မာတိကာဆီ ကျော်သွား

ကျမ်းပိုဒ် ရှင်းပြချက်များ

ဧဖက် ၃:၂၀—“ငါတို့ တောင်းလျှောက်ကြံစည်သမျှသော အရာတို့ထက် သာလွန်ပိုမို၍ ချပေးတော်မူနိုင်သော ဘုရားသခင်”

ဧဖက် ၃:၂၀—“ငါတို့ တောင်းလျှောက်ကြံစည်သမျှသော အရာတို့ထက် သာလွန်ပိုမို၍ ချပေးတော်မူနိုင်သော ဘုရားသခင်”

 “ကျွန်တော်တို့ဆီမှာ သက်ရောက်နေတဲ့ တန်ခိုးတော်နဲ့အညီ ကျွန်တော်တို့ တောင်းလျှောက်သမျှ၊ ကြံစည်သမျှထက် အတိုင်းထက်အလွန် လုပ်ဆောင်နိုင်တဲ့ ဘုရားသခင်ဟာ . . . အစဉ်ထာဝရ ဘုန်းထင်ရှားပါစေ။”—ဧဖက် ၃:၂၀၊ ၂၁ကမ္ဘာသစ် ဘာသာပြန်ကျမ်း။

 “ငါတို့ စိတ်နှလုံးကို ပြုပြင်တော်မူသော တန်ခိုးတော်အားဖြင့် ငါတို့တောင်းလျှောက်ကြံစည်သမျှသော အရာတို့ထက် သာလွန်ပိုမို၍ ချပေးတော်မူနိုင်သော ဘုရားသခင်သည် . . . ဘုန်းအသရေ ထွန်းတောက်တော်မူပါစေသတည်း။”—ဧဖက် ၃:၂၀၊ ၂၁၊ ခေတ်သုံးမြန်မာသမ္မာကျမ်း။

ဧဖက် ၃:၂၀ ရဲ့ အဓိပ္ပာယ်

 ဘုရားသခင်က မိမိကို ဝတ်ပြုသူတွေရဲ့ဆုတောင်းချက်ကို သူတို့ ထင်မှတ်မထားတဲ့ နည်းနဲ့ ဖြေကြားပေးနိုင်တယ်၊ သူတို့ရဲ့ဆန္ဒကို ပြည့်ဝစေမယ်ဆိုတာ တမန်တော်ပေါလု ယုံကြည်စိတ်ချတယ်။ ဘုရားဖြေဆိုပေးပုံက သူတို့မျှော်လင့်တာထက်တောင် ပိုကောင်းနိုင်တယ်။

 “ကျွန်တော်တို့ဆီမှာ သက်ရောက်နေတဲ့ တန်ခိုးတော်နဲ့အညီ . . . လုပ်ဆောင်နိုင်တဲ့ ဘုရားသခင်။” ယေဟောဝါဘုရား aက ကျွန်တော်တို့ကို အလိုတော် ဆောင်ရွက်နိုင်ဖို့ လိုအပ်တဲ့တန်ခိုး၊ ခွန်အား ပေးနိုင်ပါတယ်။—ဖိလိပ္ပိ ၄:၁၃

 အခန်းငယ် ၂၀ မှာ တမန်တော်ပေါလုက ယေဟောဝါဘုရားရဲ့ ကူညီပေးနိုင်စွမ်းကို အလေးပေးထားတယ်။ “လုပ်ဆောင်နိုင်တဲ့ ဘုရားသခင်” ဆိုတဲ့ အသုံးအနှုန်းကို စာအုပ်တစ်အုပ်မှာ ဒီလိုရှင်းပြတယ်– “တစ်ခုခုကို ဘုရားသခင် လုပ်ပေးနိုင်ခြေ ရှိတယ်လို့ ပြောနေတာမဟုတ်ဘူး၊ လုပ်ဆောင်နိုင်တဲ့ အစွမ်းတန်ခိုးရှိတယ်လို့ ပြောနေတာဖြစ်တယ်။” လူသားမိတ်ဆွေတွေက ကူညီပေးချင်စိတ်ရှိရင်တောင် မကူညီနိုင်တဲ့အခါတွေရှိတယ်။ ယေဟောဝါဘုရားကတော့ မိမိကိုကိုးကွယ်သူတွေရဲ့ လိုအပ်ရာမှန်သမျှကို အမြဲ ဖြည့်ဆည်းပေးနိုင်တယ်၊ သူတို့ရဲ့ဆုတောင်းချက်တွေကို အမြဲ ဖြေကြားပေးနိုင်တယ်။ ဘုရားသခင်မှာပဲ အကန့်အသတ်မဲ့ တန်ခိုးနဲ့ အခွင့်အာဏာရှိတယ်။—ဟေရှာယ ၄၀:၂၆

 ဘုရားသခင်ဟာကျွန်တော်တို့ တောင်းလျှောက်သမျှ၊ ကြံစည်သမျှထက် အတိုင်းထက်အလွန် လုပ်ဆောင်နိုင်” တယ်။ ဘုရားသခင်က “အတိုင်းထက်အလွန်” လုပ်ဆောင်ပေးနိုင်တယ်။ ပိုလျှံတယ်၊ များလွန်းတယ်လို့ ကျွန်တော်တို့ ထင်တာထက်တောင် ပိုလုပ်ပေးနိုင်တယ်။

 တစ်ခါတလေ ကိုယ်ကြုံနေရတဲ့ ပြဿနာတွေဟာ မဖြေရှင်းနိုင်လောက်အောင် ကြီးမားလွန်းတယ်လို့ ခရစ်ယာန်တွေ ခံစားမိနိုင်တယ်။ ဘာအတွက် ဆုတောင်းရမှန်းတောင် မသိတဲ့အထိ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ယေဟောဝါဘုရားက ကျွန်တော်တို့ရဲ့ အခြေအနေကို ကောင်းကောင်းနားလည်တယ်၊ ကူညီပေးနိုင်စွမ်းလည်း ရှိတယ်။ ဘယ်ပြဿနာကိုမဆို အချိန်တန်ရင် ဖြေရှင်းပေးမယ်။ ကိုယ်မထင်မှတ်ထားတဲ့၊ မစဉ်းစားမိတဲ့ နည်းတွေနဲ့ ဘုရား ဖြေရှင်းပေးနိုင်တယ်။ (ယဘ ၄၂:၂။ ယေ ၃၂:၁၇) တစ်ချိန်တည်းမှာ ခံရပ်နိုင်ဖို့၊ ဝမ်းမြောက်စွာ ခံရပ်နိုင်ဖို့တောင် ခွန်အားပေးပါလိမ့်မယ်။—ယာကုပ် ၁:၂၊ ၃

ဧဖက် ၃:၂၀ ရဲ့ အထက်အောက်စကား

 ဧဖက်ကျမ်းဟာ ဒီနေ့ခေတ် တူရကီနိုင်ငံမှာရှိတဲ့ အာရှမိုင်းနားဒေသ၊ ဧဖက်မြို့က ခရစ်ယာန်တွေဆီ တမန်တော်ပေါလု ရေးခဲ့တဲ့စာ ဖြစ်တယ်။ စာထဲမှာ သူတို့အတွက် ဆုတောင်းစကားတွေကို ဖော်ပြထားတယ်။ (ဧဖက် ၃:၁၄-၂၁) ယေရှုရဲ့ အတွေးအခေါ်၊ အကျင့်အကြံကို တုပခြင်းအားဖြင့် ခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာကို ပိုသိလာပါစေဆိုပြီး သူတို့အတွက် ပေါလု ဆုတောင်းပေးတယ်။ အဲဒီဆုတောင်းစကားက ခရစ်ယာန်အားလုံးနဲ့လည်း သက်ဆိုင်တယ်။ ဧဖက် ၃:၂၀၊ ၂၁ ပါစကားတွေနဲ့ ဘုရားကို ချီးမွမ်းရင်း သူ့ဆုတောင်းချက်ကို အဆုံးသတ်လိုက်တယ်။

 ဧဖက်ကျမ်း ခြုံငုံသုံးသပ်ချက်ကို သိနိုင်ဖို့ ဒီဗီဒီယိုအတိုကို ကြည့်ပါ။

a ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့ ကိုယ်ပိုင်နာမည် ဖြစ်တယ်။ (ဆာလံ ၈၃:၁၈) “ယေဟောဝါဆိုတာ ဘယ်သူလဲ” ဆောင်းပါးကို ဖတ်ပါ။