မာတိကာဆီ ကျော်သွား

ကျမ်းပိုဒ် ရှင်းပြချက်များ

၁ ပေတရု ၅:၆၊ ၇—“တန်ခိုးကြီးသောလက်တော်အောက်၌ ကိုယ်ကိုကိုယ်နှိမ့်ချကြလော့။ . . . သင်တို့၌ စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌အပ်နှံကြလော့။”

၁ ပေတရု ၅:၆၊ ၇—“တန်ခိုးကြီးသောလက်တော်အောက်၌ ကိုယ်ကိုကိုယ်နှိမ့်ချကြလော့။ . . . သင်တို့၌ စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌အပ်နှံကြလော့။”

 “ဘုရားသခင်က အချိန်တန်ရင် ချီးမြှောက်မှာဖြစ်လို့ တန်ခိုးကြီးတဲ့ လက်ရုံးတော်အောက်မှာ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချကြပါ။ စိုးရိမ်ပူပန်စရာ ရှိသမျှကို ဘုရားသခင်ဆီ ပုံအပ်ထားလိုက်ပါ။ ဘုရားသခင်ဟာ ခင်ဗျားတို့ကို ဂရုစိုက်တဲ့အရှင် ဖြစ်လို့ပဲ။”—၁ ပေတရု ၅:၆၊ ၇ကမ္ဘာသစ်ဘာသာပြန်ကျမ်း။

 “ကာလအချိန်တန်လျှင်၊ ဘုရားသခင်သည် သင်တို့ကို ချီးမြှောက်တော်မူမည်အကြောင်း၊ တန်ခိုးကြီးသော လက်တော်အောက်၌ ကိုယ်ကိုကိုယ် နှိမ့်ချကြလော့။ သင်တို့ကို သတိနှင့် ကြည့်ရှုတော်မူသောကြောင့်၊ သင်တို့၌ စိုးရိမ်ခြင်းအမှု ရှိသမျှတို့ကို ကိုယ်တော်၌ အပ်နှံကြလော့။”—၁ ပေတရု ၅:၆၊ ၇၊ ယုဒသန်ကျမ်း။

၁ ပေတရု ၅:၆၊ ၇ ရဲ့အဓိပ္ပာယ်

 ပြဿနာ၊ စိုးရိမ်ပူပန်မှုတွေကို ဘုရားဆီ ယုံကြည်စိတ်ချစွာ ဆုတောင်းနိုင်ကြောင်း ခရစ်ယာန်တွေကို တမန်တော်ပေတရု အားပေးနေတာဖြစ်တယ်။ ဘုရားက နှိမ့်ချသူတွေကို တန်ဖိုးထားတယ်၊ သူတို့ကို ကြွယ်ဝစွာ ဆုချပါလိမ့်မယ်။

 “တန်ခိုးကြီးတဲ့ လက်ရုံးတော်အောက်မှာ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချကြပါ။” ကျမ်းစာမှာ ဘုရားရဲ့လက်တော်ကို ကယ်တင်၊ ကာကွယ်ပေးနိုင်တဲ့ ဘုရားရဲ့တန်ခိုးအဖြစ် ရည်ညွှန်းလေ့ရှိတယ်။ (ထွက်မြောက်ရာ ၃:၁၉။ တရားဟောရာ ၂၆:၈။ ဧဇရ ၈:၂၂) ခရစ်ယာန်တွေက ဘုရားကို မှီခိုခြင်းအားဖြင့် ဘုရားရဲ့လက်တော်အောက်မှာ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချကြတယ်။ မိမိတို့မှာ အကန့်အသတ်ရှိကြောင်း၊ စမ်းသပ်မှုတွေကို မိမိတို့ဘာသာ မဖြေရှင်းနိုင်ကြောင်း အသိအမှတ်ပြုတယ်။ (ပညာအလိမ္မာ ၃:၅၊ ၆။ ဖိလိပ္ပိ ၄:၁၃) လိုအပ်တဲ့အချိန်မှာ အကောင်းဆုံးနည်းနဲ့ ကူညီပေးနိုင်တဲ့တန်ခိုး ဘုရားသခင်မှာရှိမှန်း သူတို့ ယုံကြည်စိတ်ချကြတယ်။—ဟေရှာယ ၄၁:၁၀

 “ဘုရားသခင်က အချိန်တန်ရင် ချီးမြှောက်မှာဖြစ်လို့။” စမ်းသပ်မှုတွေကို စိတ်ရှည်ရှည် ခံရပ်သူတွေကို ဘုရားသခင် ချီးမြှောက်မယ်၊ ဆုချမယ်ဆိုတာကို ယုံကြည်စိတ်ချပါ။ ဘုရားသခင်က မိမိကို ဝတ်ပြုသူတွေကို အဆက်မပြတ် စမ်းသပ်ခံနေရဖို့၊ မခံနိုင်လောက်တဲ့ သွေးဆောင်ခြင်း ခံရဖို့ ခွင့်ပြုမှာ မဟုတ်ဘူး။ (၁ ကောရိန္သု ၁၀:၁၃) မွန်မြတ်တဲ့အရာတွေကို ဆက်လုပ်နေကြရင် “အချိန်တန်တဲ့အခါ” ဘုရားသခင်ရဲ့ ကောင်းချီး သေချာပေါက် ရရှိပါလိမ့်မယ်။—ဂလာတိ ၆:၉

 “စိုးရိမ်ပူပန်စရာ ရှိသမျှကို ဘုရားသခင်ဆီ ပုံအပ်ထားလိုက်ပါ။ ဘုရားသခင်ဟာ ခင်ဗျားတို့ကို ဂရုစိုက်တဲ့အရှင် ဖြစ်လို့ပဲ။” ခရစ်ယာန်တွေဟာ ဘုရားဆီ နှိမ့်ချစွာ ဆုတောင်းခြင်းအားဖြင့် စိုးရိမ်ပူပန်စရာအားလုံးကို ပုံအပ်ထားနိုင်တယ်။ ရည်ညွှန်းစာအုပ်တစ်အုပ်မှာ ဒီလိုပြောထားတယ်– “ပုံအပ်ဆိုတဲ့ ကြိယာဟာ ကိုယ့်ဆီမှာရှိတဲ့ အရာတစ်ခုကို တခြားနေရာဆီ အားကုန်စိုက်ထုတ်ပြီး ပစ်လိုက်တာကို ဆိုလိုတယ်။ ရည်ရွယ်ချက်ရှိရှိ လုပ်တာကို ဆိုလိုတယ်။” စိုးရိမ်ပူပန်မှုတွေကို ဘုရားအပေါ် ပစ်တင်လိုက်ရင် စိုးရိမ်စိတ်တွေ လျော့သွားပြီး ကျမ်းစာမှာပြောထားသလို “ဘုရားသခင့် ငြိမ်သက်ခြင်း” ခံစားရမယ်။ (ဖိလိပ္ပိ ၄:၆၊ ၇) ဘုရားသခင် ဂရုစိုက်တယ်၊ မဟာတန်ခိုးတော်ကို သုံးပြီး ဖေးမပေးမယ်ဆိုတာ သိထားတဲ့အတွက် ကိုယ့်ကို ဘုရားသခင် ကူညီပေးချင်တယ်ဆိုတာ ယုံကြည်စိတ်ချတယ်။—ဆာလံ ၃၇:၅။ ၅၅:၂၂

၁ ပေတရု ၅:၆၊ ၇ အထက်အောက်စကား

 ခရစ်ယာန်တွေဆီ တမန်တော် ပေတရုရေးတဲ့ ပထမစာကို အခန်းကြီး ၅ နဲ့ အဆုံးသတ်ထားတယ်။ (၁ ပေတရု ၁:၁) အခုအချိန်မှာ ကြုံနေရသလို အဲဒီအချိန်က ခရစ်တော်ရဲ့နောက်လိုက်တွေလည်း ယုံကြည်ခြင်းစမ်းသပ်မှုအမျိုးမျိုး ကြုံခဲ့ရတယ်။ (၁ ပေတရု ၁:၆၊ ၇) ဒါကြောင့် ပေတရုက သူတို့ရဲ့အခက်အခဲ၊ စိုးရိမ်ပူပန်မှုတွေကို သတိပြုမိပြီး အေဒီ ၆၂-၆၄ လောက်မှာ အားပေးစာတစ်စောင် ရေးခဲ့တာပါ။—၁ ပေတရု ၅:၁၂

 ပေတရုက ယုံကြည်ခြင်းကြောင့် အခက်အခဲကြုံနေရသူတွေကို ရည်စူးပြီး အားရှိစရာ သတိပေးနှိုးဆော်မှုနဲ့ စာကို နိဂုံးချုပ်လိုက်တယ်။ သူတို့ ဆက်နှိမ့်ချပြီး ဘုရားကို အားကိုးရင် ခိုင်မြဲစွာ ရပ်တည်နေဖို့ ဘုရားကူညီပေးမယ်ဆိုတာကို ယုံကြည်စိတ်ချနိုင်တယ်။ (၁ ပေတရု ၅:၅-၁၀) ပေတရုရဲ့စကားတွေဟာ ဒီနေ့အချိန်မှာ နှိပ်စက်ညှဉ်းပန်းခံနေရတဲ့ ခရစ်ယာန်တွေအတွက်လည်း အားရှိစရာပါပဲ။

 ပေတရု ပထမစောင်အကြောင်း ပိုသိနိုင်ဖို့ ဒီဗီဒီယိုကို ကြည့်ပါ။