မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“တောင်ထဲက ကြေးနီကို” တူးဖော်ရရှိ

“တောင်ထဲက ကြေးနီကို” တူးဖော်ရရှိ

ရှေးဟောင်းသုတေသနအဖွဲ့တစ်ဖွဲ့ဟာ ယုဒတောကန္တာရမှာရှိတဲ့ ချောက်ကမ်းပါးတွေ၊ လိုဏ်ဂူတွေမှာ လိုက်လံရှာဖွေနေကြပါတယ်။ ဒီလိုနဲ့ မတ်စောက်တဲ့ ချောက်ကမ်းပါးထိပ်က လိုဏ်ဂူတစ်ခုဆီ ရောက်သွားတယ်။ အဲဒီမှာ ရှေးဟောင်းပစ္စည်းတွေ ဒါမှမဟုတ် ပင်လယ်သေကျမ်းလိပ်လိုမျိုး ရှေးဟောင်းစာမူတွေစတဲ့ အဖိုးတန်ပစ္စည်းတစ်ခုခုကိုများ တွေ့ပါ့မလား။ ရတနာသိုက်လို့ တင်စားနိုင်တဲ့အရာတစ်ခုကို သူတို့ တွေ့လိုက်တဲ့အတွက် အရမ်းအံ့သြသွားတယ်။ အဲဒီရတနာသိုက်ကို နောက်ပိုင်းမှာ နာဟာလ် မစ်ရှ်မာဘဏ္ဍာသိုက်လို့ အမည်ပေးခဲ့တယ်။

ဒီအဖွဲ့ဟာ ကျူဖျာနဲ့ရစ်ပတ်ပြီး ကျောက်ကြားမှာ ဝှက်ထားတဲ့ ပစ္စည်းပေါင်း ၄၀၀ ကျော်ကို ၁၉၆၁၊ မတ်လမှာ တွေ့ခဲ့တာဖြစ်တယ်။ အဲဒီပစ္စည်းအများစုကို ကြေးနီနဲ့ ပြုလုပ်ထားတယ်။ အဲဒီထဲမှာ သရဖူအမျိုးမျိုး၊ ရာဇလှံတံ၊ ကိရိယာတန်ဆာပလာ၊ ကျိုင်း (မင်း၊ မှူးမတ်တို့ရဲ့ အဆောင်အယောင်တစ်မျိုး) နဲ့တခြားလက်နက်တွေလည်း ပါဝင်တယ်။ ကျမ်းစာမှာပါတဲ့ တုဗလကာဣနလို့ခေါ်တဲ့သူက ကြေးထည်၊ သံထည်အမျိုးမျိုးကို သွန်းလုပ်၊ ထုလုပ်ခဲ့တယ်။ ဒါကြောင့် ရှာဖွေတွေ့ရှိတဲ့ ကြေးနီပစ္စည်းတွေကို ကျမ်းစာဖတ်ရှုသူတွေက စိတ်ဝင်စားတာဖြစ်တယ်။—ကမ္ဘာဦး ၄:၂၂

တွေ့ရှိခဲ့တဲ့ ရတနာသိုက်နဲ့ပတ်သက်တဲ့ မေးခွန်းတွေအတွက်တော့ အဖြေမရှိသေးပါဘူး။ ဒါပေမဲ့ ဒီရှာဖွေတွေ့ရှိချက်ကိုကြည့်ရင် သမ္မာကျမ်းစာမှာဖော်ပြထားတဲ့ ဒေသတွေမှာ ကြေးနီ တူးဖော်တာ၊ အရည်ကျိုတာနဲ့ ပုံသွန်းတာတွေကို ရှေးအချိန်ကတည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာ သိနိုင်ပါတယ်။

အစ္စရေးပြည်နဲ့ ဝန်းကျင်ဒေသမှာရှိတဲ့ ကြေးနီတူးဖော်ရာ နေရာများ

ဘုရားသခင်ပေးမယ်လို့ ကတိပြုထားတဲ့ ခါနာန်ပြည်ကို အစ္စရေးလူမျိုး ဝင်ခါနီးမှာ ခေါင်းဆောင်မောရှေက “တောင်ထဲက ကြေးနီကို တူးရသောပြည်သို့” ခေါ်ဆောင်သွားမယ်လို့ သူတို့ကို ပြောခဲ့တယ်။ (တရားဟောရာ ၈:၇-၉) ရှေးဟောင်းသုတေသီတွေဟာ အစ္စရေးနဲ့ ဂျော်ဒန်ဒေသတစ်လျှောက်မှာ ဖီနာန်၊ တင်နာနဲ့ ခါရ်ဘက်အန်နာ့ဟာစ်စတဲ့ ရှေးခေတ်က သတ္တုတူးဖော်တဲ့နေရာတွေနဲ့ အရည်ကျိုတဲ့နေရာတွေကို ရှာဖွေတွေ့ရှိခဲ့ကြတယ်။ အဲဒီနေရာတွေကိုကြည့်ပြီး ဘယ်အချက်ကို သိနိုင်ပါသလဲ။

လွန်ခဲ့တဲ့နှစ်ပေါင်း ၂,၀၀၀ လောက်က ကြေးနီတူးဖော်တဲ့သူတွေ တူးထားတဲ့ တွင်းတိမ်တိမ်လေးတွေကို ဖီနာန်နဲ့ တင်နာဒေသအနှံ့မှာ တွေ့ရှိရတယ်။ ဒီနေ့အချိန်ထိ အဲဒီနေရာတွေမှာ ကြေးနီပါတဲ့ ကျောက်အပိုင်းအစတွေကို တွေ့မြင်နေရတုန်းပါ။ ရှေးခေတ်ကြေးနီတူးဖော်တဲ့သူတွေဟာ ကျောက်အပေါ်လွှာမှာ တွေ့နေရတဲ့ ကြေးနီကို ကျောက်နဲ့လုပ်ထားတဲ့ ကိရိယာတွေနဲ့ ခက်ခက်ခဲခဲ ထွင်းပြီး ထုတ်ယူကြတယ်။ နောက်ပိုင်းမှာ သံကိရိယာတွေသုံးပြီး နက်သည်ထက်နက်အောင် တူးကြတဲ့အတွက် လိုဏ်ခေါင်းကြီးတွေ ဖြစ်သွားတယ်။ ဒီလိုသတ္တုတူးဖော်တဲ့ လုပ်ငန်းစဉ်ကို သမ္မာကျမ်းစာရဲ့ ယောဘကျမ်းမှာလည်း တွေ့ရှိရပါတယ်။ (ယောဘ ၂၈:၂-၁၁) သတ္တုတူးဖော်တဲ့ လုပ်ငန်းစဉ်ဟာ ခက်ခဲကြမ်းတမ်းတဲ့အလုပ် ဖြစ်တယ်။ ဒါကြောင့်လည်း ခရစ်နှစ် သုံးရာစုကနေ ငါးရာစုအထိ ရောမအာဏာပိုင်တွေဟာ ဆိုးသွမ်းတဲ့ရာဇဝတ်သားတွေနဲ့ တခြားအကျဉ်းသားတွေကို ပြစ်ဒဏ်ပေးတဲ့အနေနဲ့ ဖီနာန်ကြေးနီသတ္တုတွင်းမှာ အလုပ်,လုပ်ခိုင်းကြတယ်။

ခါရ်ဘက်အန်နာ့ဟာစ် (“ကြေးနီထုတ်ရာကနေ ထွက်လာတဲ့ အမှိုက်သရိုက်များ” လို့ အဓိပ္ပာယ်ရ) လို့ခေါ်တဲ့ဒေသမှာ သတ္တုအရည်ကျိုပြီးတဲ့နောက် ထွက်လာတဲ့ အမှိုက်သရိုက်များစွာကို တွေ့ရတယ်။ ဒါကိုကြည့်ရင် အရင်က အဲဒီနေရာမှာ ကြေးနီထုတ်ဖို့ သတ္တုအများကြီး အရည်ကျိုခဲ့တယ်ဆိုတာ သိရှိရတယ်။ သတ္တုရိုင်းတွေကို အနီးအနားမှာရှိတဲ့ တင်နာ၊ ဖီနာန်စတဲ့ သတ္တုတွင်းတွေကနေ တူးဖော်ခဲ့ဖွယ်ရှိတယ်လို့ ပညာရှင်တွေ ယူမှတ်ကြတယ်။ ကြေးနီကိုရရှိဖို့ သတ္တုရိုင်းကို အရည်ကျိုရတယ်။ အဲဒီလိုအရည်ကျိုနိုင်ဖို့ မီးသွေးနဲ့ အပူချိန် ၂,၂၀၀ ဒီဂရီဖာရင်ဟိုက် (၁,၂၀၀ ဒီဂရီစင်တီဂရိတ်) လောက်ရရှိဖို့ လေမှုတ်ပိုက်၊ ခြေနဲ့နင်းရတဲ့ ဖားဖိုတွေကိုသုံးပြီး ၈ နာရီကနေ ၁၀ နာရီကြာ မီးအပူပေးရတယ်။ အများအားဖြင့် သတ္တုရိုင်း ၁၁ ပေါင်ကို အရည်ကျိုမှ ကြေးနီ ၂ ပေါင်လောက် ရရှိပါတယ်။ ရရှိလာတဲ့ကြေးနီနဲ့ ပစ္စည်းအမျိုးမျိုးကို ပုံလောင်းကြတယ်။

ရှေးအစ္စရေးလူတွေ အသုံးပြုခဲ့တဲ့ကြေးနီ

ဝတ်ပြုရာတဲတော် ဆောက်လုပ်တဲ့အခါ ဒေသထွက် သတ္တုအရောင်လက်လက်တွေကို အသုံးပြုဖို့ သိနာတောင်မှာ မောရှေကို ယေဟောဝါဘုရား အတိအကျ မိန့်ကြားခဲ့တယ်။ နောက်ပိုင်းမှာလည်း ဂျေရုဆလင်မြို့မှာရှိတဲ့ ဗိမာန်တော်ကို အဲဒီပုံစံအတိုင်း ဆောက်လုပ်ခဲ့တယ်။ (ထွက်မြောက်ရာ အခန်းကြီး ၂၇) * အစ္စရေးလူတွေဟာ သတ္တုထည်လုပ်ငန်းနဲ့ပတ်သက်တဲ့ အတတ်ပညာကို အီဂျစ်ပြည် မရောက်ခင် အတော်အသင့် တတ်မြောက်ထားတာ ဒါမှမဟုတ် အီဂျစ်ပြည်မှာရှိတုန်း သင်ယူခဲ့တာဖြစ်နိုင်တယ်။ အီဂျစ်ပြည်ကနေ ထွက်လာပြီးနောက်မှာ သူတို့ဟာ နွားရုပ်သွန်းလုပ်နိုင်ခဲ့တယ်။ အဲဒီအပြင် ဝတ်ပြုရာတဲတော်မှာလိုအပ်တဲ့ အင်တုံကြီးတွေ၊ အိုးတွေ၊ ဒယ်ပြားတွေ၊ ဂေါ်ပြားတွေ၊ ခက်ရင်းခွတွေကိုလည်း ကြေးနီနဲ့ သွန်းလုပ်နိုင်ခဲ့တယ်။—ထွက်မြောက်ရာ ၃၂:၄

နောက်ပိုင်းမှာ အစ္စရေးလူတွေဟာ တောထဲလှည့်လည်ရင်း ကြေးနီအမြောက်အမြားထွက်ရှိတဲ့ ပုနုန် (ယနေ့ခေတ် ဖီနာန်) ဖြစ်နိုင်ဖွယ်ရှိတဲ့ အရပ်မှာ ရေကိစ္စနဲ့ မန္နမုန့်အကြောင်း မကျေမနပ် ညည်းညူပြောဆိုခဲ့ကြတယ်။ ယေဟောဝါဘုရားဟာ သူတို့ကို ဒဏ်ခတ်တဲ့အနေနဲ့ အဆိပ်ပြင်းတဲ့မြွေတွေ စေလွှတ်လိုက်တဲ့အခါ လူများစွာ သေဆုံးခဲ့တယ်။ အစ္စရေးလူမျိုး နောင်တရတဲ့အခါ မောရှေက ယေဟောဝါဘုရားကို တောင်းပန်ပေးတယ်။ အဲဒီအခါ ယေဟောဝါဘုရားက ကြေးနီနဲ့ မြွေရုပ်လုပ်ပြီး တိုင်အမြင့်မှာ တင်ထားဖို့ ပြောတယ်။ မှတ်တမ်းက ခုလို ဆက်ဆိုတယ်– “မြွေကိုက်သောသူမည်သည်ကား၊ ကြေးဝါ [“ကြေးနီ၊” ကဘ] မြွေကိုကြည့်ရှုသောအခါ အသက်ချမ်းသာရကြ၏။”—တောလည်ရာ ၂၁:၄-၁၀; ၃၃:၄၃

ဘုရင်ရှောလမုန် အသုံးပြုခဲ့တဲ့ ကြေးနီ

ဂျေရုဆလင်မြို့မှာရှိတဲ့ ဗိမာန်တော်ရဲ့ အစိတ်အပိုင်းများစွာကို ကြေးနီနဲ့ သွန်းလုပ်ခဲ့ကြ

ဘုရင်ရှောလမုန်ဟာ ဂျေရုဆလင်မြို့မှာရှိတဲ့ ဗိမာန်တော်ကို အလှဆင်တဲ့အခါ ကြေးနီတန်ချိန်များစွာကို အသုံးပြုခဲ့တယ်။ ကြေးနီအများစုဟာ ဖခင်ဒါဝိဒ် ဆီးရီးယားကို အောင်နိုင်တုန်းက သိမ်းပိုက်ရရှိခဲ့တာဖြစ်တယ်။ (၁ ရာဇဝင်ချုပ် ၁၈:၆-၈) ဗိမာန်တော်မှာ အမှုဆောင်သူတွေ ဆေးကြောသန့်စင်ဖို့လုပ်ထားတဲ့ ကြေးနီရေကန်ကြီးဟာ ရေဂါလံပေါင်း ၁၇,၅၀၀ (၆၆,၀၀၀ လီတာ) ဝင်ဆန့်ပြီး တန်ချိန်ပေါင်း ၃၀ လောက် လေးတယ်။ (၃ ဓမ္မရာဇဝင် ၇:၂၃-၂၆၊ ၄၄-၄၆) ဗိမာန်တော်အဝင်ဝမှာ အလွန်တရာကြီးမားတဲ့ ကြေးနီတိုင်နှစ်တိုင်ကိုလည်း စိုက်ထူထားတယ်။ ကြေးနီ ၃ လက်မအထူနဲ့လောင်းထားတဲ့ အဲဒီတိုင်တွေက အချင်း ၅ ပေ ၇ လက်မရှိပြီး အလယ်က အခေါင်းပေါက် ဖြစ်တယ်။ တိုင်အမြင့် ၂၆ ပေရှိပြီး တိုင်တစ်လုံးစီရဲ့ထိပ်မှာ ၇ ပေ ၄ လက်မနီးပါးမြင့်တဲ့ တိုင်ဖူးတစ်ခုစီရှိတယ်။ (၃ ဓမ္မရာဇဝင် ၇:၁၅၊ ၁၆; ၂ ရာဇဝင်ချုပ် ၄:၁၇) ဗိမာန်တော်မှာ အသုံးပြုခဲ့တဲ့ ကြေးနီတန်ချိန် ပမာဏဟာ မယုံနိုင်လောက်အောင် များပြားလွန်းပါတယ်။

ကျမ်းစာခေတ်က အသက်ရှင်ခဲ့တဲ့လူတွေရဲ့ နေ့စဉ်အသက်တာမှာလည်း ကြေးနီကို အသုံးပြုခဲ့ကြတယ်။ ဥပမာ၊ ကြေးနီနဲ့လုပ်ထားတဲ့ လက်နက်၊ ခြေချင်း၊ တူရိယာနဲ့ တံခါးတွေအကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ (၁ ဓမ္မရာဇဝင် ၁၇:​၅၊ ၆; ၄ ဓမ္မရာဇဝင် ၂၅:၇; ၁ ရာဇဝင်ချုပ် ၁၅:၁၉; ဆာလံ ၁၀၇:၁၆) ယေရှုက အဲဒီခေတ်သုံး ကြေးနီပိုက်ဆံအကြောင်း ဖော်ပြခဲ့သလို တမန်တော် ပေါလုကလည်း “ပန်းတဉ်းဆရာ အာလေဇန္ဒြု” အကြောင်း ဖော်ပြခဲ့တယ်။—မဿဲ ၁၀:၉; ၂ တိမောသေ ၄:၁၄

အစမှာ ဖော်ပြခဲ့တဲ့ နာဟာလ် မစ်ရှ်မာဘဏ္ဍာအပြင် ကျမ်းစာခေတ်မှာအသုံးပြုခဲ့တဲ့ ကြေးနီထည်တွေနဲ့ပတ်သက်လို့ ရှေးဟောင်းသုတေသနပညာရှင်တွေနဲ့ သမိုင်းပညာရှင်တွေ မဖြေဆိုနိုင်တဲ့မေးခွန်းများစွာ ကျန်ရှိနေပါသေးတယ်။ ဒါပေမဲ့ သမ္မာကျမ်းစာမှတ်တမ်းမှာ ဖော်ပြထားသလို အစ္စရေးလူမျိုးဟာ “တောင်ထဲကကြေးနီကို တူးရသောပြည်” ကို အမွေရခဲ့တယ်ဆိုတာကတော့ သေချာပါတယ်။—တရားဟောရာ ၈:၇-၉

^ စာပိုဒ်၊ 10 ဘာသာပြန်ကျမ်းတချို့မှာ ဒီသတ္တုကို ဖော်ပြတဲ့အခါ ကြေးဝါလို့ သုံးထားပေမဲ့ မူရင်းကျမ်းမှာ ကြေးနီလို့ ဖော်ပြထားပါတယ်။