မာတိကာဆီ ကျော်သွား

မိသားစုအတွက် အကူအညီ | သားသမီး ပြုစုပျိုးထောင်ခြင်း

သားသမီးတစ်ယောက် အသက်ဆက်ရှင်ချင်စိတ် မရှိတော့တဲ့အခါ

သားသမီးတစ်ယောက် အသက်ဆက်ရှင်ချင်စိတ် မရှိတော့တဲ့အခါ

 မကြာသေးခင်က နိုင်ငံတချို့မှာ ဆယ်ကျော်သက်တွေ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုနှုန်း သိသိသာသာ တိုးများလာတယ်။ ဘာကြောင့် ဒီလို ဖြစ်ရသလဲ။ သင့်သားသမီးမှာကော ဒီအန္တရာယ် ရှိနေနိုင်သလား။

ဒီဆောင်းပါးမှာ

 လူငယ်တွေ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး မိဘတွေ ဘာကြောင့် စိတ်ဝင်စားသင့်သလဲ

 အမေရိကန်ပြည်ထောင်စုမှာ ၂၀၀၉ ကနေ ၂၀၁၉ ခုနှစ်အတွင်း စိတ်ကျဝေဒနာခံစားရတဲ့ အထက်တန်း ကျောင်းသူ/သား ၄၀ ရာခိုင်နှုန်း တိုးများလာတယ်။ တစ်ချိန်တည်းမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုနှုန်းလည်း တိုးများလာတယ်။ a

 “ဒီနေ့ခေတ် လူငယ်တွေ ကြုံနေရတဲ့ ပြဿနာတွေဟာ အရင်ကနဲ့ မတူဘူး။ . . . အဲဒီပြဿနာတွေကြောင့် လူငယ်တွေရဲ့ စိတ်ကျန်းမာရေး ဆိုးဆိုးရွားရွား ထိခိုက်နေပြီ။”—အမေရိကန် ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရာရှိချုပ် ဗီဗက် မာသီ။

 ကျမ်းစာ အခြေခံမူ။ “ကြေကွဲတဲ့စိတ်ကတော့ ခွန်အားဆုတ်ယုတ်စေတယ်။”—ပညာအလိမ္မာ ၁၇:၂၂

 ကိုယ့်သားသမီးမှာ အန္တရာယ်ရှိမရှိ ဘယ်လို သိနိုင်မလဲ

 အောက်ပါ အချက်တွေကို သုံးသပ်ကြည့်ပါ။

  •   အဖြစ်အပျက်။ အပယ်ခံရတာ၊ ရည်းစားနဲ့ ပြတ်သွားတာ၊ ရှုံးနိမ့်မှု တစ်ခုခု ရင်ဆိုင်ရတာ၊ ချစ်ရသူတစ်ဦး ဆုံးပါးသွားတာစတဲ့ ဖြစ်ရပ်ဆိုးတစ်ခုခုကို သားသမီး ကြုံတွေ့ခဲ့ရသလား။ ဒီဖြစ်ရပ်ဆိုးတွေကြောင့် သားသမီးဟာ သင်ထင်ထားတာထက်ပိုပြီး စိတ်သောကရောက်နေသလား။

  •   အပြုအမူ။ သားသမီးက အရင်လို သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ မပေါင်းသင်းတော့တာ၊ ဝါသနာပါရာတွေအပေါ် စိတ်ဝင်စားမှု မရှိတော့တာမျိုး ဖြစ်နေသလား။ သူ သိပ်တန်ဖိုးထားတဲ့ ပစ္စည်းတွေကို တခြားသူတွေကို ပေးလိုက်သလား။

  •   အပြောအဆို။ ‘အမေ၊ အဖေတို့အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ချင်ဘူး၊’ ‘သမီး bသာ သေသွားရင် ကောင်းမှာ’ ဆိုပြီး ပြောတတ်သလား။ သေခြင်းအကြောင်း ပြောသလား။

     တစ်ခါတလေ သားသမီးတွေက ဒီအတိုင်း “မဆင်မခြင်” ပြောမိတတ်ကြပါတယ်။ (ယောဘ ၆:၃) ဒါပေမဲ့ တစ်ခါတလေတော့ သူတို့ ပြောပြနေတဲ့ စကားတွေက အကူအညီတောင်းနေတဲ့ လက္ခဏာတွေပါ။ သားသမီးက သေချင်တယ်ဆိုပြီး တစ်ခွန်းတလေ ဖွင့်ဟလာခဲ့ရင်တောင် လုံးဝ ပေါ့ပေါ့တန်တန် သဘောမထားပါနဲ့။

 ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ် ရှိခဲ့ဖူးတယ်လို့ ဖြေမယ်ဆိုရင် “ဘယ်အချိန်မှာ၊ ဘယ်လိုပုံစံနဲ့ လုပ်ဖို့ စဉ်းစားဖူးသလဲ” လို့ မေးကြည့်နိုင်တယ်။ သူပေးလာတဲ့အဖြေကနေ သူ့အခြေအနေ ဘယ်လောက်အရေးပေါ် ဖြစ်နေပြီလဲဆိုတာ သိနိုင်တယ်။

 “ကလေးတွေရဲ့ အဖြေကို ကြားရမှာ ကြောက်လို့ မိဘတွေက မမေးချင်ကြဘူး။ ဒါပေမဲ့ သားသမီးတွေ ပြောပြတာက သူတို့ တကယ် ခံစားနေရတဲ့အရာဆိုရင် သိထားဖို့ အရေးကြီးတယ်။”—ဆန်ဒရာ။

 ကျမ်းစာ အခြေခံမူ။ “စိတ်ထဲက အတွေးတွေဟာ နက်ရှိုင်းတဲ့ရေနဲ့ တူတယ်။ ပိုင်းခြားသိမြင်နိုင်စွမ်းရှိသူကတော့ ခပ်ယူတတ်တယ်။”—ပညာအလိမ္မာ ၂၀:၅

 သားသမီးက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ စဉ်းစားနေရင် ဘာလုပ်ရမလဲ

  •   သားသမီးရဲ့ ခံစားချက်ကို စိတ်ရှည်ရှည် နှိုက်ထုတ်ပါ။ အရင်ဆုံး၊ အမှန်အတိုင်း ဖြေပေးတဲ့အတွက် ချီးမွမ်းပေးပါ။ ပြီးနောက် “သမီးရဲ့ အခြေအနေကို နားလည်ပေးချင်တယ်။ အခုတလော သမီး ဘာတွေ ကြုံနေရသလဲ။ ဘယ်လိုခံစားနေရသလဲ” စသဖြင့် ပြောနိုင်တယ်။

     သားသမီး ပြောပြတာကို စိတ်ရှည်ရှည် နားထောင်ပေးပါ။ ဘာမဟုတ်တာလေးနဲ့ ဖြစ်ပျက်နေတာ ဆိုပြီး ကောက်ချက်မချလိုက်ပါနဲ့၊ ဖြေရှင်းနည်း ချက်ချင်း ပေးတာမျိုး မလုပ်ပါနဲ့။

     ကျမ်းစာ အခြေခံမူ။ “နားထောင်ဖို့ အမြဲ အသင့်ဖြစ်နေရမယ်။ စကားပြောတဲ့အခါမှာ မစဉ်းစားမဆင်ခြင်ဘဲ မပြောရဘူး။ လွယ်လွယ်နဲ့ ဒေါသမထွက်ရဘူး။”—ယာကုပ် ၁:၁၉

  •   ဘေးကင်းရေး အစီအစဉ်တစ်ခု ဆွဲပါ။ အောက်ပါအချက်တွေကို သားသမီး သေသေချာချာ သိပြီး ချရေးနိုင်အောင် ကူညီပေးပါ–

     အန္တရာယ် လက္ခဏာများ။ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ် မပေါက်ခင် ဘာတွေ လုပ်လေ့ရှိသလဲ၊ ဘယ်လို တွေးလေ့ရှိသလဲ။

     စိတ်ထွက်ပေါက်။ ဖိတ်ဖိစီးမှု လျော့နည်းဖို့၊ အာရုံပြောင်းဖို့ ဘာတွေလုပ်ရင် အထိရောက်ဆုံး ဖြစ်မလဲ။

     ဖေးမပေးမယ့်သူ။ ချက်ချင်း အကူအညီတောင်းလို့ရမယ့်သူတွေ ရှိသလား။ မိဘ၊ ယုံကြည်စိတ်ချနိုင်တဲ့ လူကြီးတစ်ယောက်၊ စိတ်ကျန်းမာရေး ဆရာဝန်၊ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ချင်သူတွေကို ကူညီပေးတဲ့ အဖွဲ့အစည်း စတာတွေ ဖြစ်နိုင်တယ်။

    ဘေးကင်းရေး အစီအစဉ်တစ်ခု ဆွဲပါ

     ကျမ်းစာ အခြေခံမူ။ “ဝီရိယရှိသူရဲ့အစီအစဉ်တွေ ကျိန်းသေ အောင်မြင်လိမ့်မယ်။”—ပညာအလိမ္မာ ၂၁:၅

  •   အမြဲ သတိချပ်နေပါ။ သားသမီးရဲ့ အခြေအနေ ကောင်းလာပုံပေါက်ရင်တောင် အမြဲ သတိထားကြည့်နေပါ။

     “ကျွန်တော့်သားက သူ့မှာ သတ်သေချင်စိတ် ပျောက်သွားပြီလို့ပြောတော့ ကိစ္စက အဲဒီမှာတင် ပြီးသွားပြီလို့ ထင်ခဲ့တာ။ အမှားကြီး မှားသွားတာပဲ။ တကယ်တော့ ပြဿနာ နောက်တစ်ခု ကြုံလာတာနဲ့ ရုတ်တရက်ဆိုသလို ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ် ပြန်ဝင်လာနိုင်တယ်။”—ဒန်နီယယ်။

     စိတ်ခံစားချက်တွေဟာ ယာယီပဲဆိုတာ သားသမီးတွေ နားလည်အောင် ကူညီပေးပါ။ စာအုပ်တစ်အုပ် (The Whole-Brain Child) မှာ ဒီလို ရေးသားထားတယ်– “စိတ်ခံစားချက်တွေဟာ ရာသီဥတုလိုပါပဲ။ ဒါကြောင့် မိုးသည်းထဲမှာ ရပ်နေလျက်နဲ့ မိုးမရွာပါဘူးလို့ ပြောတာက အဓိပ္ပာယ်မရှိသလို ဘယ်တော့မှ နေသာလာမှာ မဟုတ်ဘူးလို့ ပြောတာကလည်း အဓိပ္ပာယ်မရှိဘူး။”

  •   သားသမီးကို အားပေးပါ။ သားသမီးကို ချစ်ကြောင်း၊ သင့်ကို အားကိုးလို့ ရကြောင်း ပြောပြပါ။ “ဒါကို ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့ အဖေ/အမေ လုပ်နိုင်တာမှန်သမျှ ဘာမဆို လုပ်မယ်” လို့လည်း အသိပေးနိုင်တယ်။

     ကျမ်းစာ အခြေခံမူ။ “မိတ်ဆွေစစ်ဆိုတာ အချိန်အခါမရွေး မေတ္တာပြတတ်တယ်။ သူဟာ ဒုက္ခရောက်ချိန်မှာ အားကိုးရတဲ့ ညီအစ်ကိုပဲ။”—ပညာအလိမ္မာ ၁၇:၁၇

a စိတ်ကျဝေဒနာ ခံစားရသူ အများစုက ကိုယ့်ကိုယ်ကိုယ် သတ်မသေကြပါဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားသူ အများစုက သတ်သေချိန်မှာ စိတ်ကျဝေဒနာ ခံစားနေရသူတွေ ဖြစ်တယ်။

b သမီးလို့ သုံးနှုန်းပေမဲ့ သားကိုလည်း ရည်ညွှန်းပါတယ်။