မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေးနိုင်

ဘဝမှာ အပျော်ဆုံးနေထိုင်နိုင်မယ်လို့ ထင်မှတ်ခဲ့

ဘဝမှာ အပျော်ဆုံးနေထိုင်နိုင်မယ်လို့ ထင်မှတ်ခဲ့
  • မွေးဖွားတဲ့နှစ်– ၁၉၈၂

  • နေရင်းနိုင်ငံ– ပိုလန်

  • နောက်ခံ– အကြမ်းဖက်၊ မူးယစ်ဆေးသုံး၊ ဂုဏ်သိက္ခာရှိတဲ့အလုပ်လုပ်သူ

အတိတ်–

ပိုလန်နိုင်ငံက မြို့လေးတစ်မြို့မှာ ကျွန်တော်မွေးဖွားခဲ့ပါတယ်။ အဲဒီမြို့က ဂျာမနီနိုင်ငံနယ်စပ်နဲ့ သိပ်မဝေးဘူး။ စိုက်ပျိုးမွေးမြူရေးခြံတွေ၊ တောတောင်တွေပတ်လည်ဝိုင်းနေလို့ ကျွန်တော့်ဘဝလေးက အေးချမ်းသာယာလိုက်တာ။ မေတ္တာပြည့်ဝတဲ့မိဘတွေက ကျွန်တော့်ကို လူကောင်းဖြစ်ဖို့၊ ကျောင်းသားကောင်းဖြစ်ဖို့၊ သိက္ခာရှိတဲ့ အလုပ်အကိုင်ကောင်းရှာဖို့ အားပေးတယ်။

ဥပဒေပညာသင်ယူဖို့ ဗော့စလာမြို့က တက္ကသိုလ်တစ်ခုကို ကျွန်တော်သွားတက်တဲ့အခါ ပြဿနာစတက်တော့တာပဲ။ မိဘနဲ့ဝေးနေတော့ မကောင်းတဲ့အပေါင်းအသင်းတွေနဲ့ ပေါင်းတယ်။ ဘောလုံးပွဲတွေကို ကျွန်တော် အရင်ကတည်းက တအားကြိုက်တာလေ။ ဒါပေမဲ့ သူငယ်ချင်းအသစ်တွေကြောင့် ဘောလုံးပွဲတွေကို အရူးအမူးစွဲလန်းသူတစ်ဦး ဖြစ်လာတယ်။ ဝါဆောမြို့ကဘောလုံးအသင်းကို ကျွန်တော်အကြိုက်ဆုံးဖြစ်ပြီး စနေ/တနင်္ဂနွေနေ့တွေမှာဆိုရင် သူတို့ ဘယ်နေရာကိုပဲသွားကစားပါစေ ကျွန်တော်လိုက်အားပေးတယ်။ အဲဒီလိုသွားတဲ့အခါ အရက်အလွန်အကျွံသောက်တယ်၊ မူးယစ်ဆေးသုံးတယ်၊ တစ်ခါတလေ တစ်ဖက်အသင်းကိုအားပေးသူတွေနဲ့ အကြီးအကျယ်ရန်ဖြစ်ကြတယ်။ အဲဒါကြောင့် ရဲဖမ်းတာခံရရင် ကျွန်တော့်ရဲ့ရှေ့နေအလုပ်ကို ထိခိုက်နိုင်မှန်းသိပေမဲ့ အဲဒီလိုလုပ်တာကို ဘဝဖိစီးမှုတွေ ပြေပျောက်နိုင်တဲ့ထွက်ပေါက်အဖြစ် သဘောထားတယ်။

ကျွန်တော်နဲ့သူငယ်ချင်းတွေက ကလပ်တွေ၊ ဒစ္စကို,ကပွဲတွေ သွားရတာကြိုက်တယ်။ အဲဒီနေရာကိုရောက်တဲ့အခါမှာလည်း လမ်းပေါ်ကရန်ပွဲတွေမှာ ဝင်ပါပြန်ရော။ အဖမ်းခံရတာလည်း ခဏခဏပါပဲ။ ကျွန်တော် ဒုက္ခကြီးကြီးမားမားမရောက်အောင် ဥပဒေကို လက်တစ်လုံးခြားလုပ်တယ်။ တစ်ခါတစ်လေ လာဘ်ထိုးလိုက်တယ်။ ကျွန်တော့်ဘဝကို အပျော်ဆုံးနေထိုင်နိုင်မယ်လို့ ထင်ခဲ့မိတာကိုး။ ဒါပေမဲ့ ကျွန်တော် လုပ်နေတာတွေဟာ မှားနေမှန်း ကောင်းကောင်းသိပါတယ်။ ဒါကြောင့် ကျွန်တော် စိတ်ဖြေတဲ့အနေနဲ့ တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်း သွားတက်တယ်။

သမ္မာကျမ်းစာက ကျွန်တော့်ဘဝကို ပြောင်းလဲပေးခဲ့ပုံ–

၂၀၀၄ ခုနှစ်မှာ ယေဟောဝါသက်သေနှစ်ဦး ကျွန်တော့်အိမ်ကိုရောက်လာတော့ သူတို့နဲ့ ကျမ်းစာအကြောင်းဆွေးနွေးဖို့ သဘောတူလိုက်တယ်။ စစ်မှန်တဲ့ခရစ်ယာန်ဆိုတာဘာလဲ ဆိုတဲ့အကြောင်း ပိုသိရှိလာတော့ ကျွန်တော့်ရဲ့ မှားမှန်သိစိတ်က ကျွန်တော်ကို ထိုးနှက်လာတယ်။ အရက်အလွန်အကျွံသောက်တာ၊ မူးယစ်ဆေးသုံးတာ၊ ကျမ်းစာစံနှုန်းတွေနဲ့အတိုင်းမနေတဲ့ သူငယ်ချင်းတွေနဲ့ ပေါင်းတာကို ရပ်တန့်ပစ်ရမယ်ဆိုတာ သဘောပေါက်ခဲ့တယ်။ နောက်ပြီး ထစ်ခနဲရှိစိတ်တို၊ အကြမ်းဖက်တတ်တဲ့ဉာဉ်ဆိုးကိုလည်း ပြောင်းလဲဖို့လိုကြောင်း သိလာတယ်။ ပြုပြင်ပြောင်းလဲဖို့လိုကြောင်းသိပေမဲ့ ကျွန်တော်ကတော့ ဒီအတိုင်းပဲ ဆက်နေတယ်။

ဒါပေမဲ့ လူရှစ်ယောက်နဲ့ ကျွန်တော် ထိုးကြိတ်ကြတဲ့ညတစ်ညမှာ ဘဝတစ်ဆစ်ချိုး ပြောင်းလဲသွားတယ်။ လမ်းပေါ်လဲကျသွားချိန်မှာ ကျွန်တော့်ကို လက်သီးနဲ့ဝိုင်းထိုး၊ ခေါင်းကိုကန်တာတွေကိုတော့ မှတ်မိတယ်။ သေလုမျောပါးဖြစ်နေချိန်မှာ “ယေဟောဝါဘုရား၊ ကိုယ်တော့်စကားကို အလေးအနက်မထားမိတဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်တော်သာ အသက်ရှင်မယ်ဆိုရင် ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာပါမယ်၊ ဘဝကိုပြောင်းလဲပါမယ်” လို့ ဆုတောင်းခဲ့တယ်။ ကျွန်တော် အသက်ဆက်ရှင်ခဲ့လို့ အံ့သြလိုက်တာ။ ဒီတော့ ကျွန်တော့်ကတိအတိုင်း ကျမ်းစာလေ့လာလာခဲ့တယ်။

၂၀၀၆ ခုနှစ်မှာ အင်္ဂလန်နိုင်ငံကို ကျွန်တော်ပြောင်းသွားတယ်။ ကျွန်တော့်ပန်းတိုင်က ပိုလန်နိုင်ငံကိုပြန်ဖို့နဲ့ အဆင့်မြင့် ဥပဒေဘွဲ့ရနိုင်အောင် ပိုက်ဆံကြိုးစားရှာဖို့ဖြစ်တယ်။ ဒါပေမဲ့ သမ္မာကျမ်းစာကို ကျွန်တော်လေ့လာရင်း ကျမ်းချက်တစ်ချက်ကြောင့် ကျွန်တော့်စိတ်နှလုံး တအားစွဲမှတ်သွားခဲ့တယ်။ “ငါ၏သခင် ခရစ်တော်ယေရှုနှင့်ပတ်သက်သော အသိပညာသည် သာလွန်ထူးမြတ်သောကြောင့် အရာခပ်သိမ်းကို ၡုံးစေသောအရာဟု ငါယူမှတ်၏။ ကိုယ်တော်ကြောင့် ငါသည် အရာခပ်သိမ်းကို အၡုံးခံ၍ အမှိုက်သရိုက်ကဲ့သို့ ယူမှတ်၏။ သို့ဖြင့် ငါသည် ခရစ်တော်ကို အမြတ်ရ” တယ်လို့ တမန်တော်ပေါလု ရေးသားခဲ့တယ်။ (ဖိလိပ္ပိ ၃:၈) တမန်တော်ပေါလုလည်း ကျွန်တော့်လိုပဲ ဥပဒေပညာရပ်ကို တတ်ကျွမ်းသူ၊ ကြမ်းတမ်းခဲ့သူ ဖြစ်တယ်။ (တမန်တော် ၈:၃) ဒါပေမဲ့ ဘုရားအမှုဆောင်တာ၊ ယေရှုခရစ်ကို အတတ်နိုင်ဆုံးတုပတာက အကောင်းဆုံး ဘဝလမ်းစဉ်ဖြစ်ကြောင်း ပေါလုသိလာတယ်။ ပေါလုရဲ့ ပုံနမူနာကို ကျွန်တော် ဆင်ခြင်ကြည့်တဲ့အခါ လစာကောင်းတဲ့အလုပ်၊ အကြမ်းဖက်တတ်တဲ့ဉာဉ်ဆိုးက ပျော်ရွှင်မှုအတွက် သော့ချက်မဟုတ်မှန်း သဘောပေါက်လာတယ်။ ပေါလုတောင် သူ့ဘဝကို ပြောင်းလဲနိုင်ခဲ့တာပဲ၊ ကျွန်တော်လည်း ဘဝကိုပြောင်းလဲနိုင်မယ်လို့ အခိုင်အမာ ယုံကြည်တယ်။ ဒါကြောင့် အင်္ဂလန်နိုင်ငံမှာဆက်နေဖို့ ဆုံးဖြတ်ပြီး ထပ်ဆင့်ဥပဒေဘွဲ့ရဖို့ မကြိုးစားတော့ဘူး။

ယေဟောဝါဘုရားအကြောင်း ပိုလေ့လာလေ ကိုယ်တော်နဲ့ ပိုနီးကပ်လာတယ်လို့ ခံစားရတယ်။ ဘဝကို ပြောင်းလဲလိုစိတ်ရှိသူတွေကို ခွင့်လွှတ်မယ်ဆိုတဲ့ ကိုယ်တော့်ကတိကြောင့် ကျွန်တော် တအားဝမ်းသာသွားတယ်။ (တမန်တော် ၂:၃၈) ၁ ယောဟန် ၄:၁၆ မှာပါတဲ့ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏” ဆိုတဲ့အချက်ကို ဆင်ခြင်တဲ့အခါ ကိုယ်တော်ဟာ အကြမ်းဖက်မှုကို မုန်းတယ်ဆိုတာ သိလာတယ်။

ယေဟောဝါသက်သေတွေရဲ့ ပျော်စရာကောင်းတဲ့ ညီအစ်ကို အသင်းအပင်းအဝင်တစ်ယောက် ကျွန်တော်ဖြစ်ချင်ခဲ့

ယေဟောဝါသက်သေတွေရဲ့ ပြုမူကျင့်ကြံ နေထိုင်ပုံတွေကိုလည်း သဘောကျတယ်။ ကျမ်းစာထဲက မြင့်မားတဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေအတိုင်း သူတို့ ကြိုးစားနေထိုင်တာ တွေ့ရတယ်။ သူတို့လိုပဲ ပျော်စရာကောင်းတဲ့ ညီအစ်ကိုအသင်းအပင်းအဝင်တစ်ယောက် ကျွန်တော်လည်း ဖြစ်ချင်လာတယ်။ ဒါကြောင့် ပြောင်းလဲစရာရှိတာတွေကို ကြိုးစားပြောင်းလဲပြီးနောက် ၂၀၀၈ ခုနှစ်မှာ ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံခဲ့ပါတယ်။

ပိုလန်စကားပြောသူတွေကို ကျမ်းစာအကြောင်း ပြောပြခွင့်ရလို့ ကျွန်တော်နဲ့ အက်စတာတို့ ဝမ်းသာကြည်နူး

အကျိုးကျေးဇူးရရှိခဲ့ပုံ–

သမ္မာကျမ်းစာကြောင့် ကျွန်တော်ဟာ ရည်မှန်းချက်ကြီး၊ အကြမ်းဖက်၊ မူးယစ်ဆေးသုံး၊ အရက်အလွန်အကျွံသောက်၊ ဘောလုံးဝါသနာအိုးဘဝကနေ လူတွေကို ကျမ်းစာအကြောင်းသင်ပေးတဲ့ ဘုရားအမှုဆောင်တစ်ဦးဖြစ်လာခဲ့ပါတယ်။ ဘောလုံးပွဲတွေကို အခုထိကြိုက်ပေမဲ့ အပန်းဖြေခြင်းကို သူ့နေရာနဲ့သူထားဖို့ ဆုံးဖြတ်ထားတယ်။

အခု၊ ကျွန်တော့်ဇနီး အက်စတာနဲ့ သာယာတဲ့အိမ်ထောင်တစ်ခုတည်ဆောက်ပြီး ယေဟောဝါဘုရားကို ပျော်ရွှင်စွာဝတ်ပြုနေပါပြီ။ အင်္ဂလန်နိုင်ငံ အနောက်မြောက်ပိုင်းက ပိုလန်စကားပြောသူတွေကို ကျမ်းစာအကြောင်းပြောပြခွင့်ရလို့ ကျွန်တော်တို့ ဝမ်းသာကြည်နူးရပါတယ်။ ကျွန်တော့်ဘဝမှာ စစ်မှန်တဲ့ကျေနပ်ရောင့်ရဲမှုကို ပထမဆုံးအနေနဲ့ ခံစားရပြီ။ ကျွန်တော့်ရဲ့ မှားမှန်သိစိတ်ဟာ လုံးဝဖြူစင်သွားပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ အသက်တာကို ပိုင်ဆိုင်ထားပါပြီ။