မာတိကာဆီ ကျော်သွား

ကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေး

“ကိုယ်ခံပညာကို ရူးသွပ်ခဲ့”

“ကိုယ်ခံပညာကို ရူးသွပ်ခဲ့”
  • မွေးဖွားတဲ့နှစ်- ၁၉၆၂

  • နေရင်းနိုင်ငံ- အမေရိကန်ပြည်ထောင်စု

  • ဘဝနောက်ခံ- ကိုယ်ခံပညာကို လိုက်စားခဲ့

အတိတ်

 လေ့ကျင့်ဖော်ကို အဲဒီလောက်ထိ ဒဏ်ရာရသွားစေမယ်လို့ မထင်မိခဲ့ဘူး။ သူ့နှာခေါင်းကို မတော်တဆ ကန်မိသွားတယ်။ အပြစ်ရှိတယ်လို့ ခံစားရပြီး ဒီကိုယ်ခံပညာကို ဆက်လိုက်စား သင့်မသင့် စဉ်းစားမိလာတယ်။ ဒီအမှားတစ်ချက်က ကျွန်တော် နှစ်ပေါင်းများစွာ လေ့လာလိုက်စားခဲ့တဲ့ ကိုယ်ခံပညာကို ဆက်လုပ်သင့်မသင့် ဘာလို့ အတွေးဝင်စေတာလဲ။ ဒီပညာရပ်ကို ဘယ်လို သင်ယူဖြစ်ခဲ့ကြောင်း အရင်ဆုံး ပြောပြပါရစေ။

 အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ဘာဖလိုမြို့နားက ပျော်ရွှင်ချမ်းမြေ့တဲ့ မိသားစုမှာ ကျွန်တော် ကြီးပြင်းလာတယ်။ ကျွန်တော်တို့ မိသားစုက ကက်သလစ် ဘာသာဝင်တွေပါ။ ကက်သလစ်ကျောင်းတွေ တက်ပြီး ဘုန်းတော်ကြီးကို ဝိုင်းကူပေးတယ်။ မိဘတွေက အစ်မနဲ့ ကျွန်တော့်ရဲ့ဘဝကို အောင်မြင်စေချင်တယ်။ ဒါကြောင့် ကျောင်းမှာ ကျွန်တော် အမှတ်ကောင်းကောင်း ရနေသရွေ့ အားကစား လုပ်ခွင့်၊ အချိန်ပိုင်း အလုပ်လုပ်ခွင့် ပေးခဲ့တယ်။ ဒါကြောင့် ငယ်ငယ်ကတည်းက ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်နိုင်ခဲ့တယ်။

 အသက် ၁၇ နှစ်မှာ ကိုယ်ခံပညာကို စလေ့လာခဲ့တယ်။ တစ်ရက်ကို သုံးနာရီ၊ တစ်ပတ်မှာ ခြောက်ရက် နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့တယ်။ တိုးတက်ဖို့ စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ လှုပ်ရှားမှုပိုင်းဆိုင်ရာမှာ နာရီပေါင်းများစွာ လေ့ကျင့်သလို ဗီဒီယိုတွေကိုလည်း ကြည့်တယ်။ မျက်စိကို အဝတ်နဲ့ ပိတ်စည်းပြီး လေ့ကျင့်ရတာကို သဘောကျတယ်။ လက်နက်နဲ့တောင် အဲဒီလို လေ့ကျင့်ဖူးတယ်။ လက်တစ်ဖက်တည်းနဲ့ ပျဉ်ချပ်တွေ၊ အုတ်ခဲတွေကို ချိုးနိုင်တယ်။ အားကစားမှာ ထူးချွန်လာပြီး ပြိုင်ပွဲတွေမှာ ဆုတွေ ရခဲ့တယ်။ ကိုယ်ခံပညာက ဘဝမှာ အရေးကြီးဆုံးအရာ ဖြစ်လာတယ်။

 ဘဝမှာ အောင်မြင်နေပြီလို့ ထင်ခဲ့တာ။ အမှတ်ကောင်းကောင်းနဲ့ ဘွဲ့ရခဲ့တယ်။ ကုမ္ပဏီကြီးတစ်ခုမှာ ကွန်ပျူတာ အင်ဂျင်နီယာအနေနဲ့ အလုပ်လုပ်တယ်။ ကုမ္ပဏီကပေးတဲ့ အကျိုးအမြတ်၊ ကိုယ်ပိုင်အိမ်၊ ရည်းစားလည်း ရှိလို့ အဆင်ပြေနေတာပဲ။ အပေါ်ယံကြည့်ရင်တော့ ကျေနပ်စရာကောင်းပေမဲ့ ဘဝနဲ့ပတ်သက်တဲ့ မေးခွန်းတချို့ကြောင့် ကျွန်တော် မပျော်ခဲ့ဘူး။

ကျမ်းစာက ကျွန်တော့်ဘဝကို ပြောင်းလဲပေးခဲ့ပုံ

 ကျွန်တော် သိချင်တဲ့ အဖြေတွေ ရဖို့ တစ်ပတ် နှစ်ခါ ဘုရားကျောင်း သွားတယ်။ ဘုရားဆီ ဆုတောင်းတယ်။ ဒီလိုနဲ့ သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောဖြစ်ခဲ့တဲ့နေ့က ကျွန်တော့်ဘဝကို ပြောင်းလဲသွားစေတယ်။ “ဒီကမ္ဘာမှာ ငါတို့ ဘာလို့ ရှိနေကြတာလဲ။ ပြဿနာတွေ၊ မမျှတမှုတွေကလည်း အများကြီးပဲ” လို့ သူ့ကို ပြောတော့ သူလည်း အဲဒီလို မေးခွန်းတွေ မေးခဲ့ဖူးတယ်၊ ကျမ်းစာကနေ ကျေနပ်စရာအဖြေတွေ ရခဲ့တယ်လို့ ပြောတယ်။ ပြီးတော့ သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ် အသက်ရှင်နိုင်သည် စာအုပ်ကို a ပေးတယ်။ ယေဟောဝါသက်သေတွေနဲ့ သူ ကျမ်းစာလေ့လာနေတဲ့အကြောင်းလည်း ဆက်ပြောတယ်။ စစချင်းတော့ တွန့်ဆုတ်မိတယ်။ တခြားဘာသာရဲ့ စာပေကို မဖတ်သင့်ဘူးလို့ ထင်မိလို့ပါ။ ဒါပေမဲ့ ကျွန်တော့်မေးခွန်းတွေကို သိချင်စိတ်ကြောင့် သက်သေခံတွေ သွန်သင်တာကို စူးစမ်းဖြစ်ခဲ့တယ်။

 ကျမ်းစာသွန်သင်ချက်ကို ကျွန်တော် အံ့ဩမှင်တက်သွားတယ်။ လူသားတွေအတွက် ဘုရားသခင့် မူလရည်ရွယ်ချက်က ကမ္ဘာပေါ်မှာ ထာဝစဉ် အသက်ရှင်ဖို့ဖြစ်ပြီး ဒီရည်ရွယ်ချက်ကလည်း မပြောင်းလဲဘူးဆိုတာ သိခဲ့ရတယ်။ (ကမ္ဘာဦး ၁:၂၈) ဘုရားသခင့်နာမည်က ယေဟောဝါ ဖြစ်မှန်း ကျွန်တော့်ကိုယ်ပိုင်ကျမ်းစာ ဂျိမ်းဘုရင် ဘာသာပြန်ကျမ်းကနေ တွေ့လိုက်ရတယ်။ ဒီနာမည်ဟာ ကျွန်တော် ရွတ်ဆိုနေကျ သခင့်ဆုတောင်းချက်ထဲက ဖြစ်မှန်း သိရလို့ တအား အံ့ဩသွားတယ်။ (ဆာလံ ၈၃:၁၈။ မဿဲ ၆:၉) လူသားတွေကို ဆင်းရဲဒုက္ခခံဖို့ ဘုရားသခင် ယာယီ ခွင့်ပြုရတဲ့ အကြောင်းရင်းကိုလည်း နောက်ဆုံးတော့ သဘောပေါက်သွားပြီ။ ကျွန်တော် သိရှိခဲ့သမျှဟာ ကျိုးကြောင်းဆီလျော်တယ်။ စိတ်လှုပ်ရှားလိုက်တာဗျာ။

 ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးကို ကျွန်တော် စတက်ခဲ့တဲ့အချိန်ကို ဘယ်တော့မှ မမေ့ဘူး။ လူတိုင်း ဖော်ရွေပြီး ကျွန်တော့်နာမည်ကို သိချင်ကြတယ်။ ကျွန်တော်တက်ခဲ့တဲ့ ပထမဆုံး အစည်းအဝေးရဲ့ အထူးဟောပြောချက်က ဘုရားသခင် နားထောင်တဲ့ ဆုတောင်းချက်တွေအကြောင်းပါ။ ကျွန်တော်လည်း အကူအညီရဖို့ ဘုရားသခင်ဆီမှာ ဆုတောင်းနေခဲ့တာဆိုတော့ အကြောင်းအရာက ကျွန်တော်နဲ့ ကွက်တိပဲ။ နောက်ပိုင်း၊ ယေရှုရဲ့ သေခြင်းအောက်မေ့ရာပွဲကို တက်ခဲ့တယ်။ ဒီအစည်းအဝေးတွေမှာ ကျွန်တော် အံ့ဩမိတာက ဖတ်သွားတဲ့ ကျမ်းချက်တိုင်းကို ကလေးတွေကအစ လိုက်ဖွင့်ဖတ်ကြတာကိုပါ။ အစပိုင်းမှာ ကျမ်းချက် ဘယ်လိုရှာရမှန်း ကျွန်တော် မသိပေမဲ့ သက်သေခံတွေက လိုလိုလားလား သင်ပေးကြတယ်။

 အစည်းအဝေးတွေ များများတက်လေ၊ သက်သေခံတွေရဲ့ သွန်သင်ပုံကို ပိုတန်ဖိုးထားလာလေပဲ။ အစည်းအဝေးတိုင်းကနေ အများကြီး သိရှိလာပြီး ခွန်အားနဲ့ လန်းဆန်းမှု ခံစားရတယ်။ နောက်တော့ ကျမ်းစာလေ့လာဖို့ ကမ်းလှမ်းခံရတယ်။

 ယေဟောဝါသက်သေတွေကြားမှာ တွေ့ရတာနဲ့ ကျွန်တော့် ဘုရားကျောင်းမှာ တွေ့ရတာ သိပ်ကွာတယ်။ သက်သေခံတွေက စည်းလုံးပြီး ဘုရားနှစ်သက်မှုရဖို့ အတတ်နိုင်ဆုံး ကြိုးစားနေကြတယ်။ အချင်းချင်း ချစ်ကြပါဆိုတဲ့ ခရစ်ယာန်စစ်တွေရဲ့ အမှတ်အသားကို သူတို့ ပြနေကြမှန်း ကျွန်တော် ယုံကြည်သွားပြီ။—ယောဟန် ၁၃:၃၅

 ကျမ်းစာ များများလေ့လာတဲ့အခါ ကျမ်းစာစံနှုန်းနဲ့အညီ အသက်ရှင်နေထိုင်ဖို့ အပြောင်းအလဲ အများကြီး လုပ်ခဲ့ရတယ်။ ကိုယ်ခံပညာကိုတော့ လက်မလွှတ်နိုင်ဘူးလို့ ထင်ခဲ့တယ်။ လေ့ကျင့်နေရတာ၊ ပြိုင်ပွဲဝင်နေရတာကို သိပ်ကြိုက်တယ်။ ကျွန်တော့်ကို ကျမ်းစာသင်ပေးတဲ့ သက်သေခံကို ပြောပြတော့ သူက “ကျမ်းစာ ဆက်လေ့လာပါ။ ခင်ဗျား မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချနိုင်မှာပါ” လို့ ကြင်ကြင်နာနာ အားပေးတယ်။ ဒါက ကျွန်တော်ကြားဖို့ လိုအပ်နေတဲ့ အချက်ပဲ။ ကျမ်းစာလေ့လာလေ၊ ယေဟောဝါရဲ့ စိတ်တော်ကို ပျော်ရွှင်စေချင်လေပဲ။

 ကျွန်တော့်ကို ပြောင်းလဲသွားစေတာကတော့ အစပိုင်းမှာ ပြောခဲ့သလို လေ့ကျင့်ဖော်ရဲ့ နှာခေါင်းကို ကန်မိသွားချိန်ပါ။ ဒီမတော်တဆကြောင့် ငါသာ ကိုယ်ခံပညာကို ဆက်လေ့ကျင့်နေမယ်ဆိုရင် ခရစ်တော်ရဲ့ နောက်လိုက် ဖြစ်နိုင်ပါ့မလားလို့ အလေးအနက် စဉ်းစားလာမိတယ်။ ယေဟောဝါရဲ့ လမ်းညွှန်ချက်ကို လိုက်နာသူတွေဟာ “စစ်အတတ်ပညာကိုလည်း မသင်ကြတော့ဘူး” လို့ ဟေရှာယ ၂:၃၊ ၄ မှာ ကြိုပြောထားမှန်း ကျွန်တော် သိတယ်။ မမျှတမှု ကြုံရရင်တောင် အကြမ်းမဖက်ဖို့ ယေရှုလည်း သင်ပေးတယ်။ (မဿဲ ၂၆:၅၂) ဒါကြောင့် ကျွန်တော် စွဲလမ်းတဲ့ အားကစားကို ဖြတ်လိုက်ပါပြီ။

 “ဘုရားတရား ကိုင်းရှိုင်းတတ်ဖို့ ပန်းတိုင်ထားပြီး ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ပါ” ဆိုတဲ့ ကျမ်းစာအကြံပြုချက်ကို လိုက်နာခဲ့တယ်။ (၁ တိမောသေ ၄:၇) အရင်က ကျွန်တော့်ရဲ့ အချိန်နဲ့ ကြိုးစားအားထုတ်မှုတွေကို ကိုယ်ခံပညာအတွက် သုံးခဲ့ပေမယ့် အခုတော့ ဘုရားသခင်နဲ့ ပိုရင်းနှီးဖို့အတွက် သုံးနေပြီ။ ကျွန်တော့်ရည်းစားက ကျွန်တော်လေ့လာနေတဲ့ ကျမ်းစာသွန်သင်ချက်တွေကို မကြိုက်လို့ လမ်းခွဲလိုက်ကြတယ်။ ၁၉၈၇၊ ဇန်နဝါရီ ၂၄ ရက်မှာ ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံလိုက်တယ်။ ပြီးတာနဲ့ တခြားသူတွေကို ကျမ်းစာသင်ပေးတဲ့ အချိန်ပြည့်အမှုဆောင်အဖြစ် စလုပ်ဆောင်ခဲ့တယ်။ အဲဒီအချိန်ကစပြီး အချိန်ပြည့်အမှုဆောင်ခဲ့တာ အမေရိကန်၊ နယူးယောက်ပြည်နယ်၊ ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာ့ဌာနချုပ်မှာ အမှုဆောင်တဲ့ အချိန်အထိပါပဲ။

အကျိုးကျေးဇူး ခံစားခဲ့ရပုံ

 အခုဆိုရင် ဘုရားသခင်နဲ့ ပတ်သက်တဲ့ အမှန်တရားအကြောင်း သိခဲ့ရပြီ။ ဘဝမှာ လစ်ဟာနေတယ်လို့ မခံစားရတော့ဘူး။ အဓိပ္ပာယ်ရှိတဲ့ ဘဝရည်ရွယ်ချက်နဲ့ အနာဂတ် မျှော်လင့်ချက် ရှိနေပြီ။ စစ်မှန်တဲ့ ပျော်ရွှင်မှု ခံစားနေရပြီ။ လေ့ကျင့်ခန်းတော့ ပုံမှန် လုပ်နေတုန်းပါပဲ။ ဒါပေမဲ့ ကာယလေ့ကျင့်ခန်း လုပ်တာက ဘဝမှာ အရေးကြီးဆုံး မဟုတ်တော့ပါဘူး။ ကျွန်တော့်ရဲ့ ဦးစားပေးက ယေဟောဝါရဲ့ အမှုဆောင်ခြင်းပါပဲ။

 ကိုယ်ခံပညာ လိုက်စားတုန်းက တစ်ယောက်ယောက် တိုက်ခိုက်လာရင် ပြန်ခုခံဖို့ အမြဲ သတိရှိနေတတ်တယ်။ အခုလည်း သတိရှိနေတုန်းပါပဲ။ လူတွေကို ကူညီဖို့ သတိရှိနေတာပါ။ ကျမ်းစာက ကျွန်တော့်ကို ရက်ရောတတ်ဖို့၊ ချစ်ဇနီး ဘရန်ဒါအတွက် ခင်ပွန်းကောင်းဖြစ်ဖို့ ကူညီပေးခဲ့ပါပြီ။

 ကိုယ်ခံပညာကို ရူးသွပ်ခဲ့ပေမဲ့ ပိုကောင်းတဲ့အရာနဲ့ အစားထိုးနိုင်ခဲ့တယ်။ ကျမ်းစာမှာ ဒီလို ပြောတယ်- “ကာယလေ့ကျင့်ခန်းလုပ်တာက အနည်းငယ်ပဲ အကျိုးရှိတယ်။ ဘုရားတရား ကိုင်းရှိုင်းတာကတော့ အရာရာမှာ အကျိုးရှိတယ်။ အခုအသက်တာမှာရော အနာဂတ်အသက်တာမှာပါ ကောင်းချီးခံစားရလိမ့်မယ်ဆိုတဲ့ ကတိကို ရလိမ့်မယ်။”—၁ တိမောသေ ၄:၈

a ယေဟောဝါသက်သေတွေ ထုတ်ဝေခဲ့ပေမဲ့ အခု ပုံမနှိပ်တော့ပါ။