မာတိကာဆီ ကျော်သွား

မိသားစုအတွက် အကူအညီ

ရှုံးနိမ့်မှုကို လက်ခံတတ်အောင် သားသမီးတွေကို လေ့ကျင့်ပေးနိုင်ပုံ

ရှုံးနိမ့်မှုကို လက်ခံတတ်အောင် သားသမီးတွေကို လေ့ကျင့်ပေးနိုင်ပုံ

 သင့်ကလေးဟာ တစ်ချိန်မဟုတ် တစ်ချိန် ရှုံးနိမ့်မှုတွေ၊ စိတ်ပျက်စရာတွေကို ကြုံတွေ့ခံစားရနိုင်တယ်။ ပြန်နာလန်ထူနိုင်အောင် ဘယ်လို ကူညီပေးမလဲ။

 သိထားသင့်ရာ

 ရှုံးနိမ့်မှုကို လူတိုင်း ကြုံရကြတယ်။ “ကျွန်တော်တို့အားလုံး ခဏခဏ မှားတတ်ကြတယ်” လို့ ကျမ်းစာ ဆိုထားတယ်။ (ယာကုပ် ၃:၂) ကလေးတွေလည်း မှားတတ်၊ လဲတတ်ကြတယ်။ ဒါပေမဲ့ ကောင်းကျိုးကတော့ အခက်အခဲ ကြုံရတဲ့ကလေးတွေဟာ စိတ်ဓာတ်ကြံ့ခိုင်လာဖို့ အကြောင်းများတယ်။ မွေးရာပါ အရည်အသွေး မဟုတ်လို့ စိတ်ဓာတ်ကြံ့ခိုင်လာအောင် သင်ပေးရမယ်။ “မသိလိုက်ဘာသာ နေမယ့်အစား ရှုံးနိမ့်မှုကို လက်ခံနိုင်အောင် သားသမီးတွေကို လေ့ကျင့်ပေးတာ ပိုအကျိုးရှိမှန်း ကျွန်မတို့လင်မယား သိခဲ့ရတယ်။ မျှော်မှန်းထားတဲ့အတိုင်း ဖြစ်မလာတဲ့အခါ ဘယ်လို ရင်ဆိုင်ခံရပ်ရမယ်ဆိုတာ ကလေးတွေ သိသွားတယ်” လို့ လော်ရာ ဆိုတဲ့ မိခင် ပြောပြတယ်။

 ကလေးအတော်များများ ရှုံးနိမ့်မှုကို လက်ခံဖို့ ခက်တတ်ကြတယ်။ တချို့ကလေးတွေ ရှုံးနိမ့်မှုကို လက်မခံတတ်ကြတာဟာ မိဘတွေက နေရာတကာ ဝင်ကာကွယ်ပေးနေကြလို့ ဖြစ်တယ်။ ဥပမာ၊ ကျောင်းမှာ ကိုယ့်ကလေး စာညံ့တဲ့အခါ ဆရာ/မကို တန်းအပြစ်ဖို့ကြတယ်။ ကလေးချင်း ရန်ဖြစ်ရင်လည်း ချက်ချင်းပဲ တစ်ဖက်ကလေးကို အပြစ်ဖို့တတ်ကြတယ်။

 မိဘတွေ အဲဒီလို နေရာတကာ ကာဆီးကာဆီး လုပ်နေမှတော့ သားသမီးတွေ ကိုယ့်အမှားကို ဘယ်တာဝန်ယူတတ်တော့မလဲ။

 လုပ်ဆောင်နိုင်ရာ

  •   ကိုယ်လုပ်တဲ့အတိုင်း ခံရတတ်ကြောင်း သားသမီးတွေကို သင်ပေးပါ။

     “လူဟာ မျိုးစေ့ကြဲတဲ့အတိုင်း ရိတ်သိမ်းရလိမ့်မယ်” လို့ ကျမ်းစာမှာ ဆိုထားတယ်။—ဂလာတိ ၆:၇

     လုပ်ရပ်တိုင်းမှာ အကျိုးဆက်ဆိုတာ ရှိတယ်။ ပျက်စီးသွားရင် ပြင်ဆင်စရိတ်ဆိုတာ ရှိတယ်။ အမှားလုပ်မိရင် ဆိုးကျိုးတွေ ရတတ်တယ်။ အကြောင်းတရားကြောင့် အကျိုးတရား ရှိတယ်၊ ကိုယ့်လုပ်ရပ် ကိုယ်တာဝန်ယူရတယ်ဆိုတာ ကလေးတွေ သိထားသင့်တယ်။ ဒါကြောင့် ကလေး မှားတဲ့အခါ ကာဆီးကာဆီး လုပ်ပြီး သူတစ်ပါးကို အပြစ် မဖို့ပါနဲ့။ အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ အကျိုးဆက်တွေ ခံစားပါစေ။ မှားယွင်းတဲ့ ကိုယ့်လုပ်ရပ်ကြောင့် ဆိုးကျိုးခံစားရတယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း သိစေပါ။

  •   ဖြေရှင်းနည်း ရှာတွေ့ဖို့ သားသမီးတွေကို ကူညီပေးပါ။

     ကျမ်းစာအခြေခံမူ။ “ဖြောင့်မတ်သူက ခုနစ်ကြိမ် လဲရင်တောင် ပြန်ထလိမ့်မယ်။”—ပညာအလိမ္မာ ၂၄:၁၆

     ရှုံးနိမ့်တာဟာ စိတ်ဆင်းရဲစရာပါ။ ဒါပေမဲ့ ဘဝလမ်းဆုံး မဟုတ်သေးပါဘူး။ မတရားဘူးလို့ ထင်ရတဲ့အခြေအနေကြောင့် မကျေမနပ် ဖြစ်နေမယ့်အစား ဖြေရှင်းနည်းကို ရှာဖို့ ကူညီပေးပါ။ ဥပမာ၊ သားက ကျောင်းစာမေးပွဲ ကျတယ် ဆိုပါစို့။ နောက်တစ်ကြိမ် ထပ်မကျအောင် စာကြိုးစားနိုင်ပုံကို နားလည်အောင် ကူညီပေးပါ။ (ပညာအလိမ္မာ ၂၀:၄) သမီးက သူငယ်ချင်းနဲ့ ရန်ဖြစ်ထားတယ် ဆိုပါစို့။ ကိုယ့်အမှား မဟုတ်သည့်တိုင် တောင်းပန်စကား ပြောပြီး ပြန်သင့်မြတ်နိုင်ပုံကို သင်ပေးပါ။—ရောမ ၁၂:၁၈။ ၂ တိမောသေ ၂:၂၄

  •   ကျိုးနွံစိတ်ရှိဖို့ သားသမီးတွေကို သင်ပေးပါ။

     ကျမ်းစာအခြေခံမူ။ “ခင်ဗျားတို့ယောက်တိုင်းကို ပြောချင်တယ်။ ကိုယ့်ကိုယ်ကိုယ် ထင်သင့်တာထက် ပိုပြီးမထင်ကြပါနဲ့။”—ရောမ ၁၂:၃

     သင့်ကလေးကို “အတော်ဆုံး” လို့ ပြောတာက လက်တွေ့မကျသလို အကျိုးလည်း မရှိဘူး။ တကယ်ထူးချွန်တဲ့ ကလေးတွေတောင် ကျောင်းမှာ အဆင့်တစ် အမြဲရတာ မဟုတ်ဘူး။ အားကစား ထူးချွန်တဲ့ကလေးတွေလည်း အမြဲ အနိုင်ရတာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် မျှမျှတတ ရှုမြင်တတ်တဲ့ ကလေးတွေဟာ ရှုံးနိမ့်မှုတွေ၊ စိတ်ပျက်စရာတွေကို လက်ခံတတ်ကြတယ်။

     အခက်အခဲ ကြုံရခြင်းက စိတ်ဓာတ်ကြံ့ခိုင်လာစေတယ်၊ ခံနိုင်ရည်ရှိစေတယ်လို့ ကျမ်းစာမှာ ဆိုထားတယ်။ (ယာကုပ် ၁:၂-၄) ဒါကြောင့် ရှုံးနိမ့်မှုတွေ၊ စိတ်ပျက်စရာတွေဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတွေပဲဆိုတာ အရှိအတိုင်း လက်ခံနိုင်အောင် သားသမီးတွေကို လေ့ကျင့်ပေးပါ။

     တခြားအတတ်ပညာ သင်ပေးခြင်းလိုပဲ စိတ်ဓာတ်ကြံ့ခိုင်လာအောင် သင်ပေးခြင်းဟာ အချိန်နဲ့ အားထုတ်မှု လိုအပ်တယ်။ ဒါပေမဲ့ ဆယ်ကျော်သက်အရွယ် ရောက်တဲ့အခါ အကျိုးကျေးဇူး ခံစားရပါလိမ့်မယ်။ “ပြဿနာကို ရင်ဆိုင်ဖြေရှင်းတတ်တဲ့ ဆယ်ကျော်သက်တွေဟာ စိတ်ညစ်စရာ ပေါ်လာတဲ့အခါ ကမူးရှူးထိုးလုပ်ဖို့ အကြောင်းနည်းတယ်။ မမျှော်လင့်ဘဲ အခြေအနေ တစ်မျိုးပြောင်းသွားရင်လည်း အလိုက်သင့်နေတတ်ကြတယ်” လို့ Letting Go With Love and Confidence စာအုပ်က ဆိုတယ်။ စိတ်ဓာတ်ကြံ့ခိုင်အောင် သင်ပေးခြင်းက လူကြီးဘဝအထိ အကျိုးပြုပါလိမ့်မယ်။

 အကြံပြုချက်။ စံနမူနာပြပါ။ လောကဓံကို သင် ရင်ဆိုင်ဖြေရှင်းပုံအတိုင်း သားသမီးတွေကို လေ့ကျင့်ပေးတတ်တယ်ဆိုတာ သတိရပါ။