မာတိကာဆီ ကျော်သွား

ကျမ်းပိုဒ် ရှင်းပြချက်များ

မာကု ၁၁:၂၄—“ယုံကြည်သောစိတ်နှင့် ဆုတောင်းသမျှတို့ကို ရကြလိမ့်မည်”

မာကု ၁၁:၂၄—“ယုံကြည်သောစိတ်နှင့် ဆုတောင်းသမျှတို့ကို ရကြလိမ့်မည်”

 “ဒါကြောင့် ကျွန်တော် ပြောမယ်။ ရကိုရမယ်လို့ ယုံကြည်ပြီး ခင်ဗျားတို့ ဆုတောင်းရင် တောင်းသမျှ ရလိမ့်မယ်။”—မာကု ၁၁:၂၄ကမ္ဘာသစ်ဘာသာပြန်ကျမ်း။

 “ထိုကြောင့် ငါဆိုသည်ကား၊ သင်တို့သည် ဆုကျေးဇူးကိုရမည်ဟု ယုံကြည်သောစိတ်နှင့် ဆုတောင်းသမျှတို့ကို ရကြလိမ့်မည်။”—မာကု ၁၁:၂၄၊ ယုဒသန်ကျမ်း။

မာကု ၁၁:၂၄ ရဲ့အဓိပ္ပာယ်

 ဒီစကားတွေအားဖြင့် ယေရှုက နောက်လိုက်တွေကို ဆုတောင်းခြင်းရဲ့အစွမ်းကို အခိုင်အမာယုံကြည်ဖို့ အရေးကြီးကြောင်း ဖော်ပြခဲ့တယ်။ ဘုရားသခင်က ဆုတောင်းချက်တွေကို နားထောင်ရုံမက၊ အဖြေလည်းပေးကြောင်း ယေရှု အာမခံနေတာ။ ဘုရားအလိုတော်နဲ့အညီ အရိုးခံစိတ်နဲ့ ဆုတောင်းရင် ဆုတောင်းချက်ကို ဘုရားဖြေကြားပြီးတဲ့အလား၊ ဆုတောင်းတဲ့အတိုင်း တကယ်ဖြစ်လာမယ်ဆိုတာ စိတ်ချနိုင်တယ်။

 ယုံကြည်ခြင်းအပြည့်နဲ့ ဆုတောင်းဖို့ အရေးကြီးကြောင်း ယေရှု အလေးပေး ဖော်ပြနေတာ။ ဆုတောင်းသူဟာ “သံသယစိတ် မရှိဘဲ ကိုယ်ပြောတဲ့အတိုင်း ဖြစ်မယ်လို့ ယုံကြည်” သင့်တယ်ဆိုပြီး ယေရှု ပြောတယ်။ (မာကု ၁၁:၂၃) ဘာကြောင့်လဲဆိုတော့ သံသယစိတ်ရှိသူဟာ “ယေဟောဝါ a ဆီကနေ တစ်ခုခု ရမယ်လို့ မမျှော်လင့်” နိုင်လို့ပါ။—ယာကုပ် ၁:၅-၈

 ယုံကြည်ခြင်းရှိတဲ့သူဟာ အခြေအနေအမျိုးမျိုးမှာ ဆုတောင်းတယ်။ (လုကာ ၁၁:၉၊ ၁၀။ ရောမ ၁၂:၁၂) ဒီနည်းနဲ့ တကယ်လိုအပ်လို့ တောင်းရခြင်း ဖြစ်ကြောင်း၊ တောင်းတာကိုလည်း ဘုရား ဖြေကြားပေးမယ်ဆိုတာ တကယ်ယုံကြောင်း တင်ပြတယ်။ ကိုယ် မမျှော်လင့်ထားတဲ့အချိန်မှာ၊ မမျှော်လင့်ထားနဲ့နည်းနဲ့ ဘုရား ဖြေကြားနိုင်တယ်ဆိုတာကိုလည်း သဘောပေါက်တယ်။—ဧဖက် ၃:၂၀။ ဟီဘရူး ၁၁:၆

 ဒါပေမဲ့ ဘယ်သူမဆို ဘုရားသခင်ဆီ တောင်းချင်တိုင်း တောင်းလို့ရတယ်လို့ ယေရှု ဆိုလိုနေတာ မဟုတ်ပါဘူး။ အဲဒီစကားတွေကို ယေရှုက ယေဟောဝါဘုရားနှစ်သက်တဲ့နည်းနဲ့ ဝတ်ပြုဖို့ အတတ်နိုင်ဆုံး ကြိုးစားနေတဲ့၊ ယုံကြည်ခြင်းရှိတဲ့ နောက်လိုက်တွေကို ပြောနေတာ။ အလိုတော်နဲ့ညီတဲ့ ဆုတောင်းချက်တွေကိုပဲ ယေဟောဝါ နားညောင်းတယ်လို့ ကျမ်းစာ ဆိုတယ်။ (၁ ယောဟန် ၅:၁၄) ဘုရားစံနှုန်းတွေကို တမင်လျစ်လျူရှုသူ၊ အမှားလုပ်ပြီး နောင်တမယူသူတွေရဲ့ ဆုတောင်းချက်ကိုတော့ နားမထောင်ဘူး။ (ဟေရှာယ ၁:၁၅။ မိက္ခာ ၃:၄။ ယောဟန် ၉:၃၁) ဘုရားနားထောင်တဲ့ ဆုတောင်းချက်တွေအကြောင်း ပိုသိဖို့ ဒီဗီဒီယိုအတိုကို ကြည့်ပါ။

မာကု ၁၁:၂၄ အထက်အောက်စကား

 မြေကြီးပေါ် အမှုဆောင်ချိန် အဆုံးပိုင်းမှာ ယေရှုက တပည့်တွေကို ဘုရားကို အခိုင်အမာ ယုံကြည်ဖို့ အရေးကြီးကြောင်း သင်ပေးခဲ့တယ်။ သဖန်းပင် ပုံဥပမာကိုတောင် သုံးခဲ့တယ်။ ဂျေရုဆလင်မြို့ကို သွားချိန်မှာ အရွက်ဝေဆာနေတဲ့ သဖန်းပင်တစ်ပင်ကို တွေ့တယ်။ ဒါပေမဲ့ အပင်မှာ အသီးမရှိဘူး။ ဒါနဲ့ ယေရှုက အပင်ကို ကျိန်လိုက်တယ်။ (မာကု ၁၁:၁၂-၁၄) သဖန်းပင်က အရွက်ဝေဆာနေပေမဲ့ အသီးမရှိသလို ရှေးအစ္စရေးလူမျိုးဟာလည်း ဘုရားကို ဝတ်ပြုနေပုံပေါက်ပေမဲ့ ယုံကြည်ခြင်းမရှိဘူး။ (မဿဲ ၂၁:၄၃) မကြာခင်မှာပဲ သဖန်းပင် ခြောက်သွေ့သွားတယ်။ အဲဒီဖြစ်ရပ်က ယုံကြည်ခြင်းကင်းမဲ့တဲ့ အစ္စရေးတွေ မကြာခင် ဘာဖြစ်သွားမယ်ဆိုတာကို ဖော်ပြတယ်။—မာကု ၁၁:၁၉-၂၁

 နောက်လိုက်တွေကတော့ အခက်အခဲတွေကို အောင်မြင်ကျော်လွှားနိုင်ဖို့၊ အံ့သြစရာတွေကို ပြီးမြောက်စေဖို့ လိုအပ်တဲ့ယုံကြည်ခြင်း မွေးမြူနိုင်မယ်ဆိုတာ ယေရှု ယုံကြည်စိတ်ချခဲ့တယ်။ (မာကု ၁၁:၂၂၊ ၂၃) ဆုတောင်းခြင်းအကြောင်း နောက်လိုက်တွေအတွက် ယေရှုရဲ့အကြံပေးချက်က တကယ့်အချိန်ကိုက်ပါပဲ။ ဘာကြောင့်လဲဆိုတော့ မကြာခင်မှာ သူတို့ရဲ့ ယုံကြည်ခြင်း စမ်းသပ်ခံရတော့မယ်၊ ယေရှု သေဆုံးတော့မယ်၊ အမှုဆောင်မှာလည်း ဆန့်ကျင်မှုတွေ တိုးများလာမယ်။ (လုကာ ၂၄:၁၇-၂၀။ တမန်တော် ၅:၁၇၊ ၁၈၊ ၄၀) ဒီနေ့ခေတ် ယေရှုရဲ့နောက်လိုက်တွေလည်း ဘုရားသခင်ကို ယုံကြည်ကြောင်း၊ ဆုတောင်းခြင်းရဲ့အစွမ်းကို ယုံကြည်ကြောင်း တင်ပြတဲ့အခါ ခက်ခဲတဲ့အခြေအနေတွေကို အောင်မြင်ကျော်လွှားနိုင်ပါလိမ့်မယ်။—ယာကုပ် ၂:၂၆

 မာကုကျမ်းကို ခြုံငုံသုံးသပ်ထားတဲ့ ဒီဗီဒီယိုအတိုကို ကြည့်ပါ။

a ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့ကိုယ်ပိုင်နာမည် ဖြစ်တယ်။ (ဆာလံ ၈၃:၁၈) “ယေဟောဝါဆိုတာ ဘယ်သူလဲ” ဆောင်းပါးကိုကြည့်ပါ။