မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အမှန်တရား အရေးပါသေးသလား

အမှန်တရား အရေးပါသေးသလား

 အမှန်နဲ့အမှားကို ကွဲကွဲပြားပြား သိမြင်ဖို့ ပိုပိုခက်လာသလား။ အခုခေတ် လူတွေကိုကြည့်ရတာ အမှန်တရား၊ အချက်အလက်အမှန်ကို ယုံကြည်လက်ခံတာထက် ကိုယ့်စိတ်ခံစားချက်၊ ကိုယ့်ထင်မြင်ချက်တွေကိုပဲ ဟုတ်တိုင်းမှန်ရာအဖြစ် ယူမှတ်နေကြပုံပါပဲ။ အမှန်တရားဆိုတာ မရှိပါဘူးလို့လည်း လူအများစု မြင်လာကြတယ်။ “အမှန်ကိုလွန်ခြင်း” ဆိုတဲ့စကားလုံး မကြာသေးခင်က ရေပန်းစားလာတာ သက်သေသာဓကပါပဲ။ a

 တကယ်တော့ ဒီအမြင်ဟာ အသစ်အဆန်း မဟုတ်ပါဘူး။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂,၀၀၀ လောက်ကလည်း ရောမဘုရင်ခံ ပိလတ်မင်းက ယေရှုကို “အမှန်တရားဆိုတာ ဘာလဲ” ဆိုပြီး သံသယစိတ်နဲ့ မေးခဲ့တယ်။ (ယောဟန် ၁၈:၃၈) ယေရှုဆီက အဖြေရဖို့ မစောင့်ဆိုင်းပေမဲ့ အရေးကြီးတဲ့ မေးခွန်းကို သူမေးလိုက်တာ။ အမှန်တရားနဲ့ပတ်သက်တဲ့ ကျေနပ်စရာအဖြေကို ကျမ်းစာမှာ တွေ့နိုင်ပါတယ်။ အမှန်နဲ့အမှား ဝေခွဲရခက်နေတဲ့ ဒီကမ္ဘာကြီးမှာ လမ်းမှန်ကို တွေ့နိုင်ဖို့လည်း ကျမ်းစာက ကူညီပေးနိုင်ပါတယ်။

အမှန်တရား ရှိတောင်ရှိရဲ့လား

 ရှိပါတယ်။ ကျမ်းစာမှာသုံးထားတဲ့ “အမှန်တရား” ဆိုတဲ့စကားလုံးက မှန်ကန်တဲ့ အချက်အလက်၊ ဖြောင့်မှန်တဲ့ ကိုယ်ကျင့်တရားကို ရည်ညွှန်းတယ်။ “အမှန်တရားရဲ့ဘုရား” ယေဟောဝါ b ဟာ စစ်မှန်တဲ့ အမှန်တရားရဲ့ရင်းမြစ်ဖြစ်တယ်လို့ ကျမ်းစာ ဆိုတယ်။ (ဆာလံ ၃၁:၅) ဘုရားသခင်ဆီကလာတဲ့ အမှန်တရားကို ကျမ်းစာထဲမှာ တွေ့နိုင်ပြီး အဲဒီအမှန်တရားက ကျွန်တော်တို့ကို ရှုပ်ထွေးပွေလီတဲ့ ဒီလောကအလယ်မှာ လမ်းမှန်ကို ထင်ထင်ရှားရှား မြင်နိုင်အောင် အလင်းလို လမ်းပြပေးနိုင်တယ်။—ဆာလံ ၄၃:၃။ ယောဟန် ၁၇:၁၇

အမှန်တရားကို ဘယ်လိုရှာတွေ့နိုင်မလဲ

 ခံစားချက်အပေါ် အခြေခံပြီး ကျမ်းစာအမှန်တရားကို မျက်စိမှိတ် ယုံမယ့်အစား “စဉ်းစားဆင်ခြင်နိုင်စွမ်းကို သုံးပြီး” ဆန်းစစ်ဖို့ ဘုရားသခင် ဖိတ်ခေါ်ထားတယ်။ (ရောမ ၁၂:၁) ကျွန်တော်တို့ရဲ့ “ဉာဏ်စွမ်း ရှိသမျှ” ကို သုံးပြီး ဘုရားသခင်အကြောင်း သိလာတာ၊ ချစ်လာတာကိုပဲ ဘုရားသခင် လိုလားလို့ပါ။ ကျမ်းစာထဲကနေ သင်ယူသိရှိလာသမျှ မှန်မမှန် ကိုယ်တိုင်ဆန်းစစ်ကြည့်ဖို့လည်း အားပေးထားတယ်။—မဿဲ ၂၂:၃၇၊ ၃၈။ တမန်တော် ၁၇:၁၁

မုသား ဘယ်လို စတင်ပေါ်ပေါက်လာသလဲ

 ဘုရားရဲ့ရန်သူလည်းဖြစ်၊ “မုသားရဲ့အဖ” လည်းဖြစ်တဲ့ စာတန်မာရ်နတ်ဆီကနေ မုသား အစပြုခဲ့တယ်လို့ ကျမ်းစာဆိုတယ်။ (ယောဟန် ၈:၄၄) စာတန်က ပထမဆုံးလူသားတွေကို ဘုရားသခင်အကြောင်း လိမ်ညာပြောဆိုတယ်။ (ကမ္ဘာဦး ၃:၁-၆၊ ၁၃၊ ၁၇-၁၉။ ၅:၅) အဲဒီအချိန်ကစပြီး အလိမ်အညာစကားတွေ ဆက်ဖြန့်တယ်၊ ဘုရားသခင်အကြောင်း အမှန်တရားကို လူတွေ မသိအောင် လုပ်တယ်။

ဒီနေ့ခေတ်မှာ လိမ်ညာတာက ဘာကြောင့် သာမန်ဖြစ်နေသလဲ

 ကျွန်တော်တို့ အသက်ရှင်နေထိုင်တဲ့ “နောက်ဆုံးကာလ” မှာ စာတန်က လူသားတွေကို အစွမ်းကုန် လှည့်ဖြားနေလို့ပါ။ လူလူချင်း တစ်ဦးကိုတစ်ဦး အမြတ်ထုတ်ဖို့၊ လှည့်ဖြားဖို့ လိမ်ပြောကြတာ အဆန်းမဟုတ်တော့ဘူး။ (၂ တိမောသေ ၃:၁၊ ၁၃) ဘာသာတရားအများစုမှာလည်း လိမ်ညာတဲ့ကိစ္စတွေက ရိုးနေပြီ။ ကျမ်းစာကြိုပြောထားတဲ့အတိုင်း ကျွန်တော်တို့အချိန်မှာ လူတွေက “ကိုယ်ကြားချင်တာကို ဟောပြောပေးမယ့် ဆရာတွေကို ရှာဖွေ” ကြပြီး “အမှန်တရားကို နားမထောင်” ဖို့ ရွေးချယ်ကြတယ်။—၂ တိမောသေ ၄:၃၊ ၄

အမှန်တရား ဘာကြောင့် အရေးကြီးသလဲ

 အမှန်တရားဆိုတာ တစ်ယောက်ကိုတစ်ယောက် ယုံကြည်ဖို့အတွက် အခြေခံအုတ်မြစ်ပဲ။ ယုံကြည်မှုမရှိရင် မိတ်ဆွေနှောင်ကြိုး ပြတ်တောက်သွားနိုင်သလို အဖွဲ့အစည်းတွေလည်း ပြိုကွဲသွားနိုင်တယ်။ ဘုရားသခင်က ကျွန်တော်တို့ရဲ့ ဝတ်ပြုမှုကို အမှန်တရားအပေါ် အခြေပြုစေချင်တယ်။ ကျမ်းစာ အခုလိုဆိုတယ်– “ဘုရားသခင်ကို ကိုးကွယ်တဲ့သူတွေဟာ စွမ်းအားတော် လမ်းပြမှုနဲ့အညီ၊ အမှန်တရားနဲ့အညီ ကိုးကွယ်ရမယ်။” (ယောဟန် ၄:၂၄) ကျမ်းစာအမှန်တရားက မှားယွင်းတဲ့ဘာသာတရားတွေကို ခွဲခြားသိနိုင်အောင်၊ ဘာသာရေးအလိမ်အညာတွေရဲ့ ထိန်းချုပ်မှုကနေ လွတ်မြောက်အောင် ဘယ်လိုကူညီပေးသလဲဆိုတာ သိနိုင်ဖို့ “ဘုရားကို အကြည်ညိုပျက်စေတဲ့ လိမ်လည်မှုများ” ဆောင်းပါးတွဲကို ဖတ်ကြည့်ပါ။

ဘုရားသခင်က ကျွန်တော်တို့ကို ဘာကြောင့် အမှန်တရား သိစေချင်သလဲ

 ထာဝစဉ်အသက်ရှင်စေချင်လို့ပါ။ ဒါကြောင့် ဘုရားသခင်အကြောင်း အမှန်တရားကို သင်ယူဖို့လိုတယ်။ (၁ တိမောသေ ၂:၄) ဘုရားသခင် ချမှတ်ထားတဲ့ အမှားအမှန်စံနှုန်းတွေကို သင်ယူပြီး လိုက်နာကျင့်သုံးရင် ဘုရားနဲ့ မိတ်ဆွေဖြစ်လာမယ်။ (ဆာလံ ၁၅:၁၊ ၂) လူတွေ အမှန်တရား သင်ယူနိုင်အောင် ဘုရားသခင်က ယေရှုကို ကမ္ဘာမြေပေါ် စေလွှတ်ခဲ့တယ်။ ယေရှုရဲ့သွန်သင်ချက်တွေကိုလည်း နားထောင်စေချင်တယ်။—မဿဲ ၁၇:၅။ ယောဟန် ၁၈:၃၇

ကမ္ဘာပေါ်မှာ လိမ်ညာမှု ပပျောက်သွားအောင် ဘုရားသခင် လုပ်ပေးမလား

 လုပ်ပေးပါမယ်။ လူလူချင်း လိမ်ညာပြီး အမြတ်ထုတ်နေတဲ့သူတွေကို ဘုရားသခင် ရွံမုန်းတယ်။ ဒါကြောင့် အဲဒီအကျင့်အကြံတွေကို မပြောင်းလဲဘဲ မိုက်တွင်းနက်ဖို့ စိတ်ပိုင်းဖြတ်ထားသူတွေကို ဘုရားသခင် ဖျက်ဆီးပစ်မယ်လို့ ကတိပြုထားတယ်။ (ဆာလံ ၅:၆) အဲဒီအခါ “မှန်ရာကိုပြောတဲ့ နှုတ်ဟာ ထာဝစဉ်တည်လိမ့်မယ်” ဆိုတဲ့ ကတိလည်း ပြည့်စုံလာပါလိမ့်မယ်။—ပညာအလိမ္မာ ၁၂:၁၉

a အောက်စ်ဖို့အဘိဓာန်က “အမှန်ကိုလွန်ခြင်း” ဆိုတဲ့ စကားလုံးကို ၂၀၁၆ ခုနှစ်ရဲ့စကားလုံးအဖြစ် သတ်မှတ်ခဲ့တယ်။

b ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့ ကိုယ်ပိုင်နာမည်ဖြစ်တယ်။ (ဆာလံ ၈၃:၁၈) “ယေဟောဝါဆိုတာ ဘယ်သူလဲ” ဆောင်းပါးကို ကြည့်ပါ။