မာတိကာဆီ ကျော်သွား

ဖျားနာ​နေ​သူတွေ​အတွက် နှစ်သိမ့်မှုနဲ့ လက်တွေ့ကျ အကူအညီ

ဖျားနာ​နေ​သူတွေ​အတွက် နှစ်သိမ့်မှုနဲ့ လက်တွေ့ကျ အကူအညီ

ရောဂါ ပြင်းထန်​နေ​သူတွေဟာ အလွယ်တကူ စိုးရိမ်​ပူပန်​တတ်​ပြီး ဆေးရုံ​တက်ဖို့ လို​မယ်​ဆိုရင် ပူ​ပင်​သောက ပို​များ​လာ​တတ်ကြတယ်။ ဒါကြောင့် ဆေး​ဂျာနယ်​တစ်စောင်​မှာ ဖော်ပြ​ထားတဲ့​အတိုင်း “လေ့လာမှု​များ​အရ လူနာ​တွေကို စိတ်ပိုင်းဆိုင်ရာ၊ ဘုရားတရား​ဆိုင်ရာ ထောက်မပေး​တာ​က သူတို့ရဲ့ ကျန်းမာရေး​ကို အလွန် အကျိုး​ဖြစ်စေ​ကြောင်း သိရတယ်။” *

အဲဒီ​အချက်​နဲ့​အညီ ယေဟောဝါသက်သေတွေ​က ဆေးရုံ​တက်နေတဲ့ ယုံကြည်သူချင်းတွေကို သမ္မာ​ကျမ်းစာနဲ့ နှစ်သိမ့်​ပေးပြီး လက်တွေ့ကျ အကူအညီ ပေး​ကြတယ်။ အသင်းတော် အကြီးအကဲ​တွေက အသင်းတော်မှာရှိတဲ့ ဖျားနာ​နေ​သူတွေဆီ လည်ပတ်ကြ​တယ်။ ယေဟောဝါ​သက်သေ လူနာ​တစ်ယောက်က အိမ်နဲ့ ဝေး​တဲ့ ဆေးရုံမှာ ဆေး​ကုသမှု ခံယူ​နေတယ် ဆိုရင်ကော။ ကမ္ဘာ​တစ်ဝန်း​က မြို့ကြီး​တွေ​မှာ လူနာ​လည်ပတ်ရေး​အဖွဲ့ (PVG) ကို ယေဟောဝါသက်သေတွေ စီစဉ်​ပေး​ကြတယ်။ အဖွဲ့ဝင် အသင်းတော် အကြီးအကဲ​တွေ​က ဆေးရုံတက်​ပြီး ဆေး​ကုသမှု ခံယူ​နေကြ​တဲ့ တခြား​ဒေသ၊ တခြား​နိုင်ငံက ယေဟောဝါ​သက်သေ လူနာ​တွေ​နဲ့ မိသားစုဝင်တွေကို ကူညီ​ပေးဖို့ မှန်မှန် လည်ပတ်ကြ​တယ်။ တိုက်ကြီး​ခြောက်​တိုက်​မှာ PVG အဖွဲ့ ၁,၉၀၀ ခန့်၊ စေတနာ​ဝန်ထမ်း ၂၈,၀၀၀ ကျော် ရှိတယ်။ *

PVG အဖွဲ့ဝင်တွေ​က ကျမ်းစာနဲ့ ဘယ်လို နှစ်သိမ့်​ပေး​ကြသလဲ

PVG အဖွဲ့ဝင် ဝီလီယံ ဒီလို​ပြောတယ်– “ယေဟောဝါ​သက်သေ​လူနာ၊ ယေဟောဝါ​သက်သေ မဟုတ်တဲ့ မိသားစုဝင်​တွေ​နဲ့ အတူ​ရှိနေ​ပေးပြီး စကား​ပြောတယ်။ နားထောင်​ပေးတယ်။ ယေဟောဝါ​ဘုရားက သူတို့​အခြေအနေကို သတိပြုမိ​ပြီး ဂရုစိုက်​စောင့်ရှောက်​ပေးမယ်​ဆိုတာ ပြောပြတယ်။ သူတို့​အတွက် ဆုတောင်း​ပေးတာကို လူနာ​တွေ​ရော၊ မိသားစုဝင်​တွေ​ပါ လေးမြတ်​ကြတယ်။”

များစွာသော​သူတွေက PVG အဖွဲ့ဝင်တွေ​ရဲ့ အားပေးမှုကို ကျေးဇူးတင်ကြောင်း ပြော​ကြတယ်။ အမေရိကန်မှာ လူနာ​တွေကို လည်ပတ်​ကြည့်ရှု​ပေးတဲ့ PVG အဖွဲ့ဝင် ၇,၀၀၀ နီးပါး ရှိပြီး အတွေ့အကြုံ​တချို့ကို အောက်မှာ ဖော်ပြ​ထားပါ​တယ်။

  • ပ​ရီ​စီ​လာ ဒီလို​ပြောတယ်– “လေဖြတ်​ပြီး ဆေးရုံတက်​နေရတဲ့ အဖေ့ကို လာ​ကြည့်​ပေး​ကြ​လို့ ကျေးဇူးတင်ပါတယ်။ ညီအစ်ကိုတို့ လာလည်​လို့ အဖေ အတော် အား​ရှိသွား​တယ်။ ဒီလို​အစီအစဉ် ရှိတာကို အဖေ အံ့ဩ​နေတာ။ ညီအစ်ကိုတို့ လာ​ကြည့်​ပေးလို့ အဖေ နာလန်ထ​တာ ပို​မြန်​သွားတယ်။”

  • မိခင် မသေဆုံးမီ PVG အဖွဲ့ဝင်တွေ လာလည်​ပတ်​မှု​နဲ့​ပတ်သက်ပြီး အို​ဖီလီ​ယာ ဒီလို​ပြောတယ်– “ညီအစ်ကိုတို့ လည်ပတ်မှု​ကြောင့် သိပ်​အကျိုး​ရှိတယ်။ ယေဟောဝါ စေလွှတ်​လိုက်​မှန်း အမေ သိတယ်။ မေတ္တာနဲ့ ဂရုစိုက်မှု​အတွက် ကျေးဇူးတင်ပါတယ်။”

  • ရက်​အနည်းငယ်​ပဲ အသက်ရှင်​ရတော့မယ်​ဆိုတာ သိလိုက်ရ​တဲ့ လူနာ​တစ်ယောက် စိတ်ဓာတ်ကျ​ပြီး ပူပန်​သောကရောက်​ခဲ့တယ်။ PVG အဖွဲ့ဝင် ဂျိမ်းစ်​က သူနဲ့အတူ နေ​ပေးပြီး ဖိလိပ္ပိ ၄:၆၊ ၇ မှာပါတဲ့ ကျမ်းစာ​နှစ်သိမ့်​စကားကို ပြောပြတယ်။ ဂျိမ်းစ် ဒီလို​ပြောတယ်– “နောက်​နေ့ သူ့​ဆီ လည်ပတ်​တဲ့အခါ သူ့​သဘောထား သိသိသာသာ ပြောင်းလဲ​သွားတယ်။ သူ့​အခြေအနေကို သိထားပေမဲ့ ယေဟောဝါရဲ့ အကူအညီကို အကောင်းမြင်​လာပြီး ကျွန်တော့်ကို​တောင် အားပေး​လိုက်​သေးတယ်။”

PVG အဖွဲ့ဝင်တွေ ဘယ်လို လက်တွေ့ကျ အကူအညီ​တွေ ပေး​ကြသလဲ

ပေါ်လင်း​ရဲ့ ခင်ပွန်းဟာ ရပ်​ဝေး​ဆေးရုံမှာ ဆေး​ကုသ​ရင်း သေဆုံးသွားတယ်။ ပေါ်လင်း ဒီလို​ရေးခဲ့တယ်– “ကျွန်မတို့​မိသားစု​အတွက် စိတ်​အ​ဖိစီး​ဆုံး​အချိန်မှာ ညီအစ်ကိုတို့​ရဲ့ အကူအညီ​အတွက် ကျေးဇူး​အများကြီး တင်​ပါတယ်။ မနက် အလုပ်ဆင်း​ရမှာ ဖြစ်ပေမဲ့ ညသန်းခေါင် ကျွန်မတို့နဲ့ ဆေးရုံမှာ လာ​တွေ့​ပေးလို့ တကယ် နှစ်သိမ့်မှု ခံစား​ရတယ်။ ကျွန်မတို့ ၁၁ ယောက်​အတွက် နေစရာ စီစဉ်​ပေးလို့၊ အစစအရာရာ ကူညီပေး​ကြ​လို့ ကျေးဇူးတင်ပါတယ်။ နှစ်သိမ့်မှု ဖြစ်စေတဲ့ ဒီ​အစီအစဉ်ကို ပြင်ဆင်​ပေးတဲ့ ယေဟောဝါ​ဘုရားနဲ့ အဖွဲ့အစည်း​ကို ကျေးဇူးတင်ပါတယ်။”

နစ်ကီ၊ ဂ​ယ်လီ၊ ရို​ဘင်​တို့ဟာ အိမ်နဲ့ မိုင် ၂၀၀ (၃၀၀ ကီလိုမီတာ) ဝေး​တဲ့ နေရာမှာ ယာဉ်​မတော်တဆမှု ဖြစ်ခဲ့တယ်။ PVG အဖွဲ့ဝင် ကား​လို့​စ် အဲဒီ​သတင်း ရပြီး ဆေးရုံမှာ သွား​တွေ့တယ်။ ကား​လို့​စ် ဒီလို​ပြောပြတယ်– “လိုအပ်​နေတာ​တွေ ကူညီ​ပေးပြီး နစ်ကီ ဆေး​ကုသမှု ခံယူ​နေတုန်း သူ့​ခွေး​လေး​ကို ကျွန်တော် ကြည့်​ပေးထားတယ်။” အဲဒီနောက် PVG အဖွဲ့ဝင် ကာ​တစ်​တို့ ဇနီးမောင်နှံ ရောက်လာတယ်။ မိသားစုဝင်​တွေ ရောက်လာတဲ့​အထိ လူနာ​တွေ​နဲ့​အတူ နာရီ​အတော်ကြာ နေ​ပေး​ကြတယ်။ သတိထား​မိ​သူ​တစ်ဦး ဒီလို​ပြောတယ်– “သုံးယောက်စလုံး ဂရုစိုက်​ပေးမှု​ကြောင့် စိတ်သက်သာမှု ရခဲ့ကြတယ်။ နစ်ကီ​ရဲ့ ညီမ ရို​ဘင်​ကတော့ ယေဟောဝါ​သက်သေ မဟုတ်ဘူး။ PVG အဖွဲ့ဝင်တွေ​ရဲ့ ကူညီ​ပေးမှု​ကြောင့် အံ့ဩ​နေတယ်။”

^ အပိုဒ်၊ 2 “Addressing Patients’ Emotional and Spiritual Needs,” published in The Joint Commission Journal on Quality and Patient Safety, December 2003, Volume 29, No. 12, page 661.

^ အပိုဒ်၊ 3 ယေဟောဝါ​သက်သေ အကြီးအကဲ​အားလုံး​လို​ပဲ PVG အဖွဲ့ဝင်တွေ​ဟာ အသင်းတော်မှာ သိုးထိန်း​တွေ၊ သွန်သင်​သူတွေ၊ သတင်းကောင်း ဟောပြောသူတွေ ဖြစ်ကြတယ်။ သူတို့ဟာ လခစား​တွေ မဟုတ်ဘူး။ စိတ်လိုကိုယ်လျောက်၊ စေတနာ​စိတ်နဲ့ လုပ်ဆောင်ကြတယ်။—၁ ပေတရု ၅:၂