတွေကို အကောင်းဘက်ကနေ မြင်တတ်အောင် ကျမ်းစာက ကျွန်မကို ကူညီပေးခဲ့တယ်။ အခုအချိန်မှာတောင် အဆိုးဘက်ကနေမြင်လာပြီဆိုရင် ကျမ်းစာကပြန်တည့်မတ်ပေးတယ်။ ကျွန်မ မကြိုက်တဲ့အပြုအမူကို တခြားသူတွေ တင်ပြလာတဲ့အခါ သူတို့ဘာလို့အဲဒီလိုလုပ်တာလဲဆိုတာ နားလည်ပေးတတ်လာပြီ။”

ဂျူလီဇာ သိခဲ့ရသလိုပဲ သမ္မာကျမ်းစာဟာ အကျိုးပြုတဲ့လမ်းညွှန်ချက်တွေပါတဲ့ စာအုပ်ပါ။ ကျမ်းစာမှာပါတဲ့ အကြံပြုချက်တွေဟာ အခြေအနေဆိုးတွေကို ဖြေရှင်းနိုင်အောင် ကူညီပေးနိုင်တယ်။ ဥပမာ၊ “သင်တို့၏စိတ်သဘောကို အသစ်ပြုပြင်ကြရမည်” လို့ ဧဖက် ၄:၂၃ မှာ ပြောထားတယ်။

ကျမ်းချက်မှာ ပြောထားသလိုပဲ စိတ်သဘောဆိုတာ ပြုပြင်ပြောင်းလဲလို့ရတယ်။ ဒါပေမဲ့ အမြဲတမ်းဆက်ပြုပြင်သွားရမှာ ဖြစ်တယ်။ အဲဒီကျမ်းချက်ကို မူရင်းကျမ်းမှာ ‘စိတ်သဘောကို အသစ်ဖြစ်အောင် အမြဲပြုပြင်နေရမယ်’ လို့ ရေးထားတယ်။

၂။ ကောင်းတဲ့အချက်တွေကို အာရုံစိုက်ပါ

ကျမ်းစာပြောဆိုရာ– “ဆင်းရဲငြိုငြင်သောသူ၏ နေ့ရက်ရှိသမျှတို့သည် ဆိုးယုတ်ကြ၏။ ရွှင်လန်းသော စိတ်နှလုံးမူကား အစဉ်အမြဲခံရသောပွဲဖြစ်၏။” —သုတ္တံ ၁၅:၁၅

ဆိုလိုရင်း– ဘယ်အရာကိုမဆို အပျက်သဘောနဲ့ပဲရှုမြင်မယ်ဆိုရင် “ဆင်းရဲငြိုငြင်” နေမှာဖြစ်ပြီး နေ့ရက်တိုင်းက “ဆိုးယုတ်” နေပါလိမ့်မယ်။ ဒါပေမဲ့ ကောင်းတဲ့အချက်တွေကို အာရုံစိုက်တဲ့အခါ “ရွှင်လန်းသောစိတ်နှလုံး” ရှိလာပြီး ပျော်ရွှင်နေပါလိမ့်မယ်။ သင် ဘာကိုရွေးမလဲ။

ဥပမာ– ယန်ဂိုဟာ ဦးနှောက်မှာအကျိတ်ရှိတဲ့အတွက် အကြိမ်ကြိမ်ခွဲစိတ်ကုသမှုခံယူခဲ့ရပြီးနောက် ကောင်းကောင်းမသွားလာနိုင်တော့ဘူး၊ စကားလည်း ကောင်းကောင်းမပြောနိုင်တော့ဘူး။ သူ့ရဲ့ပန်းတိုင်တွေ မရောက်နိုင်တော့ဘူးဆိုတဲ့ ခံစားချက်ကြောင့် နှစ်နဲ့ချီစိတ်ဓာတ်ကျခဲ့တယ်။ အခုတော့ အဲဒီလိုမဟုတ်တော့ဘူး။ ဘာဖြစ်လို့လဲ။ သူ ဒီလိုပြောပြတယ်– “မလုပ်နိုင်တာတွေကို အာရုံမစိုက်ဘဲ ကျွန်တော့်ကို အားတက်လာစေတဲ့အရာတွေကိုပဲ အာရုံစိုက်ဖို့ကြိုးစားတယ်။”

ယန်ဂို လုပ်တာတစ်ခုက ကျမ်းစာဖတ်ခြင်းပါပဲ။ “ဒါက အကောင်းမြင်စိတ် ရှိစေတယ်။ ရေရှည်ပန်းတိုင်တွေ လုံးလုံးမရှိတော့တာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ ကျွန်တော်လိုက်မီနိုင်တဲ့ ရေတိုပန်းတိုင်တွေကို အာရုံစိုက်တယ်။ စိတ်ဓာတ်ကျစေတဲ့အတွေးတွေ ဝင်လာတဲ့အခါ ကျွန်တော့်စိတ်ကိုပျော်စေမယ့် အရာတွေကို ပြောင်းပြီးစဉ်းစားတယ်” လို့ သူပြောတယ်။

ယန်ဂိုလိုပဲ သင်ဟာ အဆိုးမြင်တဲ့သဘောထားတွေကိုတွန်းလှန်ပြီး အကောင်းမြင်တဲ့သဘောထားတွေကို မွေးမြူနိုင်တယ်။ ယန်ဂိုလို ကျန်းမာရေးမကောင်းတာလိုမျိုး အခြေအနေဆိုးတွေကို ရင်ဆိုင်နေရတယ်ဆိုရင် ‘ငါ့ရဲ့အခြေအနေက တကယ်ပဲမျှော်လင့်ချက် မရှိတော့ဘူးလား။ လမ်းဆုံးရောက်နေတာလား၊ ဒါမှမဟုတ် ခဏတာလမ်းကြောင်းပိတ်ဆို့တာလား’ လို့ ကိုယ့်ကိုယ်ကိုယ်မေးပါ။ အားတက်စေတဲ့အကြောင်းအရာတွေကို အာရုံစိုက်ခြင်းအားဖြင့် အဆိုးမြင်တတ်တဲ့သဘောထားကို တွန်းလှန်ပါ။

၃။ တခြားသူတွေကို ကူညီပါ

ကျမ်းစာပြောဆိုရာ– “ခံယူခြင်းထက် ပေးကမ်းခြင်း၌ သာ၍ပျော်ရွှင်သည်။”—တမန်တော် ၂၀:၃၅

ဆိုလိုရင်း– ပြန်ရဖို့ရည်ရွယ်ချက်နဲ့မဟုတ်ဘဲ ပေးကမ်းတဲ့ သူဟာ ပျော်ရွှင်တယ်။ ဘာကြောင့်လဲ။ လူတွေဟာ ကိုယ့်ရဲ့လိုအပ်ရာတွေကို ဖြည့်ဆည်းရုံလောက်ပဲလုပ်ဖို့ ဖန်ဆင်းခံထားရတာမဟုတ်လို့ပဲ။ (ဖိလိပ္ပိ ၂:၃၊ ၄; ၁ ယောဟန် ၄:၁၁) ပေးကမ်းခြင်းကြောင့်ခံစားရတဲ့ ပျော်ရွှင်မှုက ဘဝအခြေအနေဆိုးတွေကို ရင်ဆိုင်ဖြေရှင်းနိုင်အောင် အများကြီးထောက်ကူပေးနိုင်တယ်။

ဥပမာ– ဟိုစွေးက ကျောရိုးကွဲရောဂါရှိလို့ တစ်ခါတစ်ခါ မချိမဆံ့နာကျင်ခံစားနေရတယ်။ ဒါပေမဲ့ တခြားသူတွေကို ကူညီပေးပြီး ပျော်ရွှင်နေတတ်တယ်။ သူ ဒီလိုပြောတယ်– “ကျွန်တော် မလုပ်နိုင်တဲ့အရာတွေကို စဉ်းစားမယ့်အစား လုပ်ပေးနိုင်တဲ့ အိမ်အလုပ်လေးတွေကို စဉ်းစားတယ်။ တခြားသူတွေကို ကူညီနိုင်တာလေးတွေကိုသိလာတော့ တကယ်ပျော်တယ်။”

လုပ်ဆောင်နိုင်ရာ

ဘာတွေ ကူညီပေးနိုင်မလဲဆိုတာ စဉ်းစားကြည့်ပါ။ ဥပမာ၊ ဖျားနေတဲ့ အိမ်နီးချင်းအတွက် စားစရာပြင်ပေးနိုင်မလား။ သက်ကြီးရွယ်အိုတွေကို အိမ်အလုပ်ကူလုပ်ပေးနိုင်မလား။

အကောင်းမြင်စိတ်သဘောထား မွေးမြူတာက ဥယျာဉ်စိုက်တာနဲ့တူတယ်။ ပေါင်းပင်တွေနဲ့တူတဲ့ အပျက်သဘောထားတွေကို နုတ်ပစ်ပါ။ မျိုးစေ့နဲ့တူတဲ့ အကောင်းမြင်စိတ်ကို စိုက်ပါ။ အကောင်းမြင်စေတဲ့ လုပ်ရပ်တွေလုပ်ဆောင်ခြင်းအားဖြင့် မြေသြဇာကျွေးပါ။ ဒါဆိုရင် ပျော်ရွှင်မှုဆိုတဲ့ အသီးတွေရိတ်သိမ်းရပါလိမ့်မယ်။ အကောင်းမြင်စိတ်သဘောထားက အကျိုးရှိတယ်ဆိုတာ ကိုယ်တွေ့ခံစားရပါလိမ့်မယ်။

လူတချို့ဟာ ကျန်းမာရေးကြောင့် တချို့အစားအစာတွေကိုရှောင်သလိုပဲ အပျက်သဘောထားတွေကို ကျွန်တော်တို့ ရှောင်ရမယ်