မာတိကာဆီ ကျော်သွား

“ခင်ဗျား ဖုန်းဆက်လာမှာကို ကျွန်တော် စောင့်နေခဲ့တာ”

“ခင်ဗျား ဖုန်းဆက်လာမှာကို ကျွန်တော် စောင့်နေခဲ့တာ”

 အက်ဒ်နဲ့ ဇနီး ဂျန်းနီဟာ ၂၀၁၀ တုန်းက ဦးဆုံးအကြိမ် ဖုန်းဆက် သက်သေခံကြည့်ကြတယ်။ a “တစ်စက်လေးမှ မကြိုက်ဘူး။ ဒါကြောင့် ‘နောက်တစ်ခါ ဘယ်တော့မှ ထပ်မဆက်ဘူး’ လို့ ကျွန်မယောက်ျားကို ပြောလိုက်တယ်” ဆိုပြီး ဂျန်းနီ ပြောတယ်။ အက်ဒ်လည်း အဲဒီလိုပဲ ခံစားရတယ်။ “ကိုယ်ဆိုရင်လည်း စီးပွားရေးကြော်ငြာဖုန်းတွေ ဝင်လာရင် မကြိုက်ဘူး။ ဒီတော့ ကျွန်တော်တို့ ဖုန်းဆက်လိုက်တဲ့သူတွေလည်း အဲဒီလိုပဲ နေမှာ” လို့ အက်ဒ် ပြောတယ်။

 ဒီလိုနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ စတော့ ယေဟောဝါသက်သေတွေ တစ်အိမ်တက်ဆင်း မသွားကြတော့ဘူး။ ဒါပေမဲ့ သတင်းကောင်း ဟောပါဆိုတဲ့ ယေရှုရဲ့ အမိန့်ကို နာခံပြီး အမှုဆောင်လုပ်ငန်းမှာ ဆက်ပါဝင်ကြတယ်။ စာရေး၊ ဖုန်းဆက် သက်သေခံတာ အများဆုံး လုပ်ကြတယ်။ (မဿဲ ၂၄:၁၄။ ၂၈:၁၉၊ ၂၀) လယ်ကွင်းစုဆုံမှုတွေ အပါအဝင် အစည်းအဝေးတွေကိုလည်း ဗီဒီယို ချိတ်ဆက်ပြီး ကျင်းပကြတယ်။ ဒါနဲ့ အက်ဒ်လည်း ခက်ပေမဲ့ ဖုန်းဆက် သက်သေခံဖို့ ထပ်ကြိုးစားကြည့်တယ်။ ပထမဆုံး ဖုန်းခေါ်ခါနီး အက်ဒ် ဘယ်လို ခံစားရသလဲ။ “စိတ်ပူလွန်းလို့ ဘုရားဆီ ဆုတောင်းလိုက်တယ်။ ပြီးတော့ ဖုန်းခေါ်တယ်။ အဲဒီမှာ တိုင်ရွန်နဲ့ တွေ့တာပဲ” လို့ ပြောပြတယ်။ b

 တိုင်ရွန်နဲ့ ဇနီး အီဒစ်က အမေရိကန်ပြည်ထောင်စု၊ ကန်တက်ကီပြည်နယ် ကျေးလက်ပိုင်းမှာ နေကြတာ။ အသက် ၈၃ နှစ် ရှိပြီ ဖြစ်တဲ့ တိုင်ရွန်ဟာ အမြင်အာရုံ ချို့ယွင်းနေပြီ။ ဒါပေမဲ့ အက်ဒ် ကျမ်းစာ သင်အံမှု ကမ်းလှမ်းတော့ လက်ခံတယ်။ ဖုန်းနဲ့ ကျမ်းစာ ပုံမှန် လေ့လာတယ်။ မှန်ဘီလူးနဲ့ စာဖတ်တယ်။

 တစ်လလောက် ကြာတော့ တိုင်ရွန်ကော အီဒစ်ပါ အသင်းတော် အစည်းအဝေးတွေ စတက်ကြတယ်။ ဒါပေမဲ့ အင်တာနက် မရှိလို့ ဖုန်းနဲ့ ချိတ်ဆက် နားထောင်ကြတယ်။ အီဒစ် ဘာကြောင့် အမှန်တရားကို စိတ်ဝင်စားသွားသလဲ။

 တိုင်ရွန်နဲ့ ကျမ်းစာ သင်တဲ့အချိန်တွေမှာ ဘေးကနေ အီဒစ် အဖြေတွေ ထောက်ပေးတာ၊ ကျမ်းပိုဒ်တွေ ရှာဖို့ ကူညီပေးတာကို ဖုန်းထဲကနေ အက်ဒ်နဲ့ ဂျန်းနီ ကြားရတယ်။ ဒါပေမဲ့ ကျမ်းစာ လေ့လာဖို့ စိတ်ဝင်စားပုံ မပြဘူး။ “အီဒစ်ရဲ့ လေသံ နားထောင်ကြည့်ရတာ ဝမ်းနည်းသံ စွက်နေသလိုပဲ။ ဘာကြောင့်လဲဆိုတာတော့ အက်ဒ်ကော ကျွန်မပါ မသိကြဘူး” လို့ ဂျန်းနီ ပြောတယ်။

အက်ဒ်နဲ့ ဂျန်းနီ ဖုန်းဆက် သက်သေခံနေ

 တစ်ရက်တော့ အီဒစ်နဲ့ စကားပြောကြည့်မှပဲလို့ ဂျန်းနီ တွေးမိတယ်။ ဒါနဲ့ အချိန်အခါကောင်း စောင့်ပြီး အက်ဒ်ဆီကနေ ဖုန်းတောင်းလိုက်တယ်။ “တိုင်ရွန်၊ ဘေးမှာ ရှင့်အမျိုးသမီးအသံ ကြားနေရတယ်။ ကျမ်းပိုဒ်လေး ဖတ်ဖို့ ဖြစ်ဖြစ်၊ မှတ်ချက် တစ်ခုလောက် ပေးဖို့ ဖြစ်ဖြစ် တောင်းဆိုချင်လို့ပါ” လို့ ပြောလိုက်တယ်။

 ခဏနေတော့ အီဒစ် ဖုန်းကိုင်ပြီး “ရှင်နဲ့ ဖုန်းပြောချင်နေတာ” လို့ လေသံပျော့ပျော့လေးနဲ့ စပြောတယ်။ “ကျွန်မ ယေဟောဝါသက်သေတစ်ယောက်ပါ။ မလှုပ်မရှား ဖြစ်နေတာ အနှစ် ၄၀ ရှိပြီ” တဲ့။

 “ရှင်က ကျွန်မတို့ရဲ့ ညီအစ်မပဲကိုး” လို့ ဂျန်းနီ တအံ့တဩ ပြောလိုက်တယ်။ နောက်တော့ နှစ်ယောက်သား ငိုကြပါလေရော။

 သိပ်မကြာခင်မှာပဲ အီဒစ်ကို ယေဟောဝါဘုရားဆီ ပြန်လာပါ ဆိုတဲ့ စာစောင် အက်ဒ် ပေးလိုက်တယ်။ နောက်ပိုင်း အီဒစ် တိုးတက်လာတာကို အက်ဒ်နဲ့ ဂျန်းနီ သတိထားမိကြတယ်။ “အရင်တုန်းက အီဒစ်ရဲ့ လေသံမှာ ဝမ်းနည်းသံ စွက်နေခဲ့တယ်။ အခုတော့ လေသံက အသက်ဝင်လာပြီ” လို့ အက်ဒ် ပြောတယ်။ အီဒစ် ယေဟောဝါဘုရားနဲ့ ရင်းနှီးလာတယ်။ အခုဆိုရင် သတင်းကောင်း ကြေညာသူတစ်ယောက် ပြန်ဖြစ်နေပါပြီ။ ၂၀၂၂၊ ဇူလိုင်လမှာ ခင်ပွန်းဖြစ်သူ တိုင်ရွန် ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံတယ်။

 ဖုန်းဆက် သက်သေခံခြင်းနဲ့ပတ်သက်ပြီး အရင်က ဘယ်လို ခံစားခဲ့ရတယ်ဆိုတာ အက်ဒ် မှတ်မိနေတုန်းပဲ။ တိုင်ရွန်နဲ့ ဖုန်းပြောခဲ့တာကိုလည်း မှတ်မိနေတယ်။ ယောဟန် ၆:၄၄ ကို အက်ဒ် ဖတ်ပြပြီး လူတွေကို အမှန်တရားထဲ ယေဟောဝါဘုရား ဆွဲဆောင်တယ်လို့ ရှင်းပြတော့ တိုင်ရွန် ထောက်ခံတယ်။ “ခင်ဗျား ဖုန်းဆက်လာမှာကို ကျွန်တော် စောင့်နေခဲ့တာ” လို့တောင် ပြောလိုက်သေးတယ်။ လင်မယား နှစ်ယောက်သား သတ္တိ မွေးပြီး ဖုန်းဆက် သက်သေခံလိုက်တာ မှန်သွားတယ်လို့ ဂျန်းနီ ခံစားနေရတယ်။ “ကိုယ့်အတွက် ခက်ပေမဲ့ ဘုရားအတွက်ဆိုပြီး ကြိုးစားလုပ်လိုက်တဲ့အခါ ဘုရား ကောင်းချီးပေးတယ်” လို့ ဂျန်းနီ ပြောတယ်။

a ယေဟောဝါသက်သေတွေက အမှုဆောင်လုပ်ငန်းကို အချက်အလက် ကာကွယ်ရေး ဥပဒေနဲ့အညီ လုပ်ဆောင်ကြတယ်။

b အမည်လွှဲများ။