မာတိကာဆီ ကျော်သွား

ကျမ်းပိုဒ် ရှင်းပြချက်များ

ဟီဘရူး ၄:၁၂—‘ဘုရားသခင်၏ နှုတ်ကပါဌ်တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်းနှင့် ပြည့်စုံ’

ဟီဘရူး ၄:၁၂—‘ဘုရားသခင်၏ နှုတ်ကပါဌ်တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်းနှင့် ပြည့်စုံ’

 “ဘုရားသခင်ရဲ့ နှုတ်ထွက်စကားဟာ ရှင်သန်နေတယ်၊ အစွမ်းထက်တယ်၊ အသွားနှစ်ဖက်ရှိတဲ့ ဓားမှန်သမျှထက် ပိုထက်တယ်၊ လူ့အပြင်ပန်းနဲ့ အတွင်းသဘောကိုသာမက အရိုးအဆစ်နဲ့ ခြင်ဆီကိုပါ ခွဲခြားပြီး ထွင်းဖောက်နိုင်တယ်။ စိတ်နှလုံးထဲက အတွေးတွေ၊ အကြံအစည်တွေကိုလည်း ပိုင်းခြားသိမြင်နိုင်တယ်။”—ဟီဘရူး ၄:၁၂ကမ္ဘာသစ်ဘာသာပြန်ကျမ်း။

 “ဘုရားသခင်၏ နှုတ်ကပါဌ်တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက် ထက်ခြင်းနှင့် ပြည့်စုံသည် ဖြစ်၍၊ အသက်နှင့် စိတ်ဝိညာဉ်ကိုလည်းကောင်း၊ အရိုးဆစ်နှင့် ခြင်ဆီကိုလည်းကောင်း ပိုင်းခြား၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင်တတ်၏။”—ဟီဘရူး ၄:၁၂ယုဒသန်ကျမ်း။

ဟီဘရူး ၄:၁၂ ရဲ့ အဓိပ္ပာယ်

 ကျမ်းစာမှာ ဖော်ပြထားတဲ့အတိုင်း ဘုရားရဲ့ တရားစကားဟာ လူတစ်ယောက်ရဲ့ အတွေး၊ သဘောထား အစစ်အမှန်ကို ထုတ်ဖော်ပေးနိုင်စွမ်း ရှိတယ်။ ပိုကောင်းတဲ့လူအဖြစ် ပြောင်းလဲပေးနိုင်စွမ်းလည်း ရှိတယ်။

 “ဘုရားသခင်ရဲ့ နှုတ်ထွက်စကားဟာ ရှင်သန်နေတယ်။” “ဘုရားသခင်ရဲ့ နှုတ်ထွက်စကား” ဆိုတာ ကျမ်းစာမှာ ဖော်ပြထားတဲ့ ဘုရားကတိ ဒါမှမဟုတ် ဘုရားရည်ရွယ်ချက်ကို ဆိုလိုတယ်။ a နာခံမှုရှိတဲ့ လူတွေ ကမ္ဘာမြေမှာ ငြိမ်းငြိမ်းချမ်းချမ်း စည်းစည်းလုံးလုံး ထာဝစဉ် နေထိုင်သွားကြဖို့ဆိုတာ ဘုရားရည်ရွယ်ချက်ရဲ့ အရေးကြီး အပိုင်းတစ်ပိုင်း ဖြစ်တယ်။—ကမ္ဘာဦး ၁:၂၈။ ဆာလံ ၃၇:၂၉။ ဗျာဒိတ် ၂၁:၃၊ ၄

 ဘုရားသခင်ရဲ့ နှုတ်ထွက်စကား ဒါမှမဟုတ် ရည်ရွယ်ချက်ဟာ ဘယ်လိုနည်းနဲ့ “ရှင်သန်” နေသလဲ။ ဘုရားသခင်ရဲ့ နှုတ်ထွက်စကားကို လူတစ်ယောက် လက်ခံလိုက်တာနဲ့ မျှော်လင့်ချက် ရှိလာတယ်။ ဘဝရည်ရွယ်ချက် ရှိလာတယ်။ လူတွေရဲ့ စိတ်နှလုံးထဲ အကြီးအကျယ် အကျိုးသက်ရောက်စေနိုင်စွမ်း ရှိလို့ ဘုရားသခင်ရဲ့ နှုတ်ထွက်စကားဟာ ရှင်သန်နေတယ်။ (တရားဟောရာ ၃၀:၁၄။ ၃၂:၄၇) မိမိကတိတွေ ပြည့်စုံလာဖို့ ဘုရား အလုပ်လုပ်နေလို့လည်း ဘုရားသခင်ရဲ့ နှုတ်ထွက်စကားဟာ “ရှင်သန်” နေတယ်။ (ယောဟန် ၅:၁၇) အသက်ရှင်နေတဲ့ ဘုရား ယေဟောဝါ b ဟာ ပေးပြီးကတိ မေ့သွားတတ်တဲ့၊ မတည်နိုင်တဲ့ လူတွေနဲ့ မတူဘူး။ (တောလည်ရာ ၂၃:၁၉) နှုတ်ထွက်စကားဟာ “မပြည့်စုံဘဲ [ဘုရား] ဆီ ပြန်လာမှာ မဟုတ်ဘူး။”—ဟေရှာယ ၅၅:၁၀၊ ၁၁

 “ဘုရားသခင်ရဲ့ နှုတ်ထွက်စကားဟာ . . . အစွမ်းထက်တယ်။” “အစွမ်းထက်တယ်” ဆိုတဲ့ အသုံးအနှုန်းကို “တန်ခိုးကြီးတယ်၊” “လှုပ်ရှားတက်ကြွတယ်” ဒါမှမဟုတ် “[အဲဒီနှုတ်ထွက်စကား] ပြီးမြောက်စေချင်တာ ဘာမဆို ပြီးမြောက်စေတယ်” လို့လည်း ပြန်ဆိုနိုင်တယ်။ ဒါကြောင့် ယေဟောဝါဘုရား ပြောတာ၊ ကတိပေးတာ ဘာမဆို ပြည့်ကို ပြည့်စုံလာမယ်။ (ဆာလံ ၁၃၅:၆။ ဟေရှာယ ၄၆:၁၀) တကယ်ဆို ကျွန်တော်တို့ စိတ်ကူးမိနိုင်တာထက် ပိုသာတဲ့ နည်းတွေနဲ့ ပြည့်စုံစေနိုင်တယ်။—ဧဖက် ၃:၂၀ c

 ကိုယ့်ဘဝပုံစံ၊ အကျင့်စရိုက် ပြောင်းလဲချင်သူတွေကို ပြောင်းလဲနိုင်အောင် ကူညီပေးခြင်းအားဖြင့်လည်း ဘုရားရဲ့ နှုတ်ထွက်စကားဟာ “အစွမ်းထက်တယ်။” ဘုရားသွန်သင်ချက်တွေဟာ ကိုယ့်အစိတ်အပိုင်း ဖြစ်လာတဲ့အခါ အတွေးအခေါ်၊ ဘဝပုံစံ၊ ရည်မှန်းချက်တွေကိုပါ သက်ရောက်မှု ရှိလာတယ်။ (ရောမ ၁၂:၂။ ဧဖက် ၄:၂၄) ဒီနည်းအားဖြင့် “ဘုရားသခင်ရဲ့ တရားစကား” လို့ သဘောထားသူတွေရဲ့ “ရင်ထဲအထိ အကျိုးသက်ရောက်” တယ်။—၁ သက်သာလောနိတ် ၂:၁၃

 “ဘုရားသခင်ရဲ့ နှုတ်ထွက်စကားဟာ . . . အသွားနှစ်ဖက် ရှိတဲ့ ဓားမှန်သမျှထက် ပိုထက်တယ်။” လူလုပ်ဓား မှန်သမျှထက် ဘုရားနှုတ်ထွက်စကားရဲ့ ထိုးဖောက်နိုင်စွမ်း ပိုထက်တယ်လို့ ပုံဆောင်သဘောနဲ့ ပြောထားတာ။ ဘုရားရဲ့ တရားစကားဟာ ဘယ်လူ့သွန်သင်မှုမှ မရောက်နိုင်တဲ့ အတွင်းစိတ်နှလုံးထဲထိ ရောက်နိုင်တယ်။ ဒီအကြောင်း ဟီဘရူး ၄:၁၂ မှာ ဆက်ပြောထားတယ်။

 “ဘုရားသခင်ရဲ့ နှုတ်ထွက်စကားဟာ . . . လူ့အပြင်ပန်းနဲ့ အတွင်းသဘောကိုသာမက အရိုးအဆစ်နဲ့ ခြင်ဆီကိုပါ ခွဲခြားပြီး ထွင်းဖောက်နိုင်တယ်။” “လူ့အပြင်ပန်း” ဆိုတာ မြင်ရတဲ့ပုံစံ၊ “အတွင်းသဘော” ဆိုတာ အတွင်းစိတ်ကို ဆိုလိုနိုင်တယ်။ (ဂလာတိ ၆:၁၈) “ဘုရားသခင်ရဲ့ နှုတ်ထွက်စကား” ဟာ “ခြင်ဆီ” လိုမျိုး အနက်ရှိုင်းဆုံး အတွေးတွေ၊ ခံစားချက်တွေအထိ ထိုးဖောက်နိုင်တယ်။ မမြင်နိုင်တဲ့ အတွင်းစိတ်ထဲ ဘာတွေ ရှိသလဲ သိလာစေတယ်။ လိုအပ်တဲ့ အပြောင်းအလဲတွေ လုပ်ဖို့ လှုံ့ဆော်ပေးတယ်။ ဒါက ဖန်ဆင်းရှင်ကိုကော ကျွန်တော်တို့ကိုပါ ပျော်ရွှင်စေတယ်။

 “ဘုရားသခင်ရဲ့ နှုတ်ထွက်စကားဟာ . . . စိတ်နှလုံးထဲက အတွေးတွေ၊ အကြံအစည်တွေကိုလည်း ပိုင်းခြားသိမြင်နိုင်တယ်။” လူတစ်ယောက် တရားစကား တုံ့ပြန်ပုံကို ကြည့်ပြီး ဘယ်လို အတွေးအခေါ် ရှိသလဲ သိနိုင်တယ်။ လုပ်ပုံကိုင်ပုံကို ကြည့်ပြီး ဘယ်လို သဘောထား၊ ရည်ရွယ်ချက် ရှိသလဲ သိနိုင်တယ်။ ဥပမာ၊ ဘုရားရဲ့ တရားစကား သိပြီးနောက် ဘဝမှာ အပြောင်းအလဲတွေ လုပ်တယ်။ ဒါ နှိမ့်ချသူ၊ စိတ်ရိုးဖြောင့်သူ ဖြစ်ကြောင်း ပြနေတာ။ ဖန်ဆင်းရှင် စိတ်တော်နဲ့ တွေ့ချင်ကြောင်း ပြနေတာ။ ဒါပေမဲ့ ကျမ်းစာကို အပြစ်ရှာမယ်၊ ဘုရားမနှစ်မြို့တာတွေကို စောဒက တက်နေမယ်ဆိုရင်ကော။ မာနကြီးသူ၊ တစ်ယူသန်သမား ဖြစ်ကြောင်း ပြနေတာပဲ။—ယေရမိ ၁၇:၉။ ရောမ ၁:၂၄-၂၇

 “ဘုရားသခင်ရဲ့ နှုတ်ထွက်စကားဟာ ကလိုင်ချောင်လို နေရာတွေအထိ ရောက်နိုင်တယ်” လို့ အကိုးအကားစာအုပ် တစ်အုပ်မှာ ဆိုတယ်။ ဘုရားမမြင်ဘဲ ကျန်ခဲ့တဲ့ အတွင်းခံစားချက်၊ ကျမ်းစာအလင်း မဖော်ထုတ်နိုင်တဲ့ နေရာဆိုတာ မရှိဘူး။ “ကျွန်တော်တို့ ဖြေရှင်းချက်ပေးရမယ့် အရှင်ရဲ့ ရှေ့မှာ အရာအားလုံးဟာ ဖုံးကွယ်မနေဘဲ အထင်အရှား မြင်နေရတယ်။”—ဟီဘရူး ၄:၁၃

ဟီဘရူး ၄:၁၂ ရဲ့ အထက်အောက်စကား

 အေဒီ ၆၁ လောက်မှာ တမန်တော် ပေါလု ရေးခဲ့တဲ့ ဟီဘရူးကျမ်းစောင်ဟာ ဘုရားလှုံ့ဆော်မှုကြောင့် ဂျေရုဆလင်မြို့နဲ့ ယုဒပြည်မှာရှိတဲ့ ဂျုးခရစ်ယာန်တွေဆီ ရေးခဲ့တဲ့ စာပါ။

 ရှေးအစ္စရေးတွေရဲ့ ပုံသက်သေက ခရစ်ယာန်တွေအတွက် သတိပေးချက် ဖြစ်ကြောင်း အခန်းကြီး ၃ နဲ့ ၄ မှာ ပေါလု အလေးပေးထားတယ်။ (ဟီဘရူး ၃:၈-၁၂။ ၄:၁၁) အစ္စရေးတွေကို ကျွန်ဘဝကနေ ကယ်တင်ပြီး “ဘေးကင်းလုံခြုံစွာ နေရ” မယ့်ပြည်ကို ပေးမယ်လို့ ယေဟောဝါ ကတိပေးတယ်။ (တရားဟောရာ ၁၂:၉၊ ၁၀) ဒါပေမဲ့ အီဂျစ်ပြည်ကနေ ထွက်လာတဲ့ အစ္စရေးမျိုးဆက်ဟာ ဘုရားကတိတွေကို အယုံအကြည် မရှိကြောင်း ထပ်တလဲလဲ ပြကြတယ်။ ဘုရားပညတ်တွေကို အကြိမ်ကြိမ် ချိုးဖောက်ကြတယ်။ ဒါကြောင့် “[ဘုရား] နဲ့အတူ အနားယူခွင့်” မရကြဘူး။ ဘုရားနဲ့ ဆက်ဆံရေးကောင်း မရှိခဲ့ကြဘူး။ တောကန္တာရမှာ သေဆုံးသွားကြတယ်။ သူတို့ရဲ့ သားစဉ်မြေးဆက်တွေ ကတိထားရာပြည်ကို အမွေရကြပေမဲ့ ဘုရားကို အာခံလာကြတယ်။ ဒါကြောင့် တစ်မျိုးလုံး အကြီးအကျယ် ဒုက္ခရောက်ရတယ်။—နေဟမိ ၉:၂၉၊ ၃၀။ ဆာလံ ၉၅:၉-၁၁။ လုကာ ၁၃:၃၄၊ ၃၅

 သစ္စာမဲ့ အစ္စရေးတွေဆီကနေ ခရစ်ယာန်တွေ သင်ခန်းစာ ယူကြဖို့ ပေါလု ပြောတယ်။ တရားစကားကို နာခံခြင်း၊ ကတိတွေကို အကြွင်းမဲ့ ယုံခြင်းအားဖြင့် ဘုရားသခင်နဲ့အတူ အနားယူခွင့် ရနိုင်ကြပါတယ်။—ဟီဘရူး ၄:၁-၃၊ ၁၁

 ဟီဘရူးကျမ်း ခြုံငုံသုံးသပ်ချက်ကို သိနိုင်ဖို့ ဒီဗီဒီယိုတိုကို ကြည့်ပါ။

a ဟီဘရူး ၄:၁၂ မှာ ပါတဲ့ “ဘုရားသခင်ရဲ့ နှုတ်ထွက်စကား” ဆိုတဲ့ အသုံးအနှုန်းဟာ ကျမ်းစာကိုပဲ ရည်ညွှန်းတာ မဟုတ်ဘူး။ မိမိကတိတွေအကြောင်း ကျမ်းစာမှာ ဘုရား မှတ်တမ်းတင်စေခဲ့လို့ အဲဒါတွေကိုလည်း ရည်ညွှန်းနိုင်တယ်။

b ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့ နာမည် ဖြစ်တယ်။ (ဆာလံ ၈၃:၁၈) “ယေဟောဝါဆိုတာ ဘယ်သူလဲ” ဆောင်းပါးကို ကြည့်ပါ။