မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ | မာရိ

ဝမ်းနည်းကြေကွဲမှုကို ကျော်လွှားနိုင်ခဲ့သူ

ဝမ်းနည်းကြေကွဲမှုကို ကျော်လွှားနိုင်ခဲ့သူ

မာရိဟာ အောက်ကို ပုံလျက်သားခွေကျသွားပါတယ်။ မပြောပြနိုင်လောက်အောင် သူဝမ်းနည်းကြေကွဲနေတယ်။ ပြင်းထန်တဲ့ဝေဒနာကို အချိန်အတော်ကြာ ခံစားခဲ့ရပြီး သေဆုံးခါနီး နောက်ဆုံးအော်ဟစ်လိုက်တဲ့ သားဖြစ်သူရဲ့ အသံဟာ မာရိနားထဲ ပဲ့တင်ထပ်နေတုန်းပါပဲ။ နေ့လယ်ခင်းအချိန်မှာ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မဲသွားပြီး ငလျင်အကြီးအကျယ် လှုပ်သွားတယ်။ (မဿဲ ၂၇:၄၅၊ ၅၁) ယေဟောဝါဘုရားဟာ ယေရှုခရစ်သေဆုံးသွားတဲ့အတွက် တခြားသူအားလုံးထက် ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြလိုက်တာပဲလို့ မာရိ သိနေမှာ သေချာတယ်။

နေ့အလင်းရောင် ပျောက်ကွယ်သွားပြီး အမှောင်ထုကြီးစိုးနေတဲ့ ဂေါလဂေါသ (ဦးခေါင်းခွံ) အရပ်မှာ သားအတွက် မာရိ ပူဆွေးဝမ်းနည်းနေတယ်။ (ယောဟန် ၁၉:၁၇၊ ၂၅) အဲဒီအချိန်မှာ မာရိစိတ်ထဲ အမှတ်ရစရာတွေ တသီတတန်းကြီး ပေါ်လာမှာပဲ။ တစ်ခုကတော့ လွန်ခဲ့တဲ့ ၃၃ နှစ်လောက်က အဖြစ်အပျက် ဖြစ်နိုင်တယ်။ အဲဒီတုန်းက မာရိနဲ့ယောသပ်ဟာ ချစ်စရာကောင်းတဲ့သားလေးကို ဂျေရုဆလင်မြို့က ဗိမာန်တော်ဆီ ခေါ်သွားကြတယ်။ အဲဒီအချိန်မှာ ရှိမုန်လို့ခေါ်တဲ့ သက်ကြီးရွယ်အိုတစ်ယောက်က သူတို့နဲ့ပတ်သက်ပြီး ဖြစ်လာမယ့်အရာတွေကို ဘုရားပေးအစွမ်းနဲ့ ကြိုဟောခဲ့တယ်။ ယေရှုနဲ့ပတ်သက်ပြီး ကြီးမြတ်တဲ့အရာတွေအပြင် မာရိဟာ တစ်နေ့ကျရင် ဓားရှည်နဲ့အခွင်းခံရသလို ဝမ်းနည်းကြေကွဲရလိမ့်မယ်လို့ သူဖော်ပြခဲ့တယ်။ (လုကာ ၂:၂၅-၃၅) အခုလို ဝမ်းနည်းကြေကွဲနေချိန်ကျမှ ရှိမုန်ရဲ့ကြိုဟောချက်ကို မာရိ အပြည့်အဝ သဘောပေါက်လာတော့တယ်။

ဝမ်းနည်းနာကျင်မှုကို မာရိအလူးအလဲ ခံစားခဲ့ရ

ကိုယ့်ကလေး ဆုံးပါးသွားတာက အဆိုးဝါးဆုံး၊ အနာကျင်ရဆုံး ခံစားချက်ဖြစ်တယ်လို့ ပြောကြတယ်။ သေခြင်းဟာ ရက်စက်တဲ့ရန်သူတစ်ပါးဖြစ်ပြီး ကျွန်ုပ်တို့အားလုံး သေခြင်းကြောင့် ဝမ်းနည်းကြေကွဲကြရတယ်။ (ရောမ ၅:၁၂; ၁ ကောရိန္သု ၁၅:၂၆) အဲဒီဝမ်းနည်းကြေကွဲမှုကို ကျော်လွှားနိုင်ပါသလား။ မာရိဟာ ယုံကြည်ခြင်းကြောင့် ကျော်လွှားနိုင်ခဲ့ပါတယ်။ ယေရှု စအမှုဆောင်တဲ့အချိန်ကနေ သေဆုံးပြီးနောက်ပိုင်းအထိ မာရိရဲ့ဘဝကို လေ့လာကြည့်တဲ့အခါ သူ့ရဲ့ယုံကြည်ခြင်းအကြောင်း အများကြီးသိရှိနိုင်ပါတယ်။

“သူခိုင်းသမျှကို ပြုကြလော့”

လွန်ခဲ့တဲ့သုံးနှစ်ခွဲက အဖြစ်အပျက်ကို ပြန်ကြည့်ရအောင်။ အပြောင်းအလဲဖြစ်တော့မယ်ဆိုတာ မာရိသဘောပေါက်လိုက်ပါပြီ။ နှစ်ခြင်းဆရာယောဟန်နဲ့ သူ့ရဲ့ နောင်တယူကြပါဆိုတဲ့ သတင်းတရားအကြောင်း နာဇရက်မြို့က လူတွေ ပြောဆိုနေကြတယ်။ သားကြီးဟာ အဲဒီသတင်းတရားကိုကြားတဲ့အခါ ဘုရားအမှုတော်ဆောင်ဖို့ အချိန်တန်ပြီလို့ ယူမှတ်နေတယ်ဆိုတာ မာရိသိနေတယ်။ (မဿဲ ၃:၁၊ ၁၃) ယေရှုထွက်သွားမယ်ဆိုရင် မာရိနဲ့သူ့မိသားစုအတွက် အခြေအနေပြောင်းလဲသွားပါလိမ့်မယ်။ ဘာကြောင့်လဲ။

အဲဒီအချိန်တုန်းက မာရိရဲ့ ခင်ပွန်း ယောသပ် ရှိပုံမရတော့ဘူး။ အဲဒီလိုသာဆိုရင် မာရိအတွက် ခွဲခွာရတဲ့ ခံစားချက်က အသစ်အဆန်းမဟုတ်တော့ဘူး။ * အခုဆိုရင် ယေရှုကို “လက်သမားသား” လို့သာမက “လက်သမား” လို့လည်းခေါ်ကြတယ်။ ယေရှုဟာ ဖခင်ရဲ့လုပ်ငန်းကို ဦးစီးပြီး မိသားစုကို ရှာကျွေးနေပုံရတယ်။ သူ့မှာ ညီ၊ ညီမ အနည်းဆုံး ခြောက်ယောက်ရှိတယ်။ (မဿဲ ၁၃:၅၅၊ ၅၆; မာကု ၆:၃) ဒုတိယသားဖြစ်တဲ့ ယာကုပ်ကို လက်သမားအလုပ် လုပ်တတ်အောင် ယေရှုလေ့ကျင့်ပေးပြီးပြီဆိုရင်တောင် အိမ်ကနေ အကြီးဆုံးသားထွက်သွားရင် မိသားစုအတွက် ခက်ခဲလာနိုင်တယ်။ မိသားစုတာဝန်ကြီးကို ထမ်းဆောင်နေရတဲ့ မာရိခမျာ ယေရှု အိမ်ကထွက်ခွာသွားမှာကို စိုးရိမ်နေမလား။ မပြောနိုင်ပါဘူး။ ပိုအရေးကြီးတာက နာဇရက်မြို့သားယေရှုဟာ ရှေးနှစ်ပေါင်းများစွာကတည်းက ကြိုဟောထားတဲ့ မေရှိယ ဒါမှမဟုတ် ခရစ်တော် ဖြစ်လာတဲ့အခါ သူ့ကို မာရိဘယ်လို ဆက်ဆံမလဲ။ အဲဒီမေးခွန်းရဲ့အဖြေကို ကျမ်းမှတ်တမ်းတစ်ခုကနေ သိရပါတယ်။—ယောဟန် ၂:၁-၁၂

ယေရှုဟာ နှစ်ခြင်းဆရာယောဟန်ဆီမှာ နှစ်ခြင်းခံပြီးနောက် ဘုရားသခင်ခန့်အပ်တဲ့သူ၊ တစ်နည်းအားဖြင့် မေရှိယဖြစ်လာပါတယ်။ (လုကာ ၃:၂၁၊ ၂၂) အဲဒီအချိန်ကစပြီး တပည့်တွေကို ယေရှု ရွေးချယ်ခဲ့တယ်။ ကိုယ်တော်ရဲ့အလုပ်က အရေးကြီးပေမဲ့ မိသားစု၊ မိတ်ဆွေတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ပေါင်းသင်းဖို့ အချိန်ယူခဲ့တယ်။ သူ့ရဲ့ မိခင်၊ ညီတွေ၊ တပည့်တွေနဲ့အတူ နာဇရက်မြို့ကနေ ရှစ်မိုင်လောက်ဝေးပြီး တောင်ပေါ်မှာရှိပုံရတဲ့ ကာနမြို့မှာ မင်္ဂလာဆောင်ပွဲတစ်ခုကို သွားတက်ခဲ့တယ်။ ဧည့်ခံကျွေးမွေးနေချိန်မှာ ပြဿနာတစ်ခုပေါ်လာတာကို မာရိ ရိပ်မိသွားတယ်။ အဲဒီမိသားစုဝင်အချင်းချင်း ထိတ်ထိတ်ပြာပြာနဲ့ တီးတိုးပြောနေတာကို မာရိသတိထားမိလိုက်တာ ဖြစ်နိုင်တယ်။ သူတို့မှာ စပျစ်ဝိုင်မရှိတော့ပါလား။ ဂျူးယဉ်ကျေးမှုအရ တည်ခင်းဧည့်ခံစရာ စပျစ်ဝိုင်ကုန်သွားပြီဆိုရင် မင်္ဂလာပွဲ ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး မိသားစုအရှက်ရပါလိမ့်မယ်။ သူတို့ကို မာရိ သနားသွားတယ်။

ဒါနဲ့ မာရိက သူတို့မှာ “စပျစ်ဝိုင်မရှိ” တော့ဘူးလို့ ယေရှုကို သွားပြောတယ်။ ယေရှုကို မာရိ ဘာလုပ်စေချင်လို့လဲ။ ကျွန်ုပ်တို့ အတိအကျမသိနိုင်ဘူး။ ဒါပေမဲ့ သူ့သားဟာ ကြီးမြတ်တဲ့အရာတွေကို လုပ်ပေးနိုင်တဲ့ ကြီးမြတ်သူဖြစ်တယ်ဆိုတာ မာရိသိထားတယ်။ အခုချိန်ကစပြီး ယေရှုဟာ ထူးခြားတဲ့အရာတွေ လုပ်ပေးတော့မယ်လို့ မာရိ မျှော်လင့်နေပုံရတဲ့အတွက် ‘သား၊ ကျေးဇူးပြုပြီး တစ်ခုခုလုပ်ပေးပါ’ ဆိုတဲ့ သဘောမျိုးနဲ့ ပြောလိုက်တာဖြစ်တယ်။ “အချင်းမိန်းမ၊ သင်သည် ကျွန်ုပ်နှင့် မည်သို့ဆိုင်သနည်း” ဆိုတဲ့ ယေရှုပြန်ပြောလိုက်တဲ့စကားကြောင့် မာရိအံ့သြသွားမှာ သေချာတယ်။ ယေရှုက သူ့မိခင်ကို မရိုမသေပြောတယ်လို့ တချို့ ယူမှတ်ပေမဲ့ တကယ်တော့ မဟုတ်ပါဘူး။ မူရင်းစကားမှာ ယေရှုဟာ မိခင်ရဲ့အကြံပြုချက်ကို ငြင်းရုံငြင်းလိုက်တဲ့အဓိပ္ပာယ်ရှိတယ်။ ဒီလိုနည်းနဲ့ မိခင်ကို ညင်ညင်သာသာ တည့်မတ်ပေးလိုက်တာဖြစ်တယ်။ သူ့အမှုဆောင်လုပ်ငန်းမှာ မာရိဟာ ဘာမှညွှန်ကြားပိုင်ခွင့်မရှိဘူးဆိုတာ သတိပေးလိုက်တာဖြစ်တယ်။ ခမည်းတော်ယေဟောဝါကလွဲလို့ ဘယ်သူမှ ညွှန်ကြားပိုင်ခွင့်မရှိပါဘူး။

မာရိဟာ အကင်းပါးပြီး နှိမ့်ချတဲ့အမျိုးသမီးဖြစ်တဲ့အတွက် သားရဲ့တည့်မတ်ပေးမှုကို လက်ခံခဲ့ပါတယ်။ ဒါနဲ့ မင်္ဂလာပွဲမှာ ဝိုင်းကူပေးနေသူတွေကို “သူခိုင်းသမျှကို ပြုကြလော့” လို့ပြောလိုက်တယ်။ သားဖြစ်သူကို ညွှန်ကြားမယ့်အစား သားရဲ့ညွှန်ကြားမှုကို မိမိရော၊ တခြားသူတွေပါ လက်ခံရတော့မယ်ဆိုတာ မာရိသဘောပေါက်သွားတယ်။ ယေရှုလည်း သူ့အမေလို လက်ထပ်ခါစဇနီးမောင်နှံကို သနားသွားတယ်ဆိုတာ ဖော်ပြခဲ့တယ်။ ဒါနဲ့ ရေကို အရသာကောင်းတဲ့ စပျစ်ဝိုင်အဖြစ် ပြောင်းလဲပေးခဲ့တယ်။ ဒါဟာ ယေရှုရဲ့ ပထမဆုံးအံ့ဖွယ်အမှုပါပဲ။ ဘာအကျိုးရခဲ့သလဲ။ “တပည့်တော်တို့သည်လည်း ကိုယ်တော်ကို ယုံကြည်” လာကြတယ်။ မာရိလည်း ယေရှုကို ယုံကြည်လာတယ်။ မာရိဟာ ယေရှုကို သားအနေနဲ့ပဲမဟုတ်ဘဲ သူ့ရဲ့ သခင်နဲ့ ကယ်တင်ရှင်အဖြစ် ရှုမြင်ခဲ့တယ်။

ဒီနေ့ခေတ် မိဘတွေလည်း မာရိရဲ့ယုံကြည်ခြင်းကနေ အများကြီး သင်ယူနိုင်ပါတယ်။ ဘယ်မိဘကမှ ယေရှုလို ကလေးမျိုးကို ပြုစုပျိုးထောင်ပေးဖူးမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကလေးက လူကြီးဖြစ်လာတဲ့အခါ မိဘတွေဘက်က ကလေးနဲ့ ပြောဆိုဆက်ဆံရတာ အခက်တွေ့နိုင်တယ်။ မိဘက အရွယ်ရောက်လာတဲ့သားသမီးကို ကလေးတစ်ယောက်လို ဆက်ဆံချင်ပေမဲ့ အဲဒီလိုမျိုးဆက်ဆံတာက မသင့်တော်တော့ပါဘူး။ (၁ ကောရိန္သု ၁၃:၁၁) အရွယ်ရောက်လာတဲ့ကလေးကို ဘယ်လိုကူညီပေးနိုင်မလဲ။ ဘုရားအပေါ်သစ္စာရှိတဲ့ မိမိတို့ရဲ့ ကလေးဟာ ကျမ်းစာသွန်သင်ချက်တွေကို လိုက်လျှောက်နေမယ်ဆိုတာ ယုံကြည်စိတ်ချကြောင်း၊ အဲဒီလိုလိုက်လျှောက်မယ်ဆိုရင် ဘုရားကောင်းချီးရမယ်ဆိုတဲ့အကြောင်း စိတ်ရင်းမှန်နဲ့ ပြောပြပါ။ မိဘက အရွယ်ရောက်လာတဲ့ကလေးကို ယုံကြည်စိတ်ချကြောင်း ဖော်ပြမယ်ဆိုရင် သူ့အတွက် အကျိုးအများကြီး ရှိစေနိုင်တယ်။ ယေရှုဟာ သူ့ရဲ့အမှုဆောင်တဲ့နှစ်တွေအတွင်း မာရိရဲ့ ထောက်မပေးမှုကို တန်ဖိုးထားခဲ့မယ်ဆိုတာ သေချာပါတယ်။

“ညီတော်များသည် ကိုယ်တော်အား ယုံကြည်ကြောင်း မတင်ပြကြ”

ယေရှုအမှုဆောင်တဲ့ သုံးနှစ်ခွဲကာလအတွင်း မာရိအကြောင်း ခရစ်ဝင်ကျမ်းတွေမှာ သိပ်မတွေ့ရတော့ဘူး။ မာရိဟာ မုဆိုးမဖြစ်နိုင်ပြီး ကြင်ဖော်မဲ့မိခင်တစ်ယောက်အနေနဲ့ ကလေးတွေကို အိမ်မှာ ပြုစုစောင့်ရှောက်နေရနိုင်တယ်။ ဒါကြောင့် ဇာတိမြို့တစ်လျှောက် ယေရှု ဟောပြောနေတဲ့အခါ ကိုယ်တော့်နောက် မာရိ မလိုက်နိုင်တာ ဖြစ်တယ်။ (၁ တိမောသေ ၅:၈) ဒါပေမဲ့ မေရှိယနဲ့ပတ်သက်တဲ့ သူသိရှိထားတဲ့ ကျမ်းချက်တွေကို တွေးတောဆင်ခြင်တယ်၊ မိသားစုလိုက် လုပ်နေကျအတိုင်း တရားဇရပ်မှာ ဝတ်ပြုစည်းဝေးတွေကို မှန်မှန်သွားတက်ပါတယ်။—လုကာ ၂:၁၉၊ ၅၁; ၄:၁၆

နာဇရက်မြို့ရဲ့ တရားဇရပ်မှာ ယေရှု ဟောပြောနေတဲ့အခါ ပရိသတ်ထဲမှာ မာရိလည်း ရှိနေနိုင်တယ်။ ရှေးနှစ်ပေါင်းများစွာကတည်းက ကြိုဟောထားတဲ့ မေရှိယနဲ့ပတ်သက်တဲ့ပရောဖက်ပြုချက်တွေဟာ အခု မိမိမှာပြည့်စုံနေပြီလို့ သားဖြစ်သူပြောတာကို မာရိကြားလိုက်တဲ့အခါ ဝမ်းသာပီတိဖြစ်နေမှာပဲ။ ဒါပေမဲ့ နာဇရက်မြို့သားတွေဟာ ယေရှုကို လက်မခံတဲ့အတွက် သူ စိတ်ထိခိုက်မိပါလိမ့်မယ်။ သားဖြစ်သူကို သတ်ဖို့တောင် သူတို့ကြိုးစားနေကြတယ်။—လုကာ ၄:၁၇-၃၀

အဲဒီအပြင် ယေရှုကို တခြားသားတွေ ဆက်ဆံပုံကို ကြည့်ပြီး မာရိစိတ်ထိခိုက်နေမှာ သေချာတယ်။ ယေရှုရဲ့ညီလေးယောက်က မာရိလို ယုံကြည်ခြင်းမျိုးမရှိကြဘူး။ “ညီတော်တို့သည် ကိုယ်တော်အား ယုံကြည်ကြောင်းမတင်ပြကြ” လို့ ကျမ်းစာမှာ ဖော်ပြတယ်။ (ယောဟန် ၇:၅) ယေရှုရဲ့ အနည်းဆုံးနှစ်ယောက်ရှိတဲ့ ညီမတွေအကြောင်းကိုတော့ ကျမ်းစာမှာ မဖော်ပြထားပါဘူး။ * ဘာသာရေးအမြင်မတူသူတွေနဲ့ တစ်အိမ်တည်း အတူနေရတဲ့စိတ်ဒုက္ခကို မာရိ ခံစားခဲ့ရမှာပဲ။ မာရိဟာ မိသားစုကို အတင်းအကျပ်မလုပ်ဘဲ၊ စကားမများဘဲ ဖျောင်းဖျစည်းရုံးဖို့ကြိုးစားရင်း တစ်ဖက်မှာ ကျမ်းစာအမှန်တရားတွေကို သစ္စာရှိရှိ ကြိုးစားစွဲကိုင်ထားခဲ့ရတယ်။

တစ်ကြိမ်မှာ ယေရှုရဲ့ညီတွေ အပါအဝင် ဆွေမျိုးတွေက ယေရှုကို “ဖမ်း” ဖို့ ရောက်လာကြတယ်။ သူတို့က ယေရှုကို “ရူး” နေပြီလို့တောင် ပြောကြတယ်။ (မာကု ၃:၂၁၊ ၃၁) မာရိကတော့ အဲဒီလို မထင်ပါဘူး။ ယေရှုကို ယုံကြည်လာမယ့်အကြောင်းရင်း တစ်ခုခုများ သားတွေ တွေ့လိမ့်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ သူတို့နောက် လိုက်သွားတာ ဖြစ်နိုင်တယ်။ သူတို့ ယုံကြည်ခဲ့ကြသလား။ ယေရှုက အံ့ဖွယ်အမှုတွေပြုလုပ်ပြီး ကျမ်းစာအမှန်တရားတွေ သွန်သင်ပေးနေတာတောင် သူ့ရဲ့ညီတွေက မယုံကြဘူး။ ဘာကများ သူတို့စိတ်ကို ထိမိနိုင်မလဲဆိုတဲ့အတွေးနဲ့ မာရိ ရင်မောနေပါလိမ့်မယ်။

သင်လည်း ဘာသာမတူတဲ့ မိသားစုနဲ့အတူနေရသလား။ မာရိရဲ့ယုံကြည်ခြင်းကနေ အများကြီးသင်ယူနိုင်ပါတယ်။ မာရိဟာ မယုံကြည်သူဆွေမျိုးတွေကို လက်မလျှော့ခဲ့ပါဘူး။ သူ့ရဲ့ယုံကြည်ခြင်းကြောင့် ပျော်ရွှင်နေပြီး စိတ်ငြိမ်သက်နေတယ်ဆိုတာ မယုံကြည်သူဆွေမျိုးတွေ မြင်တွေ့ခဲ့မှာ သေချာတယ်။ တစ်ဖက်မှာလည်း သစ္စာရှိတဲ့သားကို ဆက်ထောက်မပေးနေခဲ့တယ်။ မာရိခမျာ၊ ယေရှုကို သတိရနေမလား။ အိမ်မှာ ယေရှုရှိနေရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ တစ်ခါတစ်ခါ တွေးမိနေမလား။ အဲဒီလိုခံစားခဲ့ရမယ်ဆိုရင်တောင် သူ့ခံစားချက်တွေကို မြိုသိပ်နိုင်ခဲ့ပါတယ်။ ယေရှုကို ထောက်မပေးရတာ၊ အားပေးရတာတွေက အခွင့်ထူးဖြစ်တယ်လို့ မာရိယူမှတ်ခဲ့တယ်။ သင်လည်း သားသမီးတွေ သူတို့ဘဝမှာ ဘုရားကို ဦးစားထားဖို့ ကူညီပေးနိုင်မလား။

“သင်၏ စိတ်နှလုံးသည်လည်း ဓားရှည်နှင့် အခွင်းခံရလိမ့်မည်”

ယေရှုကို ယုံကြည်ခဲ့လို့ မာရိ အကျိုးရခဲ့ပါသလား။ သစ္စာရှိသူတွေကို ဆုမချဘဲမနေတဲ့ ယေဟောဝါဘုရားက မာရိကိုလည်း ဆုချခဲ့ပါတယ်။ (ဟေဗြဲ ၁၁:၆) သားရဲ့ဟောပြောချက်ကို ကိုယ်တိုင်ကြားတဲ့အခါ၊ တခြားသူတွေ ပြန်ပြောပြတာကို ကြားတဲ့အခါ မာရိ ဘယ်လိုခံစားရမယ်ဆိုတာ ဝင်ပြီးခံစားကြည့်ပါ။

ယေရှုသုံးခဲ့တဲ့ ဥပမာတွေက ယောသပ်နဲ့မာရိတို့ သူ့ကို ကောင်းကောင်း သွန်သင်ပေးခဲ့တယ်ဆိုတာ ထင်ရှား

သားရဲ့ဥပမာတွေကို ကြားရတဲ့အခါ နာဇရက်မြို့မှာ ကြီးပြင်းလာတဲ့ ယေရှုရဲ့ ကလေးဘဝက အဖြစ်အပျက်တချို့ကို မာရိ ပြန်မြင်ယောင်နေမလား။ ပျောက်သွားတဲ့ ငွေဒ င်္ဂါးတစ်ပြားကို အိမ်အနှံ့ရှာနေတဲ့ အမျိုးသမီးအကြောင်း၊ မုန့်လုပ်ဖို့ ဂျုံကြိတ်တဲ့အကြောင်း၊ ဆီမီးထွန်းပြီး မီးခုံပေါ်တင်တဲ့အကြောင်း စတဲ့ဥပမာတွေကို ယေရှုပြောတဲ့အခါ တစ်ချိန်တုန်းက တစ်နေ့တာအလုပ်တွေကို မာရိ လုပ်နေတဲ့အခါ သူ့ဘေးနားမှာရှိနေခဲ့တဲ့ ကလေးတစ်ယောက်ကို ပြန်မြင်ယောင်နေမိမလား။ (လုကာ ၁၁:၃၃; ၁၅:၈၊ ၉; ၁၇:၃၅) ယေရှုက သူ့ထမ်းပိုးဟာ ထမ်းလွယ်ပြီး သူ့ဝန်လည်းပေါ့တယ်လို့ ပြောတဲ့အခါ ကြည်နူးစရာညနေခင်းတစ်ခုမှာ ယောသပ်က ယေရှုကို ထမ်းပိုးလုပ်တတ်ဖို့ သင်ပေးနေတာ၊ တိရစ္ဆာန်တွေ ထမ်းရလွယ်ကူအောင် ထမ်းပိုးကို ဘယ်လို ပုံဖော်ရမယ်ဆိုတဲ့အကြောင်း သင်ပေးနေတာတွေကို မာရိ ပြန်သတိရနေမိမလား။ (မဿဲ ၁၁:၃၀) မေရှိယဖြစ်လာမယ့်သားကို လေ့ကျင့်ပျိုးထောင်ပေးဖို့ ယေဟောဝါဘုရားပေးခဲ့တဲ့ အခွင့်ထူးအတွက် မာရိဘယ်လောက် ကျေးဇူးတင်ပြီး ကျေနပ်နေလိုက်မလဲ။ နေ့စဉ်တွေ့မြင်နေကျ ပစ္စည်းတွေ၊ မြင်ကွင်းတွေကိုသုံးပြီး အရေးကြီးသင်ခန်းစာတွေသင်ပေးတဲ့ အကြီးမြတ်ဆုံးသွန်သင်ရှင် ယေရှုရဲ့စကားကို နားထောင်ခွင့်ရလို့လည်း မာရိ သိပ်ကိုပျော်ရွှင်နေခဲ့မှာပဲ။

ဒါပေမဲ့ မာရိ ဆက်ပြီး နှိမ့်ချမှုပြခဲ့တယ်။ ယေရှုဟာ မိခင်မာရိကို လွန်လွန်ကဲကဲ မချီးမြှောက်ခဲ့သလို တခြားသူတွေ ချီးမြှောက်အောင်လည်း မလုပ်ခဲ့ပါဘူး။ ယေရှုအမှုဆောင်ချိန်အတွင်း အမျိုးသမီးတစ်ယောက်က ကိုယ်တော်ရဲ့မိခင်ဟာ ကိုယ်တော့်ကို မွေးဖွားခဲ့တဲ့အတွက် တကယ်ပဲ ပျော်ရွှင်ပါလိမ့်မယ်လို့ ပြောတယ်။ အဲဒီအခါ ယေရှုက “ဘုရားသခင်၏ တရားစကားတော်ကို ကြားနာ၍ စောင့်ရှောက်သောသူသည် သာ၍ ပျော်ရွှင်၏” လို့ ပြန်ပြောခဲ့တယ်။ (လုကာ ၁၁:၂၇၊ ၂၈) လူတချို့က ယေရှုကို မိခင်နဲ့ ညီတွေ အပြင်မှာရောက်နေတယ်လို့ ပြောတဲ့အခါမှာလည်း ကိုယ်တော်က ဘုရားအလိုဆောင်သူတွေဟာ သူ့မိခင်တွေ၊ ညီတွေဖြစ်တယ်လို့ ပြန်ပြောခဲ့တယ်။ အဲဒီစကားကြောင့် မာရိ စိတ်ထိခိုက်မသွားဘဲ ယေရှု ဘာဆိုလိုချင်တယ်ဆိုတာ သဘောပေါက်လိုက်ပါတယ်။ သွေးသားရင်းချာတွေထက် ယုံကြည်သူချင်းတွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးက ပိုအရေးကြီးပါတယ်။—မာကု ၃:၃၂-၃၅

သစ်တိုင်ပေါ်မှာ ဝေဒနာအပြင်းအထန် ခံစားနေရတဲ့ သားကို မြင်တဲ့အခါ မာရိဘယ်လိုခံစားနေမလဲ။ သူ့ခံစားချက်ကို ဘယ်လိုနည်းနဲ့မှ ပြောပြလို့မရနိုင်ပါဘူး။ အဲဒီအချိန်တုန်းက မာရိဟာ “ယေရှုရဲ့ သစ်တိုင်အနီးမှာ” ရပ်နေတယ်ဆိုပြီး ကွပ်မျက်တာကို ကိုယ်တိုင်တွေ့မြင်ခဲ့ရတဲ့ တမန်တော်ယောဟန် ဖော်ပြခဲ့တယ်။ သစ္စာရှိပြီး မေတ္တာပြည့်ဝတဲ့ ဒီမိခင်ကို သူ့သားအနားကနေ ဘယ်သူမှ ခေါ်ထုတ်သွားလို့ မရပါဘူး။ ယေရှုဟာ အမေကို တွေ့နေရပါတယ်။ အသက်ရှူဖို့ခက်တဲ့အပြင် စကားပြောလိုက်တိုင်း အရမ်းနာကျင်ရပေမဲ့ မိခင်ကို စောင့်ရှောက်ပေးဖို့ တမန်တော်ယောဟန်ကို ကိုယ်တော်မှာခဲ့တယ်။ ယေရှုမှာ သွေးရင်းညီတွေရှိပေမဲ့ သူတို့ဟာ မယုံကြည်သူတွေဖြစ်ကြလို့ ချစ်ရတဲ့နောက်လိုက်တစ်ယောက်လက်ထဲ မိခင်ကို အပ်ခဲ့တာဖြစ်တယ်။ ယုံကြည်သူတစ်ယောက်အတွက် ကိုယ့်မိသားစုကို ဂရုစိုက်ဖို့၊ အထူးသဖြင့် ဝတ်ပြုရေးဘက်မှာ ဂရုစိုက်ပေးဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာ ယေရှုသင်ပေးလိုက်တာပဲ။—ယောဟန် ၁၉:၂၅-၂၇

နောက်ဆုံး ယေရှုသေဆုံးသွားတဲ့အခါ ဓားရှည်နဲ့အခွင်းခံရသလို ခံစားရမယ်ဆိုတဲ့ ကြိုဟောချက်အတိုင်း မာရိခံစားနေရပါပြီ။ မာရိ ဘယ်လောက်ဝမ်းနည်းနေမယ်ဆိုတာ ကျွန်ုပ်တို့ တွေးကြည့်ရခက်မယ်ဆိုရင် နောက်သုံးရက်အကြာမှာ သူ ဘယ်လောက်ပျော်လိုက်မယ်ဆိုတာ ရှင်းပြလို့တောင် ရမှာမဟုတ်ဘူး။ ယေရှုအသက်ပြန်ရှင်လာပြီဆိုတဲ့ အထူးခြားဆုံး အံ့ဖွယ်အမှုကြီးကို မာရိ ကြားသိလိုက်ရပါတယ်။ ယေရှုဟာ မိတူဖကွဲညီယာကုပ်ကို သီးသန့်ကိုယ်ထင်ရှားပြခဲ့တဲ့အတွက်လည်း မာရိ ဒီထက်ပိုပြီး ပျော်ရွှင်ရပြန်တယ်။ (၁ ကောရိန္သု ၁၅:၇) ယေရှုကိုယ်ထင်ရှားပြခဲ့တာက ယာကုပ်နဲ့တခြားညီတွေကို အကျိုးဖြစ်စေခဲ့တယ်။ နောက်ပိုင်းမှာ သူတို့ဟာ ယေရှုကို ခရစ်တော်အဖြစ် ယုံကြည်လာကြတယ်။ ဒါကြောင့် ခရစ်ယာန်ဝတ်ပြုစည်းဝေးတွေမှာ မိခင်နဲ့အတူ သူတို့ “အမြဲဆုတောင်းလျက်” နေကြတဲ့အကြောင်း ကျမ်းစာမှာ ဖတ်ရတယ်။ (တမန်တော် ၁:၁၄) ယေရှုရဲ့ညီတွေဖြစ်တဲ့ ယာကုပ်နဲ့ ယုဒတို့ဟာ နောက်ပိုင်းမှာ ကျမ်းစာစောင်တွေကိုတောင် ရေးသားခဲ့ကြတယ်။

တခြားသားတွေလည်း သစ္စာရှိခရစ်ယာန်တွေဖြစ်လာတာကို မြင်ပြီး မာရိဝမ်းသာကျေနပ်ခဲ့

သားတွေနဲ့အတူ ဝတ်ပြုဆုတောင်းနေတယ်ဆိုတဲ့ ဖော်ပြချက်က မာရိနဲ့ပတ်သက်ပြီး နောက်ဆုံးဖော်ပြချက်ပါပဲ။ မာရိဟာ တကယ်ကောင်းတဲ့ စံနမူနာ ပြခဲ့ပါတယ်။ သူ့ရဲ့ယုံကြည်ခြင်းကြောင့် ဝမ်းနည်းကြေကွဲမှုကို ခံရပ်နိုင်ခဲ့ပြီး နောက်ဆုံးမှာ အထူးကောင်းမြတ်တဲ့ဆုကိုလည်း ရရှိခဲ့ပါတယ်။ မာရိရဲ့ယုံကြည်ခြင်းကို တုပမယ်ဆိုရင် ကျွန်ုပ်တို့လည်း ဒီခက်ခဲတဲ့လောကမှာ ဘယ်အခြေအနေကိုမဆို ခံရပ်နိုင်မှာဖြစ်တယ်။ အဲဒီအပြင် ကျွန်ုပ်တို့ စဉ်းစားလို့မမီနိုင်တဲ့ ဆုကျေးဇူးတွေကိုလည်း ရရှိပါလိမ့်မယ်။

^ စာပိုဒ်၊ 8 ယေရှု အသက် ၁၂ နှစ်အရွယ်က အဖြစ်အပျက်တစ်ခုမှာ ယောသပ်အကြောင်းပါဝင်ခဲ့တယ်။ အဲဒီနောက် ခရစ်ဝင်ကျမ်းတွေမှာ မာရိနဲ့ တခြားသားသမီးတွေအကြောင်းဖော်ပြပေမဲ့ ယောသပ်အကြောင်းကိုတော့ ထပ်မဖော်ပြတော့ဘူး။ မှတ်တမ်းတစ်ခုမှာ ယေရှုကို ယောသပ်ရဲ့သားလို့ မခေါ်ဘဲ “မာရိ၏သား” လို့ခေါ်ထားတယ်။—မာကု ၆:၃

^ စာပိုဒ်၊ 16 ယောသပ်ဟာ ယေရှုရဲ့ ဖခင်အရင်း မဟုတ်ပါဘူး။ ဒါကြောင့် သူ့မောင်နှမတွေက သူ့ရဲ့ မိတူဖကွဲ မောင်နှမတွေ ဖြစ်ကြတယ်။—မဿဲ ၁:၂၀