မာတိကာဆီ ကျော်သွား

သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ | မိရိအံ

“ယေဟောဝါ​ကို ချီးမွမ်း​သီချင်း ဆို​ကြ​စို့”

“ယေဟောဝါ​ကို ချီးမွမ်း​သီချင်း ဆို​ကြ​စို့”

မိန်းကလေး​တစ်ယောက် မလှုပ်​မယှက် တိတ်တိတ်လေး ပုန်း​နေပြီး ကျူပင်​တွေ​ကြားထဲ​ကို စိုက်ကြည့်​နေတယ်။ နိုင်း​မြစ်ရေ​က​တော့ တငြိမ့်ငြိမ့် စီးဆင်း​နေတယ်။ အချိန်တွေ တဖြည်းဖြည်း ကုန်​သွားပြီ။ သူ​အနားမှာ ပိုးကောင်​တွေ တဝီဝီ ပျံဝဲ​နေပေမဲ့ သူကတော့ စောင့်​ပြီး​ရင်း စောင့်နေ​တယ်။ သူ စိုက်ကြည့်​နေတာ​က ရေ​လုံ​တဲ့ ခြင်းတောင်း​တစ်ခု​ပဲ။ အဲဒီ​ထဲမှာ သူ့​မောင်လေး ရှိတယ်။ ခြင်းတောင်း​ထဲမှာ တစ်ယောက်​တည်း ရှိနေတဲ့ မောင်လေး​အကြောင်း စဉ်းစား​လိုက်ရင် သူ ရင်​ကွဲ​မတတ် ခံစား​ရတယ်။ ဒါပေမဲ့ မိဘတွေ ဒီလိုလုပ်​တာ မှန်တယ်​ဆိုတာ သူ သိတယ်။ ဒီ​အချိန်​မှာ မောင်လေး အသက်ရှင်​နိုင်တဲ့​နည်း​က ဒီ​တစ်နည်း​ပဲ ရှိတယ်။

အဲဒီ​မိန်းကလေး​က တကယ့် သတ္တိ​ခဲ​လေး​ပဲ။ မကြာခင် သူ ပို​သတ္တိ​ရှိ​ရတော့မယ်။ သူဟာ ငယ်ရွယ်​ပေမဲ့ ယုံကြည်ခြင်း ခိုင်ခံ့​သူပါ။ မကြာခင် ဖြစ်ပျက်​တော့​မယ့် အဖြစ်အပျက်က သူ့မှာ ယုံကြည်ခြင်း ရှိတယ်ဆိုတာ ဖော်ပြ​ပါလိမ့်မယ်။ အဲဒီ​ယုံကြည်ခြင်းက သူ့​ဘဝ​တစ်ခုလုံး​ကို အကျိုး​သက်ရောက်​ခဲ့တယ်။ သူ အသက်ကြီး​လာတဲ့အခါ သူ့​လူမျိုး​ရဲ့ စိတ်​လှုပ်ရှား​စရာ အကောင်းဆုံး​အချိန်​မှာ ယုံကြည်ခြင်းက သူ့ကို လမ်းပြ​သွားမှာ ဖြစ်တယ်။ အမှား​ကြီး​တစ်ခု ကျူးလွန်​မိ​ချိန်မှာလည်း အဲဒီ​ယုံကြည်ခြင်းက​ပဲ သူ့ကို ကူညီ​ထောက်မ​ခဲ့တယ်။ သူ ဘယ်သူလဲ။ သူ့ရဲ့ ယုံကြည်ခြင်း​ကနေ ဘာသင်ယူနိုင်သလဲ။

ကျွန်​မိသားစု​ထဲ​က မိန်းကလေး မိရိအံ

ကျမ်းစာ​မှာ​တော့ အဲဒီ​ကလေး​ရဲ့ နာမည်​ကို မဖော်​ပြ​ထား​ပေမဲ့ သူ ဘယ်သူလဲ​ဆို​တာ ကျွန်တော်​တို့ သိတယ်။ သူကတော့ အီဂျစ်​ပြည်​က ဟီဘရူး​ကျွန်​တွေ ဖြစ်တဲ့ အာမရံ​နဲ့ ယောခေဗက်​တို့ရဲ့ သမီးကြီး မိရိအံ​ပါ။ (တောလည်ရာ ၂၆:၅၉) သူ့​မောင်လေး​က နောက်ပိုင်းမှာ မောရှေ ဖြစ်လာတယ်။ ခြင်းတောင်း​ထဲ​က ယောက်ျားလေး​ရဲ့ အစ်ကို အာရုန်​ဟာ အဲဒီအချိန်မှာ အသက် သုံးနှစ်လောက် ရှိမယ်။ မိရိအံရဲ့ အသက်ကို​တော့ အတိအကျ မပြော​နိုင်ပေမဲ့ ဆယ်နှစ် မပြည့်​သေး​ပုံပဲ။

မိရိအံ​ဟာ ခက်ခဲ​ကျပ်တည်း​ချိန်မှာ အသက်​ရှင်​ခဲ့တယ်။ အီဂျစ်​တွေ​ဟာ ဟီဘရူး​လူမျိုး​ကို အန္တရာယ်​ရှိသူတွေ​လို့ ယူဆ​ပြီး ကျွန်​ပြု နှိပ်စက်​ကြတယ်။ ကျွန်​တွေ ပို​တိုးပွား​လာလို့ အီဂျစ်​တွေ​လည်း ပို​ရက်စက်​လာတယ်။ မွေးလာတဲ့ ဟီဘရူး သား​ယောက်ျား​တွေ​ကို အကုန်​သတ်ပစ်ဖို့ ဖာရော အမိန့်ထုတ်​လိုက်တယ်။ ဟီဘရူး သား​ယောက်ျား​တွေ​ကို မသတ်​ဘဲ တိတ်တိတ်လေး ဝှက်​ထားတဲ့ ဟီဘရူး လက်သည် ရှိဖရ​နဲ့ ပုအာ​ရဲ့ ယုံကြည်ခြင်းကို မိရိအံ သိ​မှာ သေချာတယ်။—ထွက်မြောက်ရာ ၁:၈-၂၂

မိရိအံ​ဟာ မိဘတွေရဲ့ ယုံကြည်ခြင်းကိုလည်း မြင်တွေ့​ခဲ့တယ်။ အာမရံ​နဲ့ ယောခေဗက်​ဟာ ချစ်စရာ​ကောင်းတဲ့ တတိယ​မြောက် ကလေး​ကို မွေး​ပြီးတဲ့အခါ ကလေး​ကို သုံးလလောက် ဝှက်ထား​တယ်။ သူတို့က ဖာရောရဲ့ အမိန့်​ကို ကြောက်လန့်​ပြီး ကလေး​ကို သတ်​လိုက်တာမျိုး မလုပ်ခဲ့ဘူး။ (ဟီဘရူး ၁၁:၂၃) ဒါပေမဲ့ ကလေး​ကို ဆက်​ဝှက်ထား​ဖို့ မဖြစ်​နိုင်တော့လို့ ခက်ခဲ​တဲ့ ဆုံးဖြတ်ချက်​တစ်ခု ချက်ချင်း ချ​လိုက်ရတယ်။ ကလေး​ကို ကာကွယ်​နိုင်ပြီး ကျွေးမွေး​စောင့်ရှောက်​နိုင်​သူ တစ်ယောက်ယောက် ရှာတွေ့နိုင်​တဲ့​နေရာမှာ ကလေး​ကို ဝှက်ထား​ရမယ်​ဆိုတာ ယောခေဗက် သိတယ်။ ကျူရိုး​တွေ​နဲ့ ခြင်းတောင်း​တစ်လုံး ရက်၊ ရေ​လုံအောင် ကတ္တရာစေး သုတ်၊ ကလေး​ကို ခြင်းတောင်း​ထဲ ထည့်​ပြီး နိုင်း​မြစ်​ထဲ ချထား​ခဲ့​ချိန်မှာ ကလေး​အမေ ဘယ်လို ဆုတောင်းနေ​မယ်​ဆိုတာ မြင်ယောင်​ကြည့်​ပါ။ မိရိအံ​ကို အဲဒီမှာ​ထားခဲ့ပြီး ဘာဆက်​ဖြစ်မယ်​ဆိုတာ စောင့်ကြည့်​ခိုင်း​ထားတာ ဖြစ်နိုင်တယ်။—ထွက်မြောက်ရာ ၂:၁-၄

ကယ်တင်ရှင် မိရိအံ

မိရိအံ စောင့်ကြည့်​နေတယ်။ အချိန်တန်​တော့ လှုပ်ရှားမှု​တစ်ခုကို တွေ့​လိုက်တယ်။ အမျိုးသမီး​တစ်စု ရောက်​လာတယ်။ သူတို့က သာမန်​အီဂျစ်​အမျိုးသမီးတွေ မဟုတ်ဘူး။ ဖာရောရဲ့ သမီးတော်​က အခြွေ​အရံ​တွေ​နဲ့ နိုင်း​မြစ်​မှာ ရေချိုး​ဖို့ ရောက်​လာကြတယ်။ မိရိအံ စိတ်ပျက်​သွားမှာပဲ။ ဖာရောရဲ့ သမီးတော်​က ဘုရင့်​အမိန့်​ကို ဖီဆန်​ပြီး ဒီ​ဟီဘရူး ယောက်ျားလေး​ကို ကာကွယ်​ပေးပါ့မလား။ အဲဒီအချိန်မှာ မိရိအံ ယေဟောဝါ​ဆီ အသည်းအသန် ဆုတောင်းနေ​မှာ သေချာတယ်။

ဖာရောရဲ့ သမီးတော်​ဟာ ကျူပင်​ကြားထဲ​က ခြင်းတောင်း​ကို သတိထား​မိ​သွားတယ်။ ဒါနဲ့ ခြင်းတောင်း​ကို ယူ​လာဖို့ ကျွန်မ​တစ်ယောက်ကို ပြော​လိုက်တယ်။ သမီးတော်​က “တောင်း​ကို ဖွင့်​ကြည့်​လိုက်​တော့ ငို​နေတဲ့ ကလေး​ကို တွေ့” တယ်လို့ ကျမ်းစာ​မှာ ပြော​ထားတယ်။ ဟီဘရူး မိခင်​တချို့က မိမိတို့​ကလေး​ရဲ့ အသက်ကို ကယ်​ဖို့ ကြိုးစား​နေတယ်​ဆိုတာ သူ ချက်ချင်း သဘောပေါက်​သွားတယ်။ ဒါပေမဲ့ ချောမော​လှပတဲ့ ကလေး​က ဖာရော​သမီးတော်​ရဲ့ နှလုံးသားကို လှုပ်ခတ်​သွား​စေ​လို့ ကလေး​ကို သနား​သွားတယ်။ (ထွက်မြောက်ရာ ၂:၅၊ ၆) မိရိအံ​ဟာ ဘုရင့် သမီးတော်​ရဲ့ မျက်နှာကို အကဲခတ်​နေမှာ သေချာတယ်။ ယေဟောဝါ​ကို ယုံကြည်​ကြောင်း တင်ပြ​ရမယ့်​အချိန်​က အခု​အချိန်​ပဲ​ဆိုတာ မိရိအံ သိလိုက်တယ်။ ဒါနဲ့ သတ္တိ​မွေး​ပြီး ဘုရင့် သမီးတော်​နဲ့ အခြွေ​အရံ​တွေ​ဆီ ချဉ်းကပ်​လိုက်တယ်။

သာမန်​အချိန်​မှာ ဟီဘရူး မိန်းကလေး​တစ်ယောက်က ဘုရင့်​သမီးတော်​ဆီ သွားပြီး စကားပြော​ရင် ဘာဖြစ်​နိုင်သလဲ​ဆိုတာ မသိ​နိုင်ဘူး။ မိရိအံ​က​တော့ “ဟီဘရူး ကလေးထိန်း​တစ်ယောက် သွား​ခေါ်​ပေး​ရမလား” လို့ ဘုရင့်​သမီးတော်​ကို တဲ့တိုး​ပဲ မေးလိုက်တယ်။ အဲဒါ​က ပညာရှိ​မေးခွန်း​ပဲ။ ကလေး​တစ်ယောက်ကို မထိန်းနိုင်​ဘူးဆို​တာ ဖာရောရဲ့ သမီးတော် သူ့ကိုယ်သူ သိတယ်။ ကလေး​ကို ဟီဘရူး​လူမျိုး​ပဲ ထိန်း​တာ ကောင်းတယ်။ နောက်တော့​မှ ကလေး​ကို မွေးစား​သား​အဖြစ် ပြန်​ခေါ်ပြီး ပညာ​သင်ပေး​မယ်​လို့ သူ တွေးမိ​တာ ဖြစ်နိုင်တယ်။ သမီးတော်​က “သွား​ခေါ်​ခဲ့” လို့ ပြောတော့ မိရိအံ တော်​တော် ပျော်​သွားမှာပဲ။—ထွက်မြောက်ရာ ၂:၇၊ ၈

မိရိအံ​က သူ့​မောင်လေး​ကို သတ္တိရှိရှိ စောင့်ကြည့်​နေစဉ်

မိရိအံ​ဟာ စိတ်ပူ​နေတဲ့ မိဘတွေကို ပြောဖို့ အိမ်ကို အပြေး ပြန်​သွားခဲ့တယ်။ အမေ့ကို အဲဒီ​အကြောင်း​တွေ ပြန်​ပြောပြတဲ့​အခါ စိတ်​လှုပ်ရှား​လွန်း​လို့ စကားတွေ အထစ်ထစ်​အငေါ့ငေါ့ ဖြစ်နေမှာ​ကို မြင်ယောင်​ကြည့်​ပါ။ ဒီ​ကိစ္စ​ကို ယေဟောဝါ လမ်းညွှန်​နေမှန်း ယောခေဗက် သဘောပေါက်​မှာ သေချာတယ်။ ဒါကြောင့် မိရိအံနဲ့​အတူ ဖာရောရဲ့ သမီးတော်​ဆီ လိုက်​သွားတယ်။ သမီးတော်​က “ဒီ​ကလေး​ကို ခေါ်သွား​ပြီး ထိန်းပေး​ပါ။ ကလေးထိန်း​ခ​ကို ငါ​ပေးမယ်” လို့ ပြောတဲ့အခါ ယောခေဗက်​က စိတ်သက်သာရာ​ရပြီး ပျော်​နေတဲ့ သူ့​ခံစားချက်​ကို ဖုံးကွယ်​ထား​မှာပဲ။—ထွက်မြောက်ရာ ၂:၉

အဲဒီ​နေ့မှာ မိရိအံ​ဟာ ယေဟောဝါ​ဘုရား​အကြောင်း အများကြီး သိခဲ့ရတယ်။ ဘုရားသခင်​ဟာ မိမိ​လူတွေကို ဂရုစိုက်​တယ်၊ ဆုတောင်းချက်တွေကို နားထောင်ပေး​တယ်​ဆိုတာ သိခဲ့ရတယ်။ လူကြီးတွေ၊ အမျိုးသားတွေ​မှာပဲ ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိ ရှိတာ မဟုတ်မှန်း သူ​သိခဲ့ရတယ်။ သစ္စာရှိ​ကျေးကျွန် အားလုံး​ရဲ့ ဆုတောင်းချက်တွေကို ယေဟောဝါ နားထောင်တယ်။ (ဆာလံ ၆၅:၂) အဲဒီ​အချက်​ကို ခက်ခဲ​ကျပ်တည်း​တဲ့ ဒီလို​အချိန်​မှာ ကလေး၊ လူကြီး၊ ယောက်ျား၊ မိန်းမ​အားလုံး သတိ​ရဖို့ လိုတယ်။

စိတ်ရှည်​တဲ့​အစ်မ မိရိအံ

ယောခေဗက်​ဟာ ကလေး​ကို ကျွေးမွေး​ထိန်းကျောင်း​ခဲ့တယ်။ မိရိအံ​ဟာ သူ ကူညီ​ပြီး အသက်ကယ်​ခဲ့​တဲ့ မောင်လေး​ကို သိပ်​ချစ်မယ်​ဆိုတာ သေချာတယ်။ မောရှေ စကား​သင်​တဲ့​အခါ မိရိအံ ကူညီ​ပေးပြီး ဘုရား​ရဲ့ နာမည် ယေဟောဝါ​ကို မောရှေ စ​ခေါ်တဲ့​အခါ မိရိအံ သိပ်​ပျော်​ခဲ့​မှာပဲ။ ကလေး​ကြီး​လာလို့ ဖာရောရဲ့ သမီးတော်​ဆီ ခေါ်သွား​ရမယ့်​အချိန် ရောက်လာ​ပြီ။ (ထွက်မြောက်ရာ ၂:၁၀) အခုလို ခွဲခွာ​ရမယ့်​အချိန်​မှာ မိသားစု​တစ်ခုလုံး ဝမ်းနည်း​ကြေကွဲ​နေမှာ​ပဲ။ ဖာရောရဲ့ သမီးတော်​က မောရှေ​လို့ နာမည်​ပေးလိုက်တဲ့ သူ့​မောင်လေး ကြီးပြင်း​လာတဲ့အခါ ဘယ်လို​လူစားမျိုး ဖြစ်လာမယ်​ဆိုတာ မိရိအံ မြင်တွေ့ချင်​မှာပဲ။ အီဂျစ်​နန်းတော်မှာ မောရှေ ကြီးပြင်း​လာတဲ့အခါ ယေဟောဝါ​ကို ဆက်​ချစ်​နေ​ဦး​မလား။

အချိန်တန်​တော့ အဖြေ​က ရှင်း​လာ​ပါတယ်။ ဖာရောရဲ့ နန်းတော်မှာ ရနိုင်တဲ့ အခွင့်အရေးတွေ​နဲ့ အကျိုးအမြတ် ခံစား​ရဖို့​ပဲ ကြိုးစား​နေမယ့်​အစား ယေဟောဝါ​ကို ဝတ်ပြုဖို့ မောရှေ ရွေးချယ်​ခဲ့လို့ မိရိအံ သိပ်​ဂုဏ်ယူ​နေမှာ သေချာတယ်။ မောရှေ အသက် ၄၀ ရောက်တဲ့အခါ မိမိရဲ့ လူမျိုး​ဘက်မှာ ရပ်တည်ခဲ့တယ်။ ဟီဘရူး​ကျွန်​ကို အနိုင်ကျင့်​တဲ့ အီဂျစ်လူ​ကို သတ်ပစ်​လိုက်တယ်။ အဲဒါ​ကြောင့် မောရှေဟာ အသက်ဘေး​က လွတ်ဖို့ အီဂျစ်​ပြည်​ကနေ ထွက်ပြေးခဲ့​ရတယ်။—ထွက်မြောက်ရာ ၂:၁၁-၁၅။ တမန်​တော် ၇:၂၃-၂၉။ ဟီဘရူး ၁၁:၂၄-၂၆

မိဒျန်​ပြည်မှာ မောရှေ သိုးကျောင်း​နေတဲ့ အနှစ် ၄၀ အတွင်းမှာ မိရိအံ​ဟာ သူ့​မောင်လေး​အကြောင်း ဘာ​သတင်း​မှ မကြား​ရ​ဘူး။ (ထွက်မြောက်ရာ ၃:၁။ တမန်​တော် ၇:၂၉၊ ၃၀) မိရိအံ​ဟာ အသက်ကြီးတဲ့​အထိ စိတ်ရှည်ရှည် သည်းခံ​ခဲ့တယ်။ သူ့​လူမျိုး​တွေ ဒုက္ခရောက်​ပြီး​ရင်း ရောက်​နေတာကို မြင်တွေ့ခဲ့​ရတယ်။

ပရောဖက်မ မိရိအံ

မိမိရဲ့ လူမျိုး​ကို ကယ်တင်​ဖို့ မောရှေ​ကို ဘုရား စေလွှတ်​ချိန်မှာ မိရိအံ အသက် ၈၀ ကျော်​နေ​လောက်ပြီ။ အာရုန်​က မောရှေရဲ့ ပြောရေးဆိုခွင့်​ရှိသူ ဖြစ်လာတယ်။ မိရိအံရဲ့ မောင်​နှစ်ယောက်ဟာ ဖာရော​ဆီ သွားပြီး ဘုရားသခင်​ရဲ့ လူမျိုး​ကို လွှတ်​ပေးဖို့ ပြောတယ်။ သူတို့ ပြောတာကို ဖာရော နားမထောင်တဲ့​အခါ၊ အီဂျစ်​လူမျိုး​အပေါ် ယေဟောဝါ ကပ်ဘေး​ဆယ်ခု ကျရောက်​စေတဲ့​အချိန်​မှာ ဖာရော​ဆီ ခဏ​ခဏ ပြန်သွား​ရတဲ့အခါ မောရှေ​နဲ့ အာရုန်​ကို မိရိအံ အားပေး​ထောက်မ​ခဲ့​မှာ သေချာတယ်။ အီဂျစ်​သားဦး​တွေ​ကို သတ်ပစ်လိုက်​တဲ့ နောက်ဆုံး​ကပ်ဘေး အပြီးမှာ​တော့ ဘုရား​ရဲ့ လူမျိုး အီဂျစ်​ပြည်​ကနေ ထွက်​ရမယ့်​အချိန် ရောက်လာ​ပါပြီ။ မိမိရဲ့ လူမျိုး​ကို မောရှေ ဦးဆောင်​ပြီး အီဂျစ်​ပြည်​ကနေ ထွက်​ဖို့ ပြင်ဆင်​ချိန်မှာ မိရိအံ အားတက်သရော ကူညီ​ပေး​နေတာကို မြင်ယောင်​ကြည့်​နိုင်တယ်။—ထွက်မြောက်ရာ ၄:၁၄-၁၆၊ ၂၇-၃၁။ ၇:၁-၁၂:၅၁

နောက်တော့ အစ္စရေး​လူမျိုးဟာ ပင်လယ်နီ​နဲ့ အီဂျစ်​စစ်တပ်​ကြား ပိတ်မိ​သွားတယ်။ အဲဒီအချိန်မှာ သူ့ရဲ့​မောင် မောရှေ ပင်လယ်​ရှေ့မှာ ရပ်​ပြီး တောင်ဝှေး မြှောက်​လိုက်တာ​ကို မိရိအံ မြင်​လိုက်ရတယ်။ အဲဒီနောက် ပင်လယ်ရေ နှစ်ခြမ်း​ကွဲ​သွားတယ်။ မောရှေ ဦးဆောင်​ပြီး ခန်းခြောက်​နေတဲ့ ပင်လယ်​ကြမ်းပြင်​ကို ဖြတ်​နေချိန်မှာ ယေဟောဝါ​အပေါ် ထားရှိတဲ့ မိရိအံရဲ့ ယုံကြည်ခြင်း ပို​ပိုပြီး ခိုင်ခံ့​လာ​မှာ ဖြစ်တယ်။ ကတိ​တွေ ပြည့်စုံ​ဖို့ ဘာ​မဆို တတ်​နိုင်တဲ့ ဘုရား​ကို မိရိအံ ကိုးကွယ်​ခဲ့တယ်။—ထွက်မြောက်ရာ ၁၄:၁-၃၁

အစ္စရေး​လူတွေ ဖြတ်ပြီးနောက် ဖာရော​နဲ့ သူ့ရဲ့ စစ်တပ်​ကို ယေဟောဝါ ပင်လယ်နီ​မှာ နှစ်မြှုပ်​ဖျက်ဆီး​လိုက်တဲ့အခါ ယေဟောဝါ​ဟာ ကမ္ဘာ​ပေါ်မှာ အင်အား​အကြီးဆုံး စစ်တပ်​ထက် ပို​အင်အားကြီး​တယ်​ဆိုတာ မိရိအံ မြင်​လိုက်ရတယ်။ ယေဟောဝါ​အတွက် သီချင်း​ဆိုဖို့ လူတွေ လှုံ့ဆော်​ခံရ​တယ်။ ဒါနဲ့ မိရိအံ​ဟာ အမျိုးသမီးတွေကို ဦးဆောင်​ပြီး အခုလို သီချင်းဆို​ခဲ့တယ်– “ယေဟောဝါ​ကို ချီးမွမ်း​သီချင်းဆို​ကြ။ ကိုယ်တော် အကြီးအကျယ် အောင်ပွဲခံ​ပြီ။ မြင်း​နဲ့ မြင်းစီးသူရဲ​ကို ပင်လယ်ထဲ ချပစ်​ပြီ။”—ထွက်မြောက်ရာ ၁၅:၂၀၊ ၂၁။ ဆာလံ ၁၃၆:၁၅

မိရိအံ​က ပင်လယ်နီ​မှာ အစ္စရေး​အမျိုးသမီးတွေကို ဦးဆောင်​ပြီး အောင်ပွဲခံ​သီချင်း ဆို​နေစဉ်

အဲဒါ​က မိရိအံရဲ့ ဘဝမှာ ဘယ်တော့မှ မမေ့နိုင်တဲ့ အဖြစ်အပျက်​တစ်ခု​ပါပဲ။ ဒီ​အချိန်​မှာ ကျမ်း​ရေးသူက မိရိအံ​ကို ပရောဖက်မ​လို့ ခေါ်ခဲ့တယ်။ ပရောဖက်မ​လို့ အခေါ်​ခံရ​တာ မိရိအံ ပထမဆုံး​ပဲ။ ယေဟောဝါ​ကို ဒီ​အထူး​နည်းလမ်း​နဲ့ အမှုဆောင်ခဲ့တဲ့ အမျိုးသမီး​အနည်းစု​ထဲမှာ မိရိအံ​လည်း တစ်ယောက် အပါအဝင် ဖြစ်ခဲ့တယ်။—တရားသူကြီး ၄:၄။ ၂ ဘုရင်များ ၂၂:၁၄။ ဟေရှာယ ၈:၃။ လုကာ ၂:၃၆

ယေဟောဝါ​ဟာ ကျွန်တော်​တို့ကို ကြည့်​နေတယ်၊ ကျွန်တော်​တို့ နှိမ့်ချမှု​ရှိရှိ ကြိုးစား​အားထုတ်​နေတာ၊ စိတ်ရှည်တာ၊ ဘုရား​ကို ချီးမွမ်း​ချင်တဲ့ ဆန္ဒရှိ​တာ​ကို ဂုဏ်တင်​ချင်တယ်​ဆိုတာ ကျမ်းစာ​က ပြန်သတိရ​စေတယ်။ လူကြီး​ဖြစ်စေ၊ လူငယ်​ဖြစ်စေ၊ ယောက်ျား​ဖြစ်စေ၊ မိန်းမ​ဖြစ်စေ ယေဟောဝါ​ကို ယုံကြည်​ကြောင်း တင်ပြ​နိုင်တယ်။ အဲဒီလို ယုံကြည်ခြင်း​မျိုးကို ဘုရား​နှစ်သက်တယ်။ အဲဒါကို ဘုရား ဘယ်တော့မှ မမေ့ဘူး။ အဲဒီ​အတွက် ဆုချ​ချင်တယ်။ (ဟီဘရူး ၆:၁၀။ ၁၁:၆) မိရိအံရဲ့ ယုံကြည်ခြင်းကို တုပ​သင့်တဲ့ အကြောင်းရင်း​ကောင်း​ပါပဲ။

မာနကြီး​လာတဲ့ မိရိအံ

အခွင့်ထူး​တွေ​နဲ့ ထင်ပေါ်​ကျော်ကြား​မှု​က ကောင်းချီး ဖြစ်သလို အန္တရာယ်​လည်း ဖြစ်တယ်။ အစ္စရေး​တွေ ကျွန်​ဘဝက လွတ်မြောက်သွား​တဲ့​အခါ မိရိအံ​ဟာ အမျိုးသမီးတွေ​ထဲမှာ အထင်ပေါ်ဆုံး ဖြစ်ပုံရ​တယ်။ သူ မာနကြီး၊ ရည်မှန်းချက်​ကြီး​လာ​သလား။ (ပညာအလိမ္မာ ၁၆:၁၈) အဲဒီအတိုင်း ဖြစ်​သွားတာ ဝမ်းနည်းစရာပဲ။

အီဂျစ်​ပြည်​က ထွက်လာပြီး လအနည်းငယ်​အကြာမှာ မောရှေရဲ့ ယောက္ခမ ယေသရော၊ မောရှေရဲ့ ဇနီး ဇိပေါရ၊ သား​နှစ်ယောက်​တို့ မောရှေ​ဆီ ရောက်​လာတယ်။ လွန်ခဲ့တဲ့ အနှစ် ၄၀၊ မိဒျန်​ပြည်မှာ မောရှေ ခဏ​နေတုန်းက လက်ထပ်​ထားတာ။ ဇိပေါရ​ဟာ မိဒျန်​ပြည်မှာ ရှိတဲ့ မိသားစု​ဆီ အစောပိုင်း​အချိန်​ကတည်းက ပြန်ရောက်​နေတာ။ အလည်အပတ်​သဘော​နဲ့ ရောက်​နေတာ ဖြစ်နိုင်တယ်။ အခုတော့ သူ့​အဖေ ယေသရော​က အစ္စရေး​တွေ စခန်းချ​တဲ့ နေရာဆီ သူ့ကို ခေါ်​သွားတယ်။ (ထွက်မြောက်ရာ ၁၈:၁-၅) သူတို့တွေ ရောက်လာတဲ့​အခါ ဟီဘရူး​တွေ စိတ်ဝင်တစား ကြည့်​နေကြမှာ​ပဲ။ အီဂျစ်​ပြည်​ကနေ သူတို့ကို ဦးဆောင်​ခေါ်ထုတ်​လာဖို့ ဘုရား ရွေးချယ်​ခဲ့​သူရဲ့ ဇနီးကို တွေ့ချင်​ကြ​မှာပဲ။

ဇိ​ပေါ​ရ ရောက်လာ​လို့ မိရိအံ ဝမ်းသာ​သလား။ အစပိုင်း​မှာ​တော့ ဝမ်းသာ​ပါလိမ့်မယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ မိရိအံ စိတ်​ကြီး​ဝင်လာ​ပုံ​ရတယ်။ လူမျိုး​တွေ​ထဲမှာ အထင်ပေါ်ဆုံး ဖြစ်တဲ့ သူ့​နေရာကို ဇိပေါရ ရသွား​မှာ စိုးရိမ်​ခဲ့​ပုံ​ရတယ်။ မိရိအံနဲ့ အာရုန်​ဟာ အပျက်သဘောထား စကားတွေကို ပြောဆို​ခဲ့​ကြတယ်။ အဲဒီလို ပြော​ရင်း ပြော​ရင်း နောက်ဆုံး နာကြည်း​စရာတွေ ဖြစ်သွားတယ်။ အစပိုင်း​မှာ​တော့ ဇိပေါရ​ကို အစ္စရေး​လူမျိုး မဟုတ်လို့၊ ကုရှ​လူမျိုး ဖြစ်လို့ ဆိုပြီး အပြစ်တင်​ခဲ့တယ်။ * နောက်တော့ မောရှေ​ကို​ပါ အပြစ်​ပြော​လာတယ်။ မိရိအံနဲ့ အာရုန်​ဟာ “ယေဟောဝါ​ဘုရား​က မောရှေ​က​တစ်ဆင့်​ပဲ မိန့်မှာ​သလား။ ငါ​တို့​က​တစ်ဆင့်လည်း မိန့်မှာ​တာ​ပဲ မဟုတ်လား” လို့ ပြော​လာတယ်။—တောလည်ရာ ၁၂:၁၊ ၂

အနာကြီး​ရောဂါ​သည် မိရိအံ

မကောင်းတဲ့​စိတ်သဘောထား​က မိရိအံနဲ့ အာရုန်​ကို ဒုက္ခ​ပေးတယ်ဆိုတာ အဲဒီ​စကားတွေအရ သိရတယ်။ မောရှေ​ကို ယေဟောဝါ အသုံးပြု​နေ​ပုံ​နဲ့ ပတ်သက်ပြီး သူတို့ မကျေမနပ် ဖြစ်လာတယ်။ သူတို့က အခွင့်အာဏာ၊ အရှိန်အဝါ ပို​လိုချင်​လာတယ်။ မောရှေ မာနကြီး​လာပြီး အခွင့်အာဏာကို အလွဲသုံးစား​လုပ်လို့​လား။ မောရှေ​မှာ အားနည်းချက်​တွေ ရှိပေမဲ့ အဲဒီလို မလုပ်ခဲ့​ပါဘူး။ “မောရှေဟာ ကမ္ဘာ​ပေါ်​က လူအားလုံး​ထဲမှာ စိတ်ထား​အနူးညံ့ဆုံး​ပဲ” လို့ ကျမ်းစာ​မှာ ရေးထားတယ်။ မိရိအံနဲ့ အာရုန်​ဟာ စကားပြော​မှား​ပြီး အန္တရာယ် ကြုံ​ခဲ့​ရတယ်။ သူတို့ ပြောတာကို “ယေဟောဝါ နားထောင်​နေတယ်” လို့ ကျမ်းစာ​က ပြောတယ်။—တောလည်ရာ ၁၂:၂၊ ၃

ချက်ချင်းပဲ အဲဒီ​မောင်နှမ သုံးယောက်ကို တွေ့ဆုံ​ရာ​တဲတော်​ကို သွားဖို့ ယေဟောဝါ အမိန့်​ပေး​လိုက်တယ်။ ယေဟောဝါ​ဟာ အဲဒီမှာ ရှိနေတဲ့ မိုးတိမ်တိုင်​ထဲ ဆင်းလာ​ပြီး တဲတော်​ဝင်ပေါက်​မှာ ရပ်​လိုက်တယ်။ ပြီးတော့ စကား​ပြောတယ်။​ ဘုရားသခင်​က မိမိ​နဲ့ မောရှေရဲ့ ထူးခြားတဲ့ ဆက်ဆံရေး​အကြောင်း ပြန်​သတိ​ပေးတယ်။ မောရှေ​ကို ယုံကြည်​စိတ်ချ​လို့ အဲဒီ​နေရာ​အတွက် ရွေး​ထားတဲ့​အကြောင်း ပြောပြီး မိရိအံနဲ့ အာရုန်​ကို ပြစ်တင်​ဆုံးမတယ်။ ပြီးတဲ့နောက် “မင်းတို့​က ငါ့​ကျွန်​မောရှေ​ကို ပြစ်တင်​ဝေဖန်​ရဲ​သေး​လား” လို့ ပြောတယ်။ မိရိအံနဲ့ အာရုန် ထိတ်လန့်​နေမှာ​ပဲ။ မောရှေ​ကို မလေးစား​တာ​ဟာ မိမိကို မလေးစား​တာ​ပဲ​လို့ ယေဟောဝါ ရှုမြင်တယ်။—တောလည်ရာ ၁၂:၄-၈

မိရိအံ​ဟာ သူ့ရဲ့ မောင်​ကို ဦးဆောင်​ပြီး ယောင်းမ ဖြစ်သူကို မလေးမစား လုပ်​ရာ​မှာ ဦးဆောင်​ခဲ့တယ်။ အဲဒါ​က ဘာကြောင့် မိရိအံ​ကိုပဲ ဒဏ်ခတ်​တယ်​ဆိုတာ နားလည်​စေတယ်။ ယေဟောဝါ​က မိရိအံ​ကို အနာကြီး​ရောဂါ စွဲ​စေခဲ့တယ်။ ကြောက်စရာ​ကောင်းတဲ့ အဲဒီ​ရောဂါ​ကြောင့် မိရိအံရဲ့ အသားအရေ “နှင်း​လို ဖြူ​သွား” တယ်။ အာရုန်​လည်း ချက်ချင်းပဲ မောရှေ​ရှေ့မှာ နှိမ့်ချ​ပြီး ခွင့်လွှတ်​ဖို့ ယေဟောဝါ​ကို တောင်းပန်​ပေးပါလို့ အသနားခံ​ခဲ့တယ်။ “ကျွန်တော်​တို့ရဲ့ လုပ်ရပ်ဟာ သိပ်​ကို မိုက်မဲ​ပါတယ်” လို့ ပြောခဲ့တယ်။ စိတ်ထား​နူးညံ့​တဲ့ မောရှေ​က “အို၊ ဘုရားသခင်၊ သူ့​ရောဂါ ပျောက်​အောင် လုပ်​ပေးပါ။ တောင်းပန်ပါ​တယ်” ဆိုပြီး ယေဟောဝါ​ကို သနား​ခံ​တယ်။ (တောလည်ရာ ၁၂:၉-၁၃) ညီအစ်ကို​နှစ်ယောက်ရဲ့ ခံစားချက် ပြင်းပြ​တဲ့ တုံ့​ပြန်​ပုံ​က အစ်မ​မှာ အားနည်းချက် ရှိပေမဲ့ အစ်မ​ကို ဘယ်လောက် ချစ်တယ်​ဆိုတာ ဖော်ပြ​တယ်။

ပြန်ကောင်း​လာတဲ့ မိရိအံ

ယေဟောဝါ​ဟာ ကရုဏာ​ရှိရှိ တုံ့ပြန်​ခဲ့တယ်။ နောင်တ​ရတဲ့ မိရိအံ​ကို ကုသ​ပေး​ခဲ့တယ်။ ဒါပေမဲ့ အစ္စရေး​တွေ​ရဲ့ တပ်ပြင်​မှာ ခုနစ်​ရက် နေခိုင်း​လိုက်တယ်။ အဲဒီလို​နေတာ​က မိရိအံ ဆုံးမ​ခံ​ရ​မှန်း တပ်​ထဲ​က လူ​တွေ​အားလုံး သိသွား​နိုင်​လို့ အဲဒီ​တောင်းဆိုချက်ကို လိုက်နာတာ​က သူ့​အတွက် အရှက်ကွဲ​စရာ​ပါပဲ။ ဒါပေမဲ့ သူ့ရဲ့ ယုံကြည်ခြင်းက သူ့ကို ကယ်တင်​ခဲ့တယ်။ ဖခင်​ယေဟောဝါ​ဟာ တရား​မျှတတယ်၊ သူ့ကို ချစ်လို့ ဆုံးမ​တာ ဖြစ်တယ်​ဆိုတာ မိရိအံရဲ့ စိတ်ထဲမှာ သိနေ​တာ သေချာတယ်။ ဒါကြောင့် ဘုရား ပြောတဲ့​အတိုင်း သူ နေခဲ့တယ်။ မိရိအံ တစ်ယောက်တည်း နေရတဲ့ ခုနစ်​ရက် ပြည့်တဲ့​အထိ စခန်း​ထဲ​က လူ​တွေ စောင့်နေ​ကြတယ်။ ပြီးတဲ့နောက်မှာ မိရိအံ​ဟာ ယုံကြည်ခြင်း တင်ပြ​ပြီး နှိမ့်ချ​စိတ်နဲ့ ‘စခန်း​ထဲ ပြန်ဝင်’ ခဲ့တယ်။—တောလည်ရာ ၁၂:၁၄၊ ၁၅

ယေဟောဝါ​ဟာ ချစ်တဲ့​သူတွေကို ဆုံးမတယ်။ (ဟီဘရူး ၁၂:၅၊ ၆) ဘုရား​က မိရိအံ​ကို ချစ်လို့ သူ့ရဲ့ မာနစိတ်ကို ပြုပြင်ပေး​ခဲ့တယ်။ ဆုံးမခံ​ရတာက နာကျင်​စရာ ဖြစ်ပေမဲ့ မိရိအံ​ကို ကယ်တင်​ခဲ့တယ်။ မိရိအံ​ဟာ ဆုံးမမှုကို နှိမ့်ချစွာ လက်ခံခဲ့လို့ ဘုရား​ရဲ့ မျက်နှာသာ ပြန်​ရခဲ့တယ်။ အစ္စရေး​တွေ တောကန္တာရ​မှာ လှည့်လည်​လို့ ပြီး​ခါနီး​အထိ မိရိအံ အသက်​ရှင်​ခဲ့တယ်။ မိရိအံ​ဟာ အသက် ၁၃၀ လောက်​မှာ ဇိန​တောကန္တာရ၊ ကာဒေရှ​အရပ်မှာ သေဆုံး​သွားတယ်။ * (တောလည်ရာ ၂၀:၁) ရာစုနှစ်တွေ ကုန်လွန်​ပြီးနောက်မှာ ယေဟောဝါ​ဟာ မိရိအံရဲ့ သစ္စာရှိ​လုပ်ရပ်​ကို အမြတ်တနိုး ဂုဏ်တင်​ခဲ့တယ်။ ပရောဖက် မိက္ခာ​က​တစ်ဆင့် မိမိရဲ့ လူမျိုး​ကို ဒီလို ပြောခဲ့တယ်– “မင်းတို့ကို အီဂျစ်​ပြည်​ကနေ ငါ​ခေါ်ထုတ်​ခဲ့တယ်။ ကျွန်ခံ​ရာ​ပြည်​ကနေ ရွေးယူ​ခဲ့တယ်။ မောရှေ၊ အာရုန်၊ မိရိအံ​ကို မင်းတို့​ရှေ့​ကနေ စေလွှတ်ခဲ့​တယ်။”—မိက္ခာ ၆:၄

မိရိအံရဲ့ ယုံကြည်ခြင်းက ယေဟောဝါ​ရဲ့ ဆုံးမမှုကို နှိမ့်ချမှု​ရှိ​ရှိ လက်ခံဖို့ ကူညီ​ပေး

မိရိအံရဲ့ ဘဝဇာတ်ကြောင်း​ကနေ ကျွန်တော်​တို့ အများကြီး သင်ယူနိုင်တယ်။ မိရိအံ ကလေး​ဘဝက လုပ်ခဲ့​သလိုပဲ ကျွန်တော်​တို့​လည်း မှန်ရာကို သတ္တိ​ရှိရှိ ပြောဆို​ပြီး အကာအကွယ် မဲ့​နေသူတွေကို ကာကွယ်​ပေးရမယ်။ (ယာကုပ် ၁:၂၇) သူ့လို​ပဲ လူတွေကို ဘုရားသခင်​အကြောင်း ပျော်ရွှင်စွာ ပြောပြ​ရမယ်။ (ရောမ ၁၀:၁၅) သူ့လို​ပဲ မနာလိုစိတ်၊ နာကြည်းစိတ်​ကို ရှောင်​ဖို့ သင်ယူ​ရမယ်။ (ပညာအလိမ္မာ ၁၄:၃၀) သူ့လို​ပဲ ယေဟောဝါ​ရဲ့ ဆုံးမမှုကို နှိမ့်ချမှု​ရှိရှိ လက်ခံ​ရမယ်။ (ဟီဘရူး ၁၂:၅) အဲဒါတွေကို လုပ်နေတယ်​ဆိုရင် ကျွန်တော်​တို့ဟာ မိရိအံရဲ့ ယုံကြည်ခြင်းကို တုပ​ရာ ရောက်​ပါလိမ့်မယ်။

^ အပိုဒ်၊ 21 ဇိပေါရ​ကိစ္စ​မှာ​တော့ “ကုရှ” ဆိုတာ အီသီယိုးပီးယား​က မဟုတ်ဘဲ တခြား​မိဒျန်​လူမျိုး​တွေ​လို အာရေဗျ အမျိုးသမီးကို ဆိုလို​ပုံ​ရတယ်။

^ အပိုဒ်၊ 26 မောင်နှမ​သုံးယောက်ဟာ အစဉ်လိုက် သေဆုံး​သွား​ကြတယ်။ တစ်နှစ်​အတွင်းမှာပဲ အရင်ဆုံး မိရိအံ၊ ပြီးတဲ့နောက် အာရုန်၊ နောက်ဆုံးမှာ မောရှေ သေဆုံး​သွားတယ်။