မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ငွေရေးကြေးရေး

ငွေရေးကြေးရေး

ကျမ်းစာ​အခြေခံ​မူတွေကို ကျင့်သုံး​တဲ့​သူတွေဟာ ငွေကြေး​ပြဿနာ အဖြစ်နည်း​ကြတယ်။

ကောင်းမွန်​စွာ စီစဉ်ပါ

ကျမ်းစာ အခြေခံ​မူ။ “ဝီရိယ​ရှိသူရဲ့ အစီအစဉ်တွေ ကျိန်းသေ အောင်မြင်လိမ့်မယ်။ အလျင်စလို​လုပ်တဲ့​သူကတော့ ကျိန်းသေ ဆင်းရဲ​လိမ့်မယ်။”—ပညာအလိမ္မာ ၂၁:၅

အဓိပ္ပာယ်။ စီစဉ်​ထားတဲ့​အတိုင်း သုံးစွဲခြင်းက အောင်မြင်မှု ရစေတယ်။ ဒါကြောင့် မ​သုံး​ခင် ကြိုတင်​စီစဉ်ပါ။ လိုချင်သမျှ ဝယ်​လို့ မရဘူး​ဆိုတာ သတိရပါ။ ဒါကြောင့် ငွေကို ပညာရှိရှိ သုံးစွဲ​ပါ။

လုပ်ဆောင်​နိုင်ရာ–

  • ဘတ်ဂျက်​အတိုင်း သုံးစွဲ​ပါ။ အသုံးစရိတ်​အားလုံးကို အမျိုးအစား ခွဲ​ပြီး ရေးမှတ်​ပါ။ တစ်မျိုးစီ​အတွက် ငွေ​ဘယ်လောက် သုံးမယ်​ဆိုတာ ဆုံးဖြတ်ပါ။ တစ်မျိုး​အတွက် ငွေပို​သုံး​မိရင် နောက်​တစ်မျိုး​ကနေ ယူ​သုံးပါ။ ဥပမာ၊ ကား​ဆီ​ဖိုး​အတွက် ပို​သုံး​မိရင် အပြင်မှာ ဝယ်​စားဖို့ ဖယ်ထားတဲ့​စရိတ်​ကနေ ယူ​သုံးပါ။

  • မလိုအပ်ဘဲ အကြွေး​မတင်ပါ​စေ​နဲ့။ အတတ်နိုင်ဆုံး အကြွေး​မယူ​မိအောင် နေပါ။ လိုအပ်တာတွေ ဝယ်​ဖို့ ငွေစု​ပါ။ အကြွေး​ဝယ်​ကတ် သုံး​ရင် အတိုး​မပေး​ရအောင် လ​ကုန်​တာ​နဲ့ ဆပ်ပါ။ အကြွေးတင်​မယ်​ဆိုရင် ပြန်ဆပ်ဖို့ အစီအစဉ် ဆွဲပြီး လိုက်နာပါ။

    အကြွေး​ဝယ်​ကတ် သုံးတဲ့​သူတွေဟာ ငွေပို​သုံးလေ့​ရှိကြောင်း လေ့လာမှု​တစ်ခုက ဖော်ပြတယ်။ ဒါကြောင့် အကြွေး​ဝယ်ကတ် ရှိမယ်ဆိုရင် ဂရုတစိုက် သုံးစွဲ​ပါ။

အကျင့်ဆိုး​တွေ သတိ​ထားပါ

ကျမ်းစာ အခြေခံ​မူ။ “လူပျင်း​က ဆောင်း​ရာသီမှာ လယ်မထွန်​ဘူး။ ဒါကြောင့် ရိတ်သိမ်းချိန် ရောက်တဲ့အခါ ဘာမှ​မရှိတဲ့အတွက် တောင်းစား​ရလိမ့်မယ်။”—ပညာအလိမ္မာ ၂၀:၄

အဓိပ္ပာယ်။ ပျင်းရိခြင်းက ဆင်းရဲ​စေနိုင်တယ်။ ဒါကြောင့် ဝီရိယ​ရှိပါ။ အနာဂတ်​အတွက် အတတ်နိုင်ဆုံး စုဆောင်းပါ။

လုပ်ဆောင်​နိုင်ရာ–

  • အလုပ်​ကြိုးစားပါ။ အလုပ်​ကြိုးစားမယ်၊ အားကိုးရသူ ဖြစ်မယ်ဆိုရင် အလုပ်​မြဲ​မယ်။

  • ရိုးသားပါ။ အလုပ်ရှင်​ဆီက မခိုး​ပါ​နဲ့။ မရိုးသားခြင်းက နာမည် ပျက်​စေတယ်။ နောက်ပိုင်း အလုပ်ရှာ​တွေ့​ဖို့ ခက်​စေတယ်။

  • လောဘ မကြီး​ပါ​နဲ့။ မတော်​လောဘ​ရှိ​ခြင်းက ကျန်းမာရေး ထိခိုက်​စေနိုင်တယ်။ တခြား​သူတွေနဲ့ မိတ်ပျက်​စေနိုင်တယ်။ ငွေ​ထက် အသက်​က အရေးကြီးတယ်ဆိုတာ သတိရပါ။

တခြား ကျမ်းစာ အခြေခံ​မူများ

ကျမ်းစာကို အွန်လိုင်းမှာ ဖတ်ပါ။ jw.org မှာ ဘာသာစကား ရာနဲ့ချီ ရနိုင်ပါတယ်။

အကျင့်ဆိုး​တွေ​အတွက် အချိန်နဲ့ ငွေ မ​ဖြုန်း​နဲ့။

“အရက်သမား​တွေ၊ စားကြူး​သူတွေဟာ ဆင်းရဲ​သွား​လိမ့်မယ်။ ငိုက်မျဉ်း​နေ​သူတွေဟာ အဝတ်စုတ်​ပဲ ဝတ်​ရလိမ့်မယ်။”—ပညာအလိမ္မာ ၂၃:၂၁

ငွေ​အတွက် အစိုး​ရိမ်​မ​လွန်​ပါ​နဲ့။

“အသက်ရှင်ရေး​အတွက် ဘာ​စား​ရမလဲ၊ ဘာ​သောက်​ရမလဲ ဆိုပြီး မစိုးရိမ်​ကြနဲ့​တော့။ ခန္ဓာကိုယ်​အတွက် ဘာ​ဝတ်​ရမလဲ ဆိုပြီး မစိုးရိမ်​ကြနဲ့​တော့။”—မဿဲ ၆:၂၅

မနာလို​မဖြစ်​နဲ့။

“မနာလို​တတ်​သူက ချမ်းသာ​ကြွယ်ဝ​ဖို့ စိတ်ပြင်းပြ​တယ်။ ဆင်းရဲ​သွားမှာကို​တော့ သူ မသိ​ဘူး။”—ပညာအလိမ္မာ ၂၈:၂၂