မာတိကာဆီ ကျော်သွား

အန္တိခရစ်ဆိုတာ ဘယ်သူလဲ

အန္တိခရစ်ဆိုတာ ဘယ်သူလဲ

ကျမ်းစာအဖြေ

 ဂရိစကားလုံး ဖြစ်တဲ့ “အန္တိခရစ်” ဆိုတာ “ခရစ်တော်ကို ဆန့်ကျင်သူ (ဒါမှမဟုတ် အစားထိုးသူ)” လို့ အဓိပ္ပာယ်ရတယ်။ ကျမ်းစာထဲမှာ “ခရစ်တော်ကို ဆန့်ကျင်သူ (အန္တိခရစ်) များစွာ” ရှိတယ်လို့ ဖော်ပြထားတဲ့အတွက် လူတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုလောက်ပဲ မဟုတ်ပါဘူး။ (၁ ယောဟန် ၂:၁၈) အောက်မှာ ဖော်ပြထားတဲ့သူတွေကိုလည်း အန္တိခရစ်လို့ ခေါ်တယ်–

  •   ယေရှုကို ခရစ်တော် (ဟေဗြဲ ဘာသာစကားနဲ့ မေရှိယ) အဖြစ်၊ ဘုရားရဲ့သားတော်အဖြစ် ငြင်းပယ်သူများ။​—၁ ယောဟန် ၂:၂၂

  •   ယေရှုကို ဘုရားသခင် ဘိသိက်ပေးထားသူအဖြစ် လက်မခံသူများ။—ဆာလံ ၂:၁၊ ၂; လုကာ ၁၁:၂၃

  •   ခရစ်တော်ဖြစ်ယောင်ဆောင်သူများ။—မဿဲ ၂၄:၂၄

  •   ယေရှုရဲ့ နောက်လိုက်တွေကို ညှဉ်းပန်းနှိပ်စက်သူများ၊ အကြောင်းက နောက်လိုက်တွေကို ညှဉ်းပန်းနှိပ်စက်တာက မိမိကို နှိပ်စက်တာလို့ ယေရှု သဘောထားလို့ ဖြစ်တယ်။—တမန်တော် ၉:၅

  •   မတရားမှုတွေ၊ လှည့်ဖြားမှုတွေ လုပ်နေရင်း တစ်ဖက်မှာ ကိုယ့်ကိုယ်ကိုယ် ခရစ်ယာန်ပါလို့ မဟုတ်မမှန် ပြောနေသူများ။—မဿဲ ၇:၂၂၊ ၂၃; ၂ ကောရိန္သု ၁၁:၁၃

 အဲဒီလုပ်ရပ်တွေကို လုပ်နေတဲ့ ဘယ်သူ့ကိုမဆို အန္တိခရစ်လို့ ခေါ်တဲ့အပြင် သူတို့ကို ခြုံငုံပြီးတော့ “ခရစ်တော်ကို ဆန့်ကျင်သူ (အန္တိခရစ်)” လို့လည်း ကျမ်းစာထဲမှာ ဖော်ပြထားပါတယ်။ (၂ ယောဟန် ၇) တမန်တော်တွေ အချိန်ကတည်းက အန္တိခရစ်ဆိုတာ ပထမဦးဆုံး ပေါ်လာခဲ့ပြီး အခုထက်ထိ ရှိနေဦးမယ်ဆိုတာ ကျမ်းစာထဲမှာ ကြိုပြောထားပါတယ်။—၁ ယောဟန် ၄:၃

အန္တိခရစ်မှန်း ဘယ်လို ခွဲခြားသိနိုင်မလဲ

  •   အန္တိခရစ်တွေဟာ ယေရှုအကြောင်းကို အမှန်အတိုင်း မသွန်သင်ကြဘူး။ (မဿဲ ၂၄:၉၊ ၁၁) ဥပမာ၊ သုံးပါးပေါင်းတစ်ဆူ အယူဝါဒနဲ့ ယေရှုဟာ ဘုရားသခင် ဖြစ်တယ်လို့ သွန်သင်ပေးနေတဲ့သူတွေက “ခမည်းတော်သည် ငါ့ထက် သာ၍ ကြီးမြတ်” တယ်လို့ ယေရှု ပြောခဲ့တဲ့ စကားကို ဆန့်ကျင်နေတာ ဖြစ်တယ်။—ယောဟန် ၁၄:၂၈

  •   အန္တိခရစ်တွေဟာ ဘုရားသခင့်နိုင်ငံတော် လုပ်ဆောင်ပုံအကြောင်း ယေရှု ပြောခဲ့တဲ့ အချက်တွေကို ငြင်းပယ်ကြတယ်။ ဥပမာ၊ ဘာသာရေး ခေါင်းဆောင်တချို့က ယေရှုဟာ လူ့အစိုးရတွေကို အသုံးပြုပြီး အုပ်ချုပ်မယ်လို့ ပြောကြတယ်။ သူတို့ရဲ့ပြောဆိုချက်တွေက “ငါ၏ နိုင်ငံသည် ဤလောကနှင့် မသက်ဆိုင်” ဘူးလို့ ယေရှု ပြောခဲ့တဲ့ စကားနဲ့ လုံးဝ ဆန့်ကျင်နေပါတယ်။—ယောဟန် ၁၈:၃၆

  •   အန္တိခရစ်တွေဟာ ယေရှုကို သူတို့ရဲ့သခင်ပါလို့ ပြောနေပေမဲ့ ကိုယ်တော်ရဲ့မိန့်မှာချက်တွေကို မလိုက်နာကြဘူး။ အဲဒီအထဲမှာ နိုင်ငံတော်အကြောင်း လူတွေကို ဟောပါဆိုတဲ့ မိန့်မှာချက်လည်း ပါတယ်။—မဿဲ ၂၈:၁၉၊ ၂၀; လုကာ ၆:၄၆; တမန်တော် ၁၀:၄၂