မာတိကာဆီ ကျော်သွား

ကပ်ရောဂါကာလအတွင်း ဆက်ဟောပြောနေကြ

ကပ်ရောဂါကာလအတွင်း ဆက်ဟောပြောနေကြ

 ကိုဗစ် ၁၉ ကပ်ရောဂါကာလအတွင်း ညီအစ်ကို/မတွေဟာ ကျမ်းစာထဲက နှစ်သိမ့်မှု ပေးတဲ့ သတင်းကောင်း ဟောပြောနည်းကို ပြောင်းလဲခဲ့ကြတယ်။ အများရှေ့ သက်သေခံခြင်း၊ အိမ်တွေဆီ သွားပြီး သက်သေခံခြင်း မလုပ်ကြတော့ဘဲ ဖုန်းဆက်ပြီး၊ စာရေးပြီး ဟောပြောနေကြတယ်။ a သူတို့ရဲ့ ကြိုးစားမှုကို လူအတော်များများ တန်ဖိုးထားတယ်။ ယေဟောဝါ ကောင်းချီးပေးနေမှန်းလည်း ထင်ရှားတယ်။ (ပညာအလိမ္မာ ၁၆:၃၊ ၄) ကျွန်းနိုင်ငံတစ်နိုင်ငံရဲ့ တွေ့ကြုံမှုတွေကို သုံးသပ်ကြည့်ပါ။

 ကပ်ရောဂါကာလ မတိုင်ခင်က ဟယ်လင်ဟာ အမျိုးသမီးတစ်ဦးဆီ ပုံမှန် လည်ပတ်ပြီး ကျမ်းစာသင်အံမှု ကမ်းလှမ်းတယ်။ ဒါပေမဲ့ အဲဒီအမျိုးသမီးက အမြဲ ငြင်းတယ်။ ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် အသွားအလာ ကန့်သတ်မှု မစတင်ခင် တစ်ရက်အလိုမှာ ဟယ်လင်က သူ့ကို ကျမ်းစာနဲ့ သမ္မာကျမ်းစာ သွန်သင်ရာ စာအုပ်ကို ပေးတယ်။ အသွားအလာ ကန့်သတ်ထားချိန်အတွင်း ဖုန်းနဲ့ ကျမ်းစာလေ့လာကြဖို့ ပြန်ကမ်းလှမ်းတဲ့အခါ အဲဒီအမျိုးသမီး လက်ခံတယ်။ ကျမ်းစာလေ့လာရတာ သိပ်ပျော်တဲ့အတွက် နေ့တိုင်း ဖတ်ဖို့ တောင်းဆိုတော့တယ်။ ခရစ်ယာန် အစည်းအဝေးတွေကိုလည်း ဖုန်းနဲ့ ပုံမှန် စတက်လာတယ်။ ကျမ်းစာမူတွေအတိုင်း အသက်ရှင်နေထိုင်တဲ့အပြင် လေ့လာခဲ့သမျှ တခြားသူတွေကို ပြောပြနေပါတယ်။

 အမှုဆောင်လုပ်ငန်းမှာ ပါဝင်ချိန် အသင်းတော်တစ်ခုက ရပ်ကွက်ထဲမှာ ရှိတဲ့ ရဲတွေဆီ စာရေးသက်သေခံတယ်။ ရဲတွေက မိမိတို့အလုပ်ကို တန်ဖိုးထားလေးမြတ်ကြောင်း ရေးထားတဲ့ စာတွေ ရတဲ့အခါ အံ့သြကြတယ်။ ရဲအရာရှိတစ်ယောက်က အသင်းတော် အကြီးအကဲ ဂျက်ဖစန်ကို “ယေဟောဝါသက်သေတွေဟာ ရဲတပ်ဖွဲ့ကို မကြိုက်ဘူးလို့ ကျွန်တော် ထင်ခဲ့တာ” ဆိုပြီး ပြောတယ်။ ဒီအထင်လွဲမှုကို ဂျက်ဖစန် ဖြေရှင်းနိုင်ခဲ့တယ်။ အားရှိစရာ စာတွေကို သဘောကျသွားတဲ့အတွက် ရဲစခန်းအပေါက်ဝမှာ ကပ်ထားကြတယ်။ “ဒီစာတွေကို ဖတ်ရရင် တခြားသူတွေလည်း ငါတို့ကို တန်ဖိုးထားလာကြမှာပါ” လို့ နောက်ရဲအရာရှိတစ်ယောက် ပြောတယ်။

 အက်နာနဲ့ အယ်နလင်တို့ဟာ မှန်မှန်ရှေ့ဆောင်တွေ b ဖြစ်ကြတယ်။ သူတို့မှာ အင်တာနက် မရှိတဲ့အတွက် အစည်းအဝေးတွေကို zoom နဲ့ တက်ဖို့ ခက်နေတယ်။ ဒါနဲ့ သက်သေခံ မဟုတ်တဲ့ အိမ်နီးချင်းဆီ ဖုန်းဆက်ပြီး ဝိုင်ဖိုင် သုံးလို့ ရမလား၊ ကုန်ကျငွေကို မျှခံမယ်လို့ တောင်းဆိုကြည့်တယ်။ အဲဒီအမျိုးသမီးက အခမဲ့ သုံးနိုင်ပါတယ်လို့ ပြောတယ်။ အက်နာနဲ့ အယ်နလင်တို့က အစည်းအဝေးမှာ ပါဝင်ဖို့ ဖိတ်ခေါ်တဲ့အခါ သူ လက်ခံတယ်။ အခုဆိုရင် အိမ်နီးချင်း အမျိုးသမီး၊ သူ့ကလေးတစ်ယောက်၊ မြေးနှစ်ယောက်ဟာ ကျမ်းစာ လေ့လာနေရုံမက ခရစ်ယာန် အစည်းအဝေးတွေကိုပါ ပုံမှန် တက်နေကြပါပြီ။

 ဒေသခံ ညီအစ်ကို/မတွေက zoom ကနေ ဟောတဲ့ လူထုဟောပြောချက်ကို အိမ်နီးချင်းတွေ၊ အလုပ်ဖော်တွေ၊ တခြားသူတွေကို ဖိတ်ခေါ်ကြတယ်။ အဲဒီဒေသက ဆေးရုံဝန်ထမ်း အဲလိန်းဟာ အလုပ်ဖော်တွေကို ဖိတ်ခေါ်ဖို့ တွန့်ဆုတ်မိတယ်။ သက်သေခံတွေကို ဆရာဝန်တချို့ အမြင်မကြည်ဘူးလို့ ထင်ခဲ့လို့ပါ။ ဒါပေမဲ့ ဆရာဝန်တချို့ကို ဖုန်းနဲ့ စာပို့ပြီး ဖိတ်ခေါ်လိုက်တယ်။ အထူးသဖြင့် ဆရာဝန် မောင်နှံစုံတစ်စုံကို ဖိတ်ခေါ်ဖို့ မဝံ့မရဲ ဖြစ်မိတယ်။ အသေအချာ စဉ်းစား၊ ဆုတောင်းပြီးတဲ့နောက် ဖုန်းနဲ့ စာပို့ပြီး ဖိတ်ခေါ်လိုက်တယ်။ အဲဒီအမျိုးသမီးက “ရှင့်ဘာသာထဲ ဝင်စေချင်တာပေါ့” လို့ စာပြန်တယ်။ ဒီအစည်းအဝေးဟာ ယေဟောဝါသက်သေတွေအတွက် သာမက လူအားလုံးအတွက် ဖြစ်ကြောင်း အဲလိန်း ရှင်းပြတယ်။ နောက်တစ်နေ့၊ အဲဒီမောင်နှံစုံက အစည်းအဝေးကို စောစော ဝင်လာတာ အဲလိန်း တွေ့တော့ အံ့သြသွားတယ်။ “အစည်းအဝေး မပြီးခင် ဇနီးဖြစ်သူက ‘ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးကို တက်တာ ဒါ ပထမဆုံးအကြိမ်ပဲ။ တကယ် ကောင်းတယ်။ သိပ်ပျော်တယ်။ ကျွန်မတို့ကို ဖိတ်ခေါ်တဲ့အတွက် ကျေးဇူးပဲ’” လို့ စာပို့လာတယ်” ဆိုပြီး အဲလိန်း ပြောတယ်။

အဲလိန်း

 ဖိတ်ခေါ်တဲ့ ဆရာဝန် အယောက် ၂၀ ထဲမှာ ၁၆ ယောက် အစည်းအဝေး တက်လို့ အဲလိန်း သိပ်ဝမ်းသာတယ်။ တမန်တော် ပေါလုရဲ့ စကားကို ကိုးကားပြီး “ကျွန်မ ‘သတ္တိမွေးပြီး’ အလုပ်ဖော်တွေကို ‘ဘုရားသခင့် သတင်းကောင်း’ ဝေမျှနိုင်ခဲ့တဲ့အတွက် ပျော်တယ်” လို့ သူ ပြောတယ်။—၁ သက်သာလောနိတ် ၂:၂

 ကပ်ရောဂါကြောင့် လူတိုင်းအတွက် အခက်ကြုံကြရတာ အမှန်ပါ။ ဒါပေမဲ့ ဒီကျွန်းနိုင်ငံမှာ သာမက ဒေသအသီးသီးမှာ ရှိတဲ့ ညီအစ်ကို/မတွေဟာ တခြားသူတွေကို အတတ်နိုင်ဆုံး နှစ်သိမ့်ကူညီပေးနိုင်ခဲ့တဲ့အတွက် ပျော်ရွှင်နေတဲ့အပြင် အကောင်းမြင်စိတ် ဆက်ရှိနိုင်ကြပါတယ်။—တမန်တော် ၂၀:၃၅

a ယေဟောဝါသက်သေတွေဟာ အမှုဆောင်ရာမှာ သက်ဆိုင်ရာ အချက်အလက်ကာကွယ်ရေး ဥပဒေတွေကို လိုက်နာကြတယ်။

b ရှေ့ဆောင်ဆိုတာ အချိန်ပြည့် ခရစ်ယာန်အမှုဆောင်တွေ ဖြစ်တယ်။