မာတိကာဆီ ကျော်သွား

မိသားစုအတွက် အကူအညီ | သားသမီး ပြုစုပျိုးထောင်ခြင်း

ကွာရှင်းခြင်းက သားသမီးတွေကို ထိခိုက်နိုင်ပုံ

ကွာရှင်းခြင်းက သားသမီးတွေကို ထိခိုက်နိုင်ပုံ

 ရန်ဖြစ်နေတဲ့ မိဘတွေနဲ့အတူ နေရတာထက် ကွာရှင်းလိုက်တာက သားသမီးတွေအတွက် ပိုကောင်းတယ်လို့ ဆက်လက်တွဲဖို့ မဖြစ်နိုင်တော့ပုံပေါက်တဲ့ စုံတွဲတွေက ပြောကြတယ်။ အထောက်အထားတွေက ဘာဖော်ပြသလဲ။

 ကွာရှင်းတာက သားသမီးတွေကို ဘယ်လို ထိခိုက်သလဲ

 ကွာရှင်းတာက သားသမီးတွေကို အလွန်ထိခိုက်ကြောင်း လေ့လာတွေ့ရှိချက်တွေက ဖော်ပြတယ်။ ကွာရှင်းထားတဲ့ မိဘတွေရဲ့ သားသမီးတွေဟာ

  •   ဒေါသထွက်၊ စိုးရိမ်ပူပန်၊ စိတ်ကျဝေဒနာတွေ ခံစားကြရတယ်

  •   တခြားသူတွေကို ထိခိုက်စေတဲ့ အပြုအမူတွေ လုပ်တတ်တယ်

  •   လေ့လာသင်ယူဖို့ ခက်ခဲတာ၊ ကျောင်းထွက်လိုက်တာတွေ ရှိတယ်

  •   ဖျားနာလွယ်တယ်

 အဲဒီအပြင် ကလေးအတော်များများက မိဘတွေ ကွာရှင်းတာဟာ မိမိတို့ကြောင့်လို့ ယူမှတ်တာ ဒါမှမဟုတ် မိဘတွေကို တားခဲ့ရမှာလို့ တွေးပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တတ်ကြတယ်။

 ကွာရှင်းထားတဲ့ မိဘတွေရဲ့ သားသမီးတွေ ကြုံတွေ့ခံစားရတဲ့ အခက်အခဲတွေက လူကြီးဘဝအထိ ဆက်ရှိနေတတ်တယ်။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမရှိဘူးလို့ ခံစားကြရတယ်။ တခြားသူတွေကိုလည်း အယုံအကြည် မရှိတော့ဘူး။ သူတို့ကိုယ်တိုင် အိမ်ထောင်မှာ ပြဿနာကြုံတွေ့တဲ့အခါ ကွာရှင်းဖို့ အကြောင်းပိုများတယ်။

 အဓိကအချက်– ကွာရှင်းလိုက်တာက သားသမီးတွေအတွက် အကောင်းဆုံးလို့ တချို့ ပြောကြပေမဲ့ အထောက်အထားတွေအရ အဲဒါက မမှန်ဘူး။ “ကွာရှင်းတာက ကလေးတွေကို အလွန်ထိခိုက်တယ်” လို့ ကလေးသူငယ်စောင့်ရှောက်ရေး ပညာရှင် ပန်နလိုပီ လိချ်က ရေးတယ်။ a

 ကျမ်းစာအခြေခံမူ– “ကိုယ့်အကျိုးကိုပဲ အာရုံမစိုက်ပါနဲ့၊ သူတစ်ပါးအကျိုးကိုလည်း ထည့်စဉ်းစားပေးကြပါ။”—ဖိလိပ္ပိ ၂:၄

 ငါ ကွာရှင်းလိုက်ရင် ကလေးတွေ ပိုပျော်မလား

 ပိုပျော်မယ်လို့ တချို့က ပြောကြတယ်။ ဒါပေမဲ့ မိဘတွေရဲ့ ခံစားချက်နဲ့ ကလေးတွေရဲ့ ခံစားချက် မတူဘူးဆိုတာ သတိရပါ။ ကွာရှင်းဖို့ စဉ်းစားတဲ့သူတွေက ဘဝသစ် စချင်ကြတယ်။ ကလေးတွေကတော့ အဖေ၊ အမေနဲ့အတူ နေချင်ကြတယ်။

 ထောင်နဲ့ချီတဲ့ ကွာရှင်းမှုတွေကို လေ့လာဆန်းစစ်ပြီးနောက်မှာ The Unexpected Legacy of Divorce စာအုပ်ကို ရေးသားသူက “အဖြေကတော့ ရှင်းပါတယ်– ပိုပျော်တယ်လို့ သားသမီးတွေ မပြောကြဘူး။ အဲဒီအစား ‘မိဘတွေ ကွာရှင်းလိုက်တဲ့နေ့က ကလေးဘဝ အဆုံးသတ်တဲ့နေ့ပဲ’ လို့ ပွင့်ပွင့်လင်းလင်း ပြောကြတယ်။” “သူတို့ဘဝရဲ့ အရင်းနှီးဆုံး ပုဂ္ဂိုလ်နှစ်ဦး ဆက်ဆံရေးနှောင်ကြိုး ပြတ်တောက်သွားတဲ့အတွက်” လူ့လောကကို “မလုံခြုံတဲ့နေရာ၊ အန္တရာယ်ရှိတဲ့နေရာလို့ သူတို့ ယူမှတ်လာကြတယ်” ဆိုပြီး စာအုပ်မှာ ရေးထားတယ်။

 အဓိကအချက်– မိဘတွေ ကွာရှင်းပြီးနောက်မှာ သားသမီးတွေ ပျော်ရွှင်တယ်လို့ မခံစားရတော့ဘူး။

 ကျမ်းစာအခြေခံမူ– “ကြေကွဲတဲ့စိတ်ကတော့ ခွန်အားဆုတ်ယုတ်စေတယ်။”—ပညာအလိမ္မာ ၁၇:၂၂

 ပူးတွဲ အုပ်ထိန်းခြင်းအကြောင်း ဘာသိထားသင့်သလဲ

 ကွာရှင်းထားသူတချို့ဟာ မိစုံဖစုံမိသားစုလို သားသမီး ထိန်းကျောင်းတဲ့တာဝန်ကို ပူးတွဲယူဖို့ အတတ်နိုင်ဆုံး ကြိုးစားကြတယ်။ ဒါပေမဲ့ ပူးတွဲ အုပ်ထိန်းတာက ခက်ပါတယ်။ ကွာရှင်းထားသူတွေဟာ အောက်ပါအခြေအနေတွေ ကြုံရနိုင်တယ်လို့ လေ့လာမှုတွေက ဖော်ပြတယ်–

  •   ကလေးတွေကို အချိန် သိပ်မပေးနိုင်ခြင်း

  •   ကလေးတွေကို သွန်သင်ရာမှာ စံနှုန်း နှစ်မျိုးဖြစ်ခြင်း

  •   မိဘတွေက မိမိတို့မှာ အပြစ်ရှိတယ်၊ ပင်ပန်းတယ်လို့ ခံစားရတဲ့အတွက် သားသမီးတွေကို အလိုလိုက်ခြင်း

 ကွာရှင်းထားတဲ့ မိဘတွေရဲ့ သားသမီးတွေဟာ မိဘစကားကို နားထောင်စရာမလိုဘူးလို့လည်း ယူဆနိုင်တယ်။ အချင်းချင်း သစ္စာမရှိတဲ့ ‘မိဘတွေရဲ့ ပြောစကားကို ဘာဖြစ်လို့ နားထောင်ရမှာလဲ” လို့ စဉ်းစားမိနိုင်တယ်။

 အဓိကအချက်– ပူးတွဲအုပ်ထိန်းတာက ကွာရှင်းထားတဲ့ မိဘတွေအတွက် ခက်ပါတယ်။ ကလေးတွေအတွက်ဆိုရင် ပိုခက်ပါတယ်။

 ကျမ်းစာအခြေခံမူ– “သားသမီးတွေကို စိတ်ဆိုးအောင် မလုပ်ကြနဲ့။ အဲဒီလိုလုပ်ရင် သူတို့ စိတ်ပျက်သွားလိမ့်မယ်။”—ကောလောသဲ ၃:၂၁

 ပိုကောင်းတဲ့နည်းလမ်း ရှိသလား

 ကွာရှင်းပြီးနောက် ဘဝသစ်စဖို့ ခက်ခက်ခဲခဲ ကြိုးစားတာထက် လက်ရှိအိမ်ထောင်တည်မြဲအောင် ကြိုးစားတာက ပိုကောင်းလေ့ရှိတယ်။ “အိမ်ထောင်ရေး အခြေအနေ ဆိုးရွားနေတာက ပြန်မကောင်းနိုင်တော့ဘူးဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူး။ မသာယာတဲ့အိမ်ထောင်တွေဟာ တဖြည်းဖြည်း သာယာလာတာတွေ ရှိတယ်” လို့ The Case for Marriage စာအုပ်က ပြောတယ်။ အချက်အလက်အားလုံးကို ထည့်စဉ်းစားလိုက်တဲ့အခါ ကလေးတွေအတွက် မိဘတွေနဲ့ အတူနေရတာက အကောင်းဆုံးပါပဲ။

 အဲဒီလိုပြောလို့ မိဘတွေ ဘယ်တော့မှ မကွာရှင်းရဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ အိမ်ထောင်ဖက်က လိင်အကျင့် ယိုယွင်းတယ်ဆိုရင် ကွာရှင်းနိုင်တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (မဿဲ ၁၉:၉) ဒါပေမဲ့ “အမြော်အမြင်ရှိသူကတော့ ခြေလှမ်းတိုင်းကို စဉ်းစားဆင်ခြင်တတ်တယ်” လို့လည်း ဖော်ပြထားတယ်။ (ပညာအလိမ္မာ ၁၄:၁၅) ပြဿနာရှိတဲ့အိမ်ထောင်မှာ လင်မယားနှစ်ယောက် ကွာရှင်းဖို့ စဉ်းစားမယ်ဆိုရင် ကလေးတွေကို ထိခိုက်နိုင်တဲ့အချက်တွေ အပါအဝင် အခြေအနေ အရပ်ရပ်ကို ထည့်စဉ်းစားသင့်တယ်။

 များစွာသောသူတွေကတော့ အခြေအနေပိုကောင်းလာအောင် မကြိုးစားဘဲ အတူနေရုံ နေနေကြတယ်။ သာယာခိုင်မြဲတဲ့ အိမ်ထောင်တစ်ခု တည်ဆောက်ဖို့ လိုအပ်တဲ့ အရည်အသွေးတွေ မွေးမြူနိုင်အောင် ဇနီးမောင်နှံတွေကို ကူညီပေးမယ့် အကောင်းဆုံး အကြံဉာဏ်ကို ကျမ်းစာမှာ ဖော်ပြထားတယ်။ ဒီလိုပေးနိုင်တာကလည်း ကျမ်းစာအာဘော်ရှင်ဖြစ်တဲ့ ယေဟောဝါဘုရားက အိမ်ထောင်အစီအစဉ်ကို အစပြုခဲ့တဲ့အရှင် ဖြစ်လို့ပါပဲ။—မဿဲ ၁၉:၄-၆

 ကျမ်းစာအခြေခံမူ– ‘ငါယေဟောဝါဟာ မင်းတို့ရဲ့ ဘုရားသခင်ပဲ။ မင်းတို့ကောင်းကျိုးအတွက် သွန်သင်ပေးတဲ့အရှင်ပဲ။’—ဟေရှာယ ၄၈:၁၇

a Your Growing Child—From Babyhood Through Adolescence စာအုပ်မှ။