မာတိကာဆီ ကျော်သွား

မိသားစုအတွက် အကူအညီ | သားသမီး ပြုစုပျိုးထောင်ခြင်း

ဖခင်ကောင်းဖြစ်နိုင်ပုံ

ဖခင်ကောင်းဖြစ်နိုင်ပုံ

 ဖခင်ရဲ့အခန်းကဏ္ဍက ဘာလဲ

  •   ကလေး မမွေးဖွားခင်။ အခုအချိန်မှာ ဘယ်လို ခင်ပွန်းမျိုး သင် ဖြစ်နေသလဲဆိုတဲ့အချက်က နောက်ပိုင်းမှာ ဘယ်လိုဖခင်မျိုး ဖြစ်လာမယ်ဆိုတာကို ဖော်ပြနေတယ်။ စာအုပ်တစ်အုပ် (Do Fathers Matter?) မှာ အခုလို ရေးထားတယ်–

     “ဖခင်တစ်ယောက်က ကိုယ်ဝန်သည်ဇနီးကို ကူညီပြီး စားစရာတွေ ဝယ်ပေးတယ်၊ ဆရာဝန်ဆီ ခေါ်သွားတယ်၊ သန္ဓေသားကို အာထရာဆောင်းနဲ့ ကြည့်တယ် ဒါမှမဟုတ် သူ့နှလုံးခုန်သံကို နားထောင်တယ်ဆိုရင် ကလေးမွေးလာပြီး နောက်ပိုင်းမှာလည်း မိခင်နဲ့ကလေးကို ဆက်စောင့်ရှောက်ပေးနိုင်ခြေများတယ်။”

     “ကိုယ်ဝန်ဆောင်နေချိန်မှာ ကျွန်တော့်ဇနီးကို တစ်ယောက်တည်း ကျော်ဖြတ်နေရတယ်လို့ မခံစားစေချင်ဘူး။ ဒါကြောင့် သူ့အတွက် လုပ်နိုင်တာမှန်သမျှ လုပ်ပေးတယ်။ ကလေးအတွက်အခန်း အတူပြင်ဆင်ကြတယ်။ မွေးလာမယ့် ကလေးလေးအတွက် အတူတူ ကြိုတင်ပြင်ဆင်လုပ်ကိုင်ရတာက ကျွန်တော်တို့နှစ်ယောက်အတွက် အမှတ်တရအချိန်လေးပါပဲ။”—ဂျိမ်းစ်။

     ကျမ်းစာအခြေခံမူ။ “ကိုယ့်အကျိုးကိုပဲ အာရုံမစိုက်ပါနဲ့၊ သူတစ်ပါးအကျိုးကိုလည်း ထည့်စဉ်းစားပေးကြပါ။”—ဖိလိပ္ပိ ၂:၄

  •   ကလေး မွေးဖွားပြီးနောက်။ သင့်ရဲ့မွေးကင်းစကလေးကို ချီပွေ့တာ၊ သူနဲ့ ကစားတာက နှောင်ကြိုးရစ်ဖွဲ့စေတယ်။ မိန်းမကို ကူညီပြီး ကလေးထိန်းပေးပါ။ ဖခင်တစ်ဦးအနေနဲ့ သင်လုပ်ဆောင်နေတာတွေက ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုအပေါ် အများကြီး အကျိုးသက်ရောက်မှုရှိတယ်။ ကလေးနဲ့ နှောင်ကြိုးဖွဲ့ဖို့ ကြိုးစားတာက သူ့ကို တန်ဖိုးထားကြောင်း ပြနေတာပဲ။

     “ကလေးနဲ့ တစ်သားတည်း ဖြစ်အောင်နေပါ။ သူနဲ့ နောက်ပြောင် ဆော့ကစားပါ။ မျက်နှာထားတည်တည်ကြီးနဲ့ မနေပါနဲ့။ ကလေးငယ်ကို မေတ္တာအကြောင်း စသင်ပေးနိုင်သူက မိဘဖြစ်သူဆိုတာ သတိရပါ။”—ရစ်ချတ်။

     ကျမ်းစာအခြေခံမူ။ “သားသမီးတွေဟာ ယေဟောဝါပေးတဲ့ အမွေပဲ။ ရင်သွေးတွေဟာ ဘုရားပေးတဲ့ ဆုလာဘ်ပဲ။”—ဆာလံ ၁၂၇:၃

  •   ကလေး ကြီးပြင်းလာချိန်။ ဖခင်နဲ့ ရင်းရင်းနှီးနှီးနေတဲ့ ကလေးတွေက ကျောင်းမှာ ပိုတော်ကြတယ်၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ပိုနည်းတယ်၊ မူးယစ်ဆေးအလွဲသုံးနိုင်ခြေ ဒါမှမဟုတ် ပြစ်မှုတွေမှာ ပါဝင်နိုင်ခြေ ပိုနည်းတယ်လို့ သုတေသနမှတ်တမ်းတွေအရ သိရတယ်။ သင့်ကလေးနဲ့ ကောင်းတဲ့ဆက်ဆံရေးရှိလာစေဖို့ အချိန်ယူ ပြုစုပျိုးထောင်ပါ။

     “အိမ်ကနေထွက်သွားတဲ့အခါ သတိအရဆုံးက အတူတူ ခရီးဝေးထွက်ပြီး ကားမောင်းရင်း စကားပြောဖြစ်ခဲ့တဲ့အချိန်တွေ၊ ညစာစားရင်း စကားပြောဖြစ်ခဲ့တဲ့အချိန်တွေပဲလို့ သားလေး ပြောပြတယ်။ အမှတ်တရအဖြစ်ဆုံး စကားလက်ဆုံကျခဲ့ချိန်တွေက ကျွန်တော် လုံးဝ မထင်ထားတဲ့အချိန်မှာ ဖြစ်ခဲ့တာ။ သားလေးနဲ့ အချိန်အများကြီး ပေါင်းသင်းခဲ့လို့ အဲဒီလိုဆက်ဆံရေးရခဲ့တာ။”—ဒန်းနစ်။

     ကျမ်းစာအခြေခံမူ။ “ဉာဏ်ပညာမဲ့သူတွေလို မဟုတ်ဘဲ ဉာဏ်ပညာရှိသူတွေလို ကျင့်ကြံပြုမူနေရဲ့လားဆိုတာ အထူးသတိပြုကြပါ။ . . . အချိန်ကို အကျိုးရှိရှိ အသုံးချကြပါ။”—ဧဖက် ၅:၁၅၊ ၁၆

 ဖခင်ရဲ့အခန်းကဏ္ဍက ဘာကြောင့်ထူးခြားသလဲ

 အများအားဖြင့် ဖခင်တွေကို မိသားစု စားဝတ်နေရေးအတွက် ရှာဖွေပေးသူနဲ့ မိသားစုကို ကာကွယ်ပေးသူအဖြစ်၊ မိခင်တွေကိုတော့ မိသားစုကို ယုယကြင်နာပေးသူအဖြစ် ရှုမြင်ကြတယ်။ (တရားဟောရာ ၁:၃၁။ ဟေရှာယ ၄၉:၁၅) တချို့မိသားစုတွေမှာ ဖခင်တာဝန်၊ မိခင်တာဝန်ကို တစ်ယောက်တည်း ထမ်းနေရသူတွေ ရှိတယ်။ ဒါပေမဲ့ ဖခင်၊ မိခင် တစ်ဦးစီဟာ မိသားစုကို မတူညီတဲ့ အခန်းကဏ္ဍကနေ ထောက်မပေးနေတယ်လို့ သုတေသီတွေ ဆိုကြတယ်။ a

 အဲဒီအချက်ကို ထောက်ပြဖို့ မိသားစုသုတေသီတစ်ဦးဖြစ်သူ ဂျုးဒက် ဝေါလာစတိန်က ကိုယ်ပိုင်အတွေ့အကြုံကို အခုလို ဝေမျှထားတယ်– “သမီးလေး အသက် ၁၂ နှစ်အရွယ်မှာ ကားတိုက်ခံရတယ်။ အဖေက သူ့ကို ကာကွယ်ပေးနိုင်မှန်း ယုံကြည်လို့ လူနာတင်ကားထဲမှာ အဖေ့ကို လိုက်စေချင်တယ်။ နောက်ပိုင်း ဆေးရုံရောက်တော့ ကျွန်မကို သူ့ကုတင်ဘေးမှာ တစ်နေကုန်ထိုင်ခိုင်းပြီး အမေ့ဆီကနေ နှစ်သိမ့်မှုယူတယ်။” b

 “မိသားစုကို ဖခင်တစ်ယောက် ကာကွယ်ပေးသလို၊ တည်ငြိမ်စေသလို မိခင်တစ်ယောက်တည်းရဲ့အားနဲ့ လုပ်ပေးဖို့ ခက်နိုင်တယ်။ ဒါပေမဲ့ မိခင်က စာနာနားလည်စိတ်နဲ့ နားထောင်ပေးတတ်လို့ ကလေးတွေက မေတ္တာခံစားရတယ်။ နှစ်ယောက်စလုံးက အတွဲညီညီ လုပ်ဆောင်နေတာ။”—ဒန်နီယယ်။

 ကျမ်းစာအခြေခံမူ။ “ငါ့သား၊ ဖခင်ရဲ့ ဆုံးမစကားကို နားထောင်ပါ။ မိခင်ရဲ့ သွန်သင်ချက်ကို မပစ်ပယ်ပါနဲ့။”—ပညာအလိမ္မာ ၁:၈

 ဖခင်နဲ့ သမီးများ

 ဖခင်တစ်ယောက်အနေနဲ့ သမီးကို အမျိုးသားတွေဆီကနေ ဘယ်လိုပြုမူပြောဆိုမှုမျိုး ရထိုက်တယ်ဆိုတာကို အောက်ပါနည်းနှစ်နည်းနဲ့ သင်ပေးနိုင်ပါတယ်–

  •   အမေ့အပေါ် အဖေရဲ့ ပြုမူဆက်ဆံပုံကို ကြည့်ပြီး။ ကိုယ့်ဇနီးကို ချစ်ပြီး လေးစားမယ်ဆိုရင် အနာဂတ်မှာ ဘယ်လိုအရည်အသွေးရှိတဲ့ လူစားမျိုးကို ခင်ပွန်းအဖြစ် ရွေးချယ်သင့်တယ်ဆိုတာ သမီး သိလာမယ်။—၁ ပေတရု ၃:၇

  •   သူ့အပေါ် သင့်ရဲ့ပြုမူဆက်ဆံပုံကို ကြည့်ပြီး။ ကိုယ့်သမီးကို လေးစားကြောင်းပြတာက သူ့ကိုယ်သူ လေးစားတတ်အောင် သင်ပေးနေတာဖြစ်တယ်။ တခြားအမျိုးသားတွေလည်း သူ့ကို ဘယ်လိုပြုမူဆက်ဆံသင့်တယ်ဆိုတာ သိလာမယ်။

     အဲဒီလိုမဟုတ်ဘဲ အဖေဖြစ်သူက တရစပ်အပြစ်ရှာဝေဖန်နေမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမရှိဘူးလို့ ခံစားရပြီး အားပေးချီးမွမ်းမှုရဖို့ တခြားအမျိုးသားတွေဘက် လှည့်သွားနိုင်တယ်။ အဲဒီလူတွေက သူ့အပေါ် စိတ်ရင်းမှန်နဲ့ ဂရုမစိုက်ပေးတဲ့သူတွေ ဖြစ်နေနိုင်တယ်။

     “ဖခင်ဆီကနေ မေတ္တာနဲ့ အားပေးထောက်မမှုရထားတဲ့ သမီးတစ်ယောက်က ခင်ပွန်းကောင်းတစ်ယောက်ဖြစ်ဖို့ အရည်အချင်းမရှိသူကို တော်ရုံတန်ရုံ စိတ်ယိုင်သွားမှာမဟုတ်ဘူး။”—ဝိန်း။

a မိခင်များစွာဟာ ဖခင်ရဲ့အကူအညီမပါပဲ ကလေးတွေကို အောင်အောင်မြင်မြင် ပြုစုပျိုးထောင်နိုင်ခဲ့ကြတယ်။

b ကိုးကားစာအုပ် (The Unexpected Legacy of Divorce)