မာတိကာဆီ ကျော်သွား

ကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေး

“ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”

“ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”
  • မွေးဖွားတဲ့နှစ်။ ၁၉၇၈

  • နေရင်းနိုင်ငံ။ အယ်လ်ဆာဗေးဒေါ

  • ဘဝနောက်ခံ။ အကြမ်းဖက်ဂိုဏ်းဝင်

အတိတ်

 “မင်း တကယ်ပဲ ဘုရားအကြောင်း သိချင်ရင် ယေဟောဝါသက်သေတွေနဲ့ ဆက်ပေါင်းပါ။” အဲဒီစကားကို ကြားတော့ ကျွန်တော် အံ့ဩသွားတယ်။ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာနေတာ သိပ်မကြာသေးဘူး။ အံ့ဩရတဲ့ အကြောင်းရင်းကို နားလည်နိုင်ဖို့ ကျွန်တော့်အကြောင်း နည်းနည်းလောက် ပြောပြပါရစေ။

 အယ်လ်ဆာဗေးဒေါနိုင်ငံ၊ ကယ်ဇားတဲပယ်ကယ်မြို့မှာ ကျွန်တော် မွေးဖွားလာတယ်။ မောင်နှမ ၁၅ ယောက်မှာ ကျွန်တော်က နံပါတ် ၆ ပါ။ ရိုးသားဖို့၊ ဥပဒေလိုက်နာဖို့ မိဘတွေ သင်ပေးကြတယ်။ ဒီ့ပြင် လီယိုနာဒိုနဲ့ ယေဟောဝါသက်သေတွေကလည်း ကျမ်းစာ လာသင်ပေးကြတယ်။ ဒါပေမဲ့ သင်ပေးတာတွေကို ကျွန်တော် အလေးမထားဘူး။ ဆုံးဖြတ်ချက်အမှားတွေ တစ်ခုပြီး တစ်ခု ချခဲ့တယ်။ အသက် ၁၄ နှစ်မှာ ကျောင်းနေဖက် သူငယ်ချင်းတွေနဲ့အတူ အရက်တို့၊ မူးယစ်ဆေးတို့ သုံးတတ်လာတယ်။ သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် ကျောင်းက ထွက်၊ လူဆိုးဂိုဏ်းထဲ ဝင်ကုန်ကြလို့ ကျွန်တော်လည်း သူတို့လို လိုက်လုပ်ခဲ့တယ်။ လမ်းပေါ်မှာ လေလွင့်ရင်း ခိုးဆိုးလုနှိုက်နေတာပေါ့။

 လူဆိုးဂိုဏ်းက ကျွန်တော့်အတွက် မိသားစုလို ဖြစ်လာတယ်။ ဂိုဏ်းအပေါ် သစ္စာစောင့်သိရမယ်လို့ ခံယူထားတယ်။ တစ်နေ့မှာ ဆေးကြောင်နေတဲ့ ဂိုဏ်းသားတစ်ယောက်က ကျွန်တော့်အိမ်နီးချင်းကို ကိုယ်ထိလက်ရောက် ရိုက်နှက်တယ်။ ဒီရန်ပွဲမှာ အိမ်နီးချင်းက ကျွန်တော့်သူငယ်ချင်းကို ဖမ်းချုပ်ပြီး ရဲကို ခေါ်ပါလေရော။ ကျွန်တော် ဒေါသထွက်သွားတယ်။ သူငယ်ချင်းကို လွှတ်ပေးဆိုပြီး အိမ်နီးချင်းရဲ့ ကားကို တုတ်ကြီးနဲ့ ထုရိုက်တယ်။ အိမ်နီးချင်းက ဆက်မရိုက်ဖို့ တောင်းပန်ပေမဲ့ အရေးမလုပ်ဘူး။ ကားမှန်တွေ တစ်ချပ်ပြီး တစ်ချပ် ရိုက်ခွဲ၊ တစ်ကားလုံး ရစရာမရှိအောင် ဖျက်ဆီးပစ်လိုက်တယ်။

 အသက် ၁၈ နှစ်မှာ ရဲတွေနဲ့ ကျွန်တော်တို့ဂိုဏ်း ထိပ်တိုက်တွေ့ကြတယ်။ လက်လုပ်ဗုံး ပစ်မလို့အလုပ်မှာ ဘယ်လို ဖြစ်သွားမှန်း မသိဘူး။ ကျွန်တော့်လက်ထဲ ပေါက်ကွဲသွားရော။ အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေတဲ့လက်ကို မြင်ပြီး သတိလစ်သွားတာပဲ မှတ်မိတော့တယ်။ သတိလည်လာတော့ ဆေးရုံမှာ။ ညာဖက်လက် ဖြတ်ရတယ်။ ညာဖက်နား မကြားရတော့ဘူး။ ညာဖက်မျက်လုံးလည်း မမြင်ရသလောက် ဖြစ်သွားတယ်။

 ဒဏ်ရာတွေ ဒီလောက်ရထားတာတောင် ဆေးရုံက ဆင်းတော့ ဂိုဏ်းကိုပဲ ပြန်သွားတယ်။ ဒါပေမဲ့ မကြာပါဘူး။ ကျွန်တော့်ကို ရဲတွေ လာဖမ်းပြီး ထောင်ချလိုက်ကြတယ်။ ထောင်ထဲ ရောက်တော့ ဂိုဏ်းသားတွေနဲ့ ပိုရင်းနှီးလာတယ်။ ဆေးခြောက် စရှူတဲ့ မနက်စာ စားချိန်ကနေ ညအိပ်ရာဝင်ချိန်အထိ တတွဲတွဲပေါ့။

ကျမ်းစာက ကျွန်တော့်ဘဝကို ပြောင်းလဲပေးပုံ

 ကျွန်တော် ထောင်ထဲမှာ ရှိနေတုန်း လီယိုနာဒို ထောင်ဝင်စာ လာတွေ့တယ်။ စကားပြောနေရင်း ကျွန်တော့်ညာလက်မောင်းပေါ်က “ဒီတက်တူးသုံးကွက်ရဲ့ အဓိပ္ပာယ်ကို သိသလား” လို့ မေးတယ်။ ကျွန်တော်က “သိတာပေါ့ဗျာ။ လိင်၊ မူးယစ်ဆေး၊ ရော့ခ်အင်ရိုး” လို့ဖြေလိုက်တယ်။ လီယိုနာဒိုက “ကျွန်တော်ကတော့ ဆေးရုံ၊ ထောင်နဲ့ သေခြင်းလို့ အဓိပ္ပာယ်ဖွင့်ချင်တာ။ မင်း ဆေးရုံရောက်ခဲ့ပြီးပြီ။ အခု ထောင်ထဲ ရောက်နေပြီ။ ဘာကျန်သေးလဲ” လို့ပြောတယ်။

 လီယိုနာဒိုရဲ့ စကားကြောင့် ကျွန်တော် ကြက်သေသေသွားတယ်။ သူပြောတာ မှန်တယ်။ ကျွန်တော့်နေထိုင်ပုံက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ။ လီယိုနာဒိုက ကျမ်းစာ လေ့လာဖို့ ပြောတော့ လက်ခံလိုက်တယ်။ ကျမ်းစာကနေ သိလာတာတွေက ကျွန်တော့်ဘဝကို ပြောင်းလဲပေးခဲ့တယ်။ ဥပမာ၊ “မကောင်းတဲ့ အပေါင်းအသင်းဟာ ကောင်းတဲ့ ကိုယ်ကျင့်တရားကို ပျက်စီးစေတတ်တယ်” လို့ ကျမ်းစာက ဆိုတယ်။ (၁ ကောရိန္သု ၁၅:၃၃၊ အောက်ခြေမှတ်ချက်) ဒီတော့ ပထမဆုံး လုပ်ရမှာက မိတ်ဆွေသစ်တွေ ရှာရတော့မယ်။ ဒါကြောင့် ဂိုဏ်းသားတွေရဲ့ စုဆုံပွဲကို မသွားတော့ဘဲ ထောင်ထဲမှာ ကျင်းပတဲ့ ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးကို စတက်တယ်။ ဒီလိုနဲ့ ယေဟောဝါသက်သေအဖြစ် ထောင်ထဲမှာ နှစ်ခြင်းခံခဲ့သူ အန်ဒရီနဲ့ ခင်သွားတယ်။ အန်ဒရီက မနက်စာအတူ လာစားဖို့ ဖိတ်တယ်။ နောက်တော့ မိုးလင်းတာနဲ့ ဆေးခြောက်ရှူတဲ့အကျင့် ပျောက်သွားပြီး အန်ဒရီနဲ့အတူ မနက်တိုင်း ကျမ်းချက်တစ်ချက် ဆွေးနွေးကြတယ်။

 ကျွန်တော် ပြောင်းလဲသွားတာကို ဂိုဏ်းသားတွေ သတိထားမိကြတယ်။ ဒါနဲ့ ဂိုဏ်းခေါင်းဆောင်တစ်ယောက်က ကျွန်တော်နဲ့ စကားပြောမယ်တဲ့။ ကျွန်တော် ကြောက်သွားတာပေါ့။ ဂိုဏ်းထဲက ထွက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ ကျွန်တော့်ရည်ရွယ်ချက်ကိုများ သိသွားရင် ဘာလုပ်မလဲ မသိနိုင်ဘူးလေ။ သူက “ဂိုဏ်းသားတွေရဲ့ စုဆုံပွဲကို မလာတော့ဘဲ ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးကို မင်းသွားနေတာ ငါတို့ သိတယ်။ မင်းမှာ ဘာအစီအစဉ် ရှိသလဲ” ဆိုပြီး မေးတယ်။ ကျမ်းစာ ဆက်လေ့လာပြီး ဘဝပုံစံ ပြောင်းလဲချင်တယ်လို့ ဖြေလိုက်တယ်။ တကယ်ပဲ ယေဟောဝါသက်သေ ဖြစ်ချင်တယ်ဆိုရင်တော့ မင်းရဲ့ဆုံးဖြတ်ချက်ကို ဂိုဏ်းသားတွေ လေးစားပါတယ်ဆိုလို့ အံ့ဩသွားတယ်။ ပြီးတော့ “မင်း တကယ်ပဲ ဘုရားအကြောင်း သိချင်ရင် ယေဟောဝါသက်သေတွေနဲ့ ဆက်ပေါင်းပါ။ မကောင်းတာတွေ မလုပ်နဲ့တော့။ မင်းအတွက် ဂုဏ်ယူပါတယ်။ မင်း လမ်းမှန်ပေါ် ရောက်နေပြီ။ မင်းကို သက်သေခံတွေ ကူညီပေးနိုင်မှာပါ။ ငါအမေရိကန်ပြည်ထောင်စုမှာ နေတုန်းက သက်သေခံတွေနဲ့ ကျမ်းစာလေ့လာဖူးတယ်။ ငါ့မိသားစုဝင်တချို့လည်း ယေဟောဝါသက်သေတွေပဲ။ မကြောက်နဲ့။ ဆက်ကြိုးစား” လို့ပြောတယ်။ ကျွန်တော့်မှာ ကြောက်လည်း ကြောက်တယ်၊ ဝမ်းလည်း သာတယ်။ ယေဟောဝါကို ကျေးဇူးတင်လိုက်တာ။ လှောင်အိမ်ထဲက လွတ်သွားတဲ့ ငှက်လို ခံစားရပြီး ‘အမှန်တရားကို သိရလိမ့်မယ်။ အဲဒီအမှန်တရားက ခင်ဗျားတို့ကို လွတ်မြောက်စေလိမ့်မယ်’ ဆိုတဲ့ ယေရှုရဲ့ စကားကို နားလည်လာတယ်။​—ယောဟန် ၈:၃၁

 ဒါပေမဲ့ မိတ်ဆွေဟောင်းတချို့က မူးယစ်ဆေးပေးကြတယ်။ တစ်ခါတလေ ပြန်သုံးမိတယ်။ ဒါပေမဲ့ အကြိမ်ကြိမ် ဆုတောင်းပြီးတဲ့နောက်မှာတော့ အကျင့်ဆိုးတွေ ဖြတ်နိုင်ခဲ့ပါတယ်။​—ဆာလံ ၅၁:၁၀၊ ၁၁

 ထောင်က လွတ်လာပြီးနောက် ဒုံရင်းဘဝ ပြန်ရောက်သွားမှာပါလို့ လူအများ ယူဆကြပေမဲ့ ပြန်မရောက်သွားဘူး။ ထောင်ကိုတော့ မကြာမကြာ ပြန်သွားတယ်။ ကျမ်းစာကနေ သိရတဲ့အကြောင်းတွေကို ထောင်သားတွေကို ပြောပြဖို့ပါ။ နောက်ဆုံးတော့ ကျွန်တော် ပြောင်းလဲသွားမှန်း မိတ်ဟောင်းဆွေဟောင်းတွေ ယုံကြည်လာကြပြီ။ ရန်ဘက်ဟောင်းတွေကတော့ မယုံကြဘူး။

 တစ်နေ့ ကျွန်တော်နဲ့ ညီအစ်ကိုတစ်ယောက် ဟောပြောဖို့ သွားနေတုန်း လက်နက်ကိုယ်စီနဲ့လူတွေ ဝိုင်းလာကြတယ်။ ကျွန်တော့်ကို သတ်ပစ်ချင်နေတဲ့ အရင်က ပြိုင်ဘက်ဂိုဏ်းသားတွေပေါ့။ ပါလာတဲ့ ညီအစ်ကိုက ကျွန်တော်ဟာ ဂိုဏ်းသား မဟုတ်တော့မှန်း ယဉ်ယဉ်ကျေးကျေး၊ သတ္တိရှိရှိ ရှင်းပြတယ်။ ကျွန်တော် စိတ်ငြိမ်ငြိမ်ထားတယ်။ ကျွန်တော့်ကို ရိုက်နှက်ပြီးတဲ့နောက် ဒီနယ်ထဲ ထပ်မလာနဲ့လို့ သတိပေးပြီး ကျွန်တော်တို့ကို ပြန်လွှတ်လိုက်ကြတယ်။ ကျမ်းစာက ကျွန်တော့်ဘဝကို တကယ်ပဲ ပြောင်းလဲပေးလိုက်ပါတယ်။ အရင်အတိုင်းသာဆိုရင် ကျွန်တော် လက်တုံ့ပြန်မိမှာ။ အခုတော့ “အဆိုးကို အဆိုးနဲ့ မတုံ့ပြန်မိဖို့ သတိထားကြပါ။ အချင်းချင်းကိုဖြစ်စေ၊ တခြားသူတွေကိုဖြစ်စေ ကောင်းမှုပြုဖို့ အမြဲ ကြိုးစားကြပါ” ဆိုတဲ့ ၁ သက်သာလောနိတ် ၅:၁၅ က ကျမ်းစာအကြံပြုချက်ကို လိုက်နာနေပါတယ်။

 ယေဟောဝါသက်သေ ဖြစ်လာကတည်းက ရိုးသားဖို့ ကျွန်တော် ကြိုးစားခဲ့တယ်။ လွယ်တော့ မလွယ်ဘူး။ ဒါပေမဲ့ ယေဟောဝါဘုရားရဲ့ ကူညီမစမှု၊ ကျမ်းစာသွန်သင်ချက်၊ မိတ်ဆွေသစ်တွေရဲ့ အကူအညီနဲ့ အောင်မြင်လာပါပြီ။ အကျင့်ဟောင်းတွေ လုံးဝ ပြန်မကျင့်ချင်တော့ပါဘူး။​—၂ ပေတရု ၂:၂၂

အကျိုးကျေးဇူး ခံစားခဲ့ရပုံ

 အရင်က ကျွန်တော်ဟာ စိတ်ကြမ်းလူကြမ်း ဖြစ်ခဲ့တယ်။ အကြမ်းဖက်တဲ့ဘဝပုံစံကို ဆက်လိုက်ရင် အခု အသက်မရှင်လောက်တော့ဘူး။ ကျမ်းစာကနေ သိရှိလာတာတွေက ကျွန်တော့်ကို ပြောင်းလဲသွားစေခဲ့တာပါ။ မကောင်းတဲ့အကျင့်တွေ ဖြတ်နိုင်ခဲ့တယ်။ ရန်သူဟောင်းတွေနဲ့ ရန်ငြိုးရန်စ မရှိတော့ဘူး။ (လုကာ ၆:၂၇) အရည်အသွေးကောင်းတွေ မွေးမြူဖို့ ကူညီပေးတဲ့ မိတ်ဆွေကောင်းတွေလည်း ရှိနေပြီ။ (ပညာအလိမ္မာ ၁၃:၂၀) ကျွန်တော် ဆိုးခဲ့တာတွေကို ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ပေးခဲ့တဲ့ ဘုရားသခင်ကို အမှုဆောင်ရင်း ရည်ရွယ်ချက်ရှိတဲ့ဘဝမှာ ပျော်မွေ့နေပါပြီ။​—ဟေရှာယ ၁:၁၈

 ၂၀၀၆ ခုနှစ်မှာ တစ်ကိုယ်ရေ ညီအစ်ကိုများအတွက် သတင်းကောင်း ဟောပြောသူများ သင်တန်း တက်ရောက်ခဲ့တယ်။ နှစ်အနည်းငယ်ကြာပြီးနောက် ကျွန်တော့်ဇနီးနဲ့ လက်ထပ်ပြီး သမီးလေးကို ပြုစုပျိုးထောင်နေကြပါတယ်။ ကျွန်တော့်ကို ကူညီပေးခဲ့တဲ့ ကျမ်းစာအခြေခံမူတွေကို တခြားသူတွေဆီ ပြန်သင်ပေးခြင်းမှာ အလုပ်များနေပါတယ်။ အသင်းတော်အကြီးအကဲအဖြစ် အမှုထမ်းရင်း ကျွန်တော် မှားခဲ့ဖူးတဲ့အမှားမျိုးတွေ ရှောင်နိုင်အောင် လူငယ်တွေကို ကူညီပေးနေပါတယ်။ ကိုယ့်သေတွင်း ကိုယ်တူးမယ့်အစား ကျမ်းစာမှာ ဘုရား ကတိပေးထားတဲ့ ထာဝရအနာဂတ်ကို တည်ဆောက်နေပါပြီ။