မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစုပျော်ရွှင်မှုအတွက် သော့ချက်များ

သင်တို့ရဲ့ကလေး မသန်စွမ်းတဲ့အခါ

သင်တို့ရဲ့ကလေး မသန်စွမ်းတဲ့အခါ

ကာလို- * “ကျွန်တော်တို့ရဲ့သား အန်ဂျလိုမှာ ဒေါင်းရောဂါ (စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု နှေးကွေးတဲ့ရောဂါ) ရှိတယ်။ သူ့ရောဂါကြောင့် ကျွန်တော်တို့မှာ ကိုယ်ရောစိတ်ပါ ချုံးချုံးကျသွားတယ်။ ကျန်းမာတဲ့ကလေးတစ်ယောက်ကို ကြည့်ရှုစောင့်ရှောက်ဖို့ အားအင်တွေ လိုအပ်တယ်ဆိုရင် မကျန်းမာတဲ့ ကလေးတစ်ယောက်အတွက် အားအင် ဘယ်လောက်များ လိုအပ်မယ်ဆိုတာ မြင်ယောင်ကြည့်နိုင်ပါတယ်။ အဲဒီအတွက်နဲ့ တစ်ခါတလေမှာ ကျွန်တော်တို့ရဲ့အိမ်ထောင်ရေး အဆင်မပြေဘူး။”

မီရာ– “အန်ဂျလိုအတွက် ကိစ္စ သေးသေးမွှားမွှားလေးကိုတောင် သင်ယူဖို့ အချိန်အများကြီး ယူရတယ်။ ဒါကြောင့် ကျွန်မတို့ အရမ်းစိတ်ရှည်ဖို့ လိုအပ်တယ်။ ကျွန်မ အရမ်းပင်ပန်းတဲ့အခါ ကာလိုကို စိတ်တိုလာတတ်တယ်။ တစ်ခါတလေ ကိစ္စရပ်တွေအပေါ် သဘောထားချင်း မတိုက်ဆိုင်တဲ့အခါ စကားများတော့တာပဲ။”

သင့်ကလေး မွေးဖွားတဲ့နေ့ကို မှတ်မိသေးသလား။ အဲဒီအချိန်မှာ ကလေးလေးကို သင်တို့ ပွေ့ချီချင်နေမှာပါ။ ဒါပေမဲ့ ကာလိုနဲ့ မီရာတို့လို မိဘတွေအတွက်ကျတော့ ကလေးက ကျန်းမာရေးမကောင်းဘူး ဒါမှမဟုတ် မသန်စွမ်းဘူးလို့ ကြားသိလိုက်ရတဲ့အခါ ဝမ်းနည်းရမလို၊ ဝမ်းသာရမလို ဖြစ်ကြရပါတယ်။

သင့်မှာ မသန်စွမ်းတဲ့ ကလေးတစ်ယောက် ရှိပါသလား။ ဒါဆိုရင် ကလေးကို ကြည့်ရှုစောင့်ရှောက်နိုင်ပါ့မလားဆိုပြီး သင် စဉ်းစားမိနိုင်ပါတယ်။ သင့်မှာ မသန်စွမ်းတဲ့ ကလေးရှိတယ်ဆိုရင် စိတ်ဓာတ်မကျလိုက်ပါနဲ့။ သင့်လိုမျိုး မိဘတွေလည်း အလားတူပြဿနာတွေကို အောင်မြင်ကျော်လွှားခဲ့ကြပါတယ်။ သင် ရင်ဆိုင်ရနိုင်တဲ့ စိန်ခေါ်ချက်သုံးခုနဲ့ သမ္မာကျမ်းစာမှာပါတဲ့ ဉာဏ်ပညာက သင့်ကို ဘယ်လိုကူညီပေးနိုင်သလဲဆိုတာကို သုံးသပ်ကြည့်ရအောင်။

စိန်ခေါ်ချက် ၁– သင့်ကလေး မသန်စွမ်းဘူးဆိုတာကို သင် ယုံရခက်နေတယ်။

မိဘအတော်များများဟာ သူတို့ကလေး ကျန်းမာရေးမကောင်းဘူးဆိုတာ သိလိုက်ရတဲ့အခါ စိတ်ထိခိုက်ကြပါတယ်။ “ကျွန်မတို့ရဲ့သားလေး စန်တီရာဂိုမှာ ဦးနှောက်သွက်ချာပါဒ ရောဂါရှိတယ်လို့ ဆရာဝန်တွေ ပြောပြတော့ ကျွန်မ မယုံနိုင်အောင် ဖြစ်သွားတယ်။ ကျွန်မအပေါ် မိုးပြိုကျလာသလို ခံစားရတယ်” လို့ မက္ကဆီကိုနိုင်ငံက ဂျူလီယာနာဆိုတဲ့ မိခင်တစ်ဦး ပြောပြတယ်။ မိဘတချို့လည်း အီတလီနိုင်ငံက ဗီလာနာလို့ခေါ်တဲ့ မိခင်တစ်ဦး ခံစားခဲ့ရသလို ခံစားရနိုင်ပါတယ်။ သူက ဒီလိုပြောပြတယ်– “ကျွန်မအသက်အရွယ်က ကလေးမွေးဖို့ အသက်အန္တရာယ်ရှိပေမဲ့ ကလေးယူဖို့ ရွေးချယ်လိုက်တယ်။ အခု ကျွန်မရဲ့သားလေးမှာ ဒေါင်းရောဂါရှိနေတဲ့အတွက် ကျွန်မမှာ အပြစ်ရှိတယ်လို့ ခံစားရပါတယ်။”

သင်ဟာ အကူအညီမဲ့နေတယ် ဒါမှမဟုတ် အပြစ်ရှိတယ်လို့ ခံစားနေရမယ်ဆိုရင် အဲဒါက သာမန်ခံစားချက်ဆိုတာ သိမြင်ပါ။ ဘုရားသခင်ရဲ့ မူလရည်ရွယ်ချက်ထဲမှာ ဖျားနာမှုဆိုတာ မပါဝင်ပါဘူး။ (ကမ္ဘာဦး ၁:၂၇၊ ၂၈) ဒါကြောင့် သင့်ကလေး မသန်စွမ်းတာကို သင် လက်ခံရခက်တာ ဖြစ်နိုင်ပါတယ်။ သင့်ကလေး မသန်စွမ်းဘူးဆိုတာကို သိလိုက်ရတဲ့အခါ “ဝမ်းနည်းကြေကွဲ” ရတာက သာမန်ပါပဲ။ သင့်ခံစားချက်တွေကို ဖြေဖျောက်နိုင်ဖို့နဲ့ အခြေအနေသစ်မှာ နေသားကျဖို့ဆိုရင် အချိန်ယူရမှာဖြစ်ပါတယ်။

သင့်ကလေး မသန်စွမ်းတာ သင့်ကြောင့်လို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေတယ်ဆိုရင်ကော။ မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင်နဲ့ တခြားအကြောင်းရင်းတွေက ကလေးတစ်ယောက်ရဲ့ ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှု ရှိနိုင်တယ်ဆိုတာကို ဘယ်သူကမှ အပြည့်အဝ နားမလည်နိုင်ဘူးဆိုတာ သတိရလိုက်ပါ။ ဒါ့အပြင် သင့်ရဲ့အိမ်ထောင်ဖက်ကို အပြစ်တင်ချင်စိတ်လည်း ပေါက်လာနိုင်ပါတယ်။ အဲဒါကို တွန်းလှန်ပစ်ပါ။ သင့်အိမ်ထောင်ဖက်နဲ့ ပူးပေါင်းပြီး သင်တို့ရဲ့ကလေးကို ကြည့်ရှုစောင့်ရှောက်ဖို့ အာရုံစိုက်မယ်ဆိုရင် ပြဿနာကို ဖြေရှင်းနိုင်ပါလိမ့်မယ်။—ဒေသနာ ၄:၉၊ ၁၀

အကြံပြုချက်– သင့်ကလေးရဲ့ အခြေအနေကို သိအောင်လုပ်ပါ။ “အိမ်ထောင်များကို အသိပညာနှင့် ဉာဏ်ပညာတည်းဟူသော အုတ်မြစ်အပေါ်တွင် တည်ဆောက်ရ၏” လို့ ကျမ်းစာမှာ ဖော်ပြထားပါတယ်။—သုတ္တံ ၂၄:၃ခမ။

ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများနဲ့ ယုံကြည်စိတ်ချရတဲ့ စာပေတွေကနေ အများကြီး သင်ယူသိရှိနိုင်ပါတယ်။ သင့်ကလေးရဲ့ အခြေအနေကိုသိအောင် လေ့လာတဲ့အစီအစဉ်ကို ဘာသာစကားအသစ်ကို ကျွမ်းကျင်တတ်မြောက်အောင် သင်ယူလေ့လာခြင်းနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ အစပိုင်းမှာ ခက်ခဲမှာဖြစ်ပေမဲ့ နောက်ပိုင်းမှာ သင်ယူတတ်မြောက်နိုင်ပါတယ်။

ဒီဆောင်းပါးအစမှာ ဖော်ပြခဲ့တဲ့ ကာလိုနဲ့ မီရာတို့ဟာ သားရဲ့အခြေအနေကို ကောင်းကောင်းသိရှိထားတဲ့ ဆရာဝန်နဲ့ အဖွဲ့အစည်းကို မေးမြန်းစုံစမ်းခဲ့ပါတယ်။ “အဲဒီလိုမေးမြန်းစုံစမ်းထားလို့ ဖြစ်လာနိုင်မယ့် ပြဿနာတွေကိုရော ဝေဒနာရှင် လုပ်နိုင်တဲ့အရာတွေကိုပါ သိရှိနားလည်ခဲ့တယ်။ သာမန်ကိစ္စအတော်များများကို သားက လုပ်တတ်ကိုင်တတ်တာကို တွေ့နေရတယ်။ အဲဒါက ကျွန်တော်တို့ကို ကျေနပ်အားရစေပါတယ်” ဆိုပြီး သူတို့က ပြောပြတယ်။

ဒီနည်းကို စမ်းကြည့်ပါ– သင့်ကလေး လုပ်နိုင်တဲ့အရာကို အာရုံစိုက်ပါ။ မိသားစုလိုက် ပါဝင်နိုင်တဲ့ လုပ်ဆောင်မှုတွေကို စီစဉ်ပါ။ သင့်ကလေး တစ်ခုခုလုပ်ဆောင်နိုင်တဲ့အခါ ချီးမွမ်းပေးပြီး သူနဲ့အတူ ဝမ်းသာပါ။

စိန်ခေါ်ချက် ၂– သင်ဟာ ခြေကုန်လက်ပန်းကျပြီး အထီးကျန်နေတယ်။

မကျန်းမာတဲ့ကလေးကို ဂရုစိုက်နေရတဲ့အတွက် အားအင်တွေ ကုန်ခန်းနေတယ်လို့ သင် ခံစားရနိုင်ပါတယ်။ နယူးဇီလန်နိုင်ငံက ဂျဲနီလို့ခေါ်တဲ့ မိခင်တစ်ဦးက ဒီလိုပြောပြတယ်– “ကျွန်မရဲ့သားလေးမှာ မွေးရာပါ ကျောရိုးကွဲရောဂါ ရှိတယ်လို့ သိလိုက်ရပြီး နှစ်အတော်ကြာတဲ့အထိ လုပ်နေကျ အိမ်အလုပ်တွေအပြင် အပိုအလုပ်တွေကိုပါ ထပ်ဆောင်းပြီး လုပ်ရတဲ့အခါတိုင်း အားအင်တွေ ကုန်ခန်းလာတယ်။ ဒီအခါမှာ ကျွန်မ ငိုတော့တာပဲ။”

နောက်စိန်ခေါ်ချက်တစ်ခုက သင်ဟာ အထီးကျန်နေတယ်လို့ ခံစားရနိုင်တယ်။ ကြွက်သားတွေ ကြုံလှီပြီး အက်စ်ပါဂါရောဂါ ခံစားနေရတဲ့ သားတစ်ဦးရှိတဲ့ ဘင်က ဒီလိုပြောပြတယ်– “ကျွန်တော်တို့ရဲ့ဘဝက ဘာနဲ့တူနေမယ်ဆိုတာ လူအများစုက ဘယ်တော့မှ နားလည်နိုင်မှာ မဟုတ်ပါဘူး။” သင်ဟာ တစ်ယောက်ယောက်နဲ့ စကားပြောချင်စိတ် ပေါ်လာနိုင်ပါတယ်။ ဒါပေမဲ့ ကျန်းမာတဲ့သားသမီးတွေ ရှိထားတဲ့ မိတ်ဆွေတွေကို ရင်ဖွင့်ဖို့ သင် တွန့်ဆုတ်နိုင်တယ်။

အကြံပြုချက်– အကူအညီ တောင်းပါ။ ပေးလာတဲ့ အကူအညီကို လက်ခံလိုက်ပါ။ စောစောက ဖော်ပြခဲ့တဲ့ ဂျူလီယာနာက “တစ်ခါတလေ ကျွန်မခင်ပွန်းနဲ့ ကျွန်မတို့ အကူအညီတောင်းဖို့ မဝံ့မရဲဖြစ်မိတယ်” လို့ပြောပြတယ်။ ဒါပေမဲ့ သူဒီလို ဆက်ပြောပြတယ်– “တခြားသူတွေရဲ့ အကူအညီကို လိုအပ်တယ်ဆိုတာ ကျွန်မတို့ သိလာရတယ်။ တခြားသူတွေ အကူအညီပေးလာတဲ့အခါ အထီးကျန်တယ်လို့ မခံစားရတော့ဘူး။” မိတ်ဆွေတွေနဲ့ စုဆုံပေါင်းသင်းချိန်မှာ ဒါမှမဟုတ် အသင်းတော်အစည်းအဝေးမှာ သင့်ကလေးနဲ့အတူထိုင်ဖို့ ရင်းနှီးတဲ့မိတ်ဆွေ ဒါမှမဟုတ် မိသားစုဝင်တစ်ယောက်က ကမ်းလှမ်းတဲ့အခါ ကျေးဇူးတင်စွာ လက်ခံလိုက်ပါ။ “အဆွေခင်ပွန်းသည် အခါခပ်သိမ်း ချစ်တတ်၏။ ညီအစ်ကိုသည် ဒုက္ခကာလအဖို့ မွေးဖွားလျက်ရှိ၏” လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။—သုတ္တံ ၁၇:၁၇

သင့်ရဲ့ကျန်းမာရေးကို ဂရုစိုက်ပါ။ လူနာတင်ယာဉ်တစ်စီးဟာ ဆေးရုံကို အရေးပေါ်လူနာတွေ အဆက်မပြတ် ခေါ်ဆောင်သွားနိုင်ဖို့ဆိုရင် လောင်စာဆီ မှန်မှန်ဖြည့်ထားရပါမယ်။ အဲဒီလိုပါပဲ၊ သင့်ကလေးကို သူလိုအပ်တဲ့ ဂရုစိုက်စောင့်ရှောက်မှု ဆက်ပေးနိုင်အောင် သင့်အနေနဲ့ အာဟာရရှိတဲ့ အစာစားခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ အနားယူခြင်းတို့ဖြင့် အားဖြည့်ထားရပါမယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ခြေထောက်မသန်တဲ့ သားလေးကို ပြုစုပေးနေရတဲ့ ဖခင်ဖြစ်သူ ကာဗီးယားက ဒီလိုပြောပြတယ်– “သားလေး လမ်းမလျှောက်နိုင်တော့လို့ ကျွန်တော် အားရှိအောင် အစာကောင်းကောင်း စားသင့်တယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သားလေး ဟိုနားဒီနား သွားလို့ရအောင် ကျွန်တော်ပဲ ကူညီပေးနေရတယ်။ သားလေးက ကျွန်တော့်ကိုပဲ မှီခိုနေရရှာတယ်။”

သင့်ကျန်းမာရေးကို ဂရုစိုက်ဖို့ အချိန်ဘယ်လိုရှာယူနိုင်မလဲ။ မိဘတချို့ဟာ သူတို့ရဲ့ကလေးကို အလှည့်ကျ ဂရုစိုက်ပေးကြပါတယ်။ ဒီလိုနဲ့ တစ်ယောက်က အနားယူနိုင်တယ် ဒါမှမဟုတ် တခြားကိုယ်ရေးကိုယ်တာကိစ္စတွေ လုပ်ဆောင်နိုင်တယ်။ အချိန်ကို အရေးမကြီးတဲ့ ကိစ္စတွေမှာ အသုံးပြုမယ့်အစား ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ဖို့အတွက် အဲဒီအချိန်ကို အသုံးပြုလိုက်ပါ။ ဟန်ချက်ညီဖို့တော့ လိုအပ်ပါတယ်။ အိန္ဒိယနိုင်ငံက မိခင်ဖြစ်သူ မာယူရီက ဒီလိုပြောပြတယ်– “တဖြည်းဖြည်းနဲ့ နေသားကျလာမှာပါ။”

ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေတစ်ယောက်နဲ့ စကားပြောဆိုပါ။ ကျန်းမာရေးကောင်းတဲ့ သားသမီးတွေရှိထားတဲ့ မိတ်ဆွေတွေတောင် သင့်ကို နှစ်သိမ့်အားပေးနိုင်ပါတယ်။ ဒါ့အပြင် ယေဟောဝါဘုရားသခင်ဆီကိုလည်း သင် ဆုတောင်းနိုင်ပါတယ်။ ဆုတောင်းခြင်းကနေ အထောက်အကူ တကယ်ရနိုင်ပါသလား။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါခံစားနေရတဲ့ ကလေးနှစ်ယောက်ရဲ့မိခင်ဖြစ်သူ ယာဇမင်က ဒီလိုပြောပြတယ်– “ဖိစီးမှုတွေ များလွန်းလို့ မွန်းကြပ်ပြီး သေမတတ်ခံစားရတယ်။” ဒါပေမဲ့ သူဒီလို ဆက်ပြောပြတယ်– “စိတ်သက်သာမှုနဲ့ ခွန်အားရဖို့ ယေဟောဝါဘုရားသခင်ဆီ ကျွန်မ ဆုတောင်းလိုက်တယ်။ အဲဒီနောက်မှာတော့ ကျွန်မ ရှေ့ဆက်သွားနိုင်ပြီလို့ ခံစားရပါတယ်။”—ဆာလံ ၁၄၅:၁၈

ဒီနည်းကို စမ်းကြည့်ပါ– သင် ဘာတွေစားတယ်၊ ဘယ်အချိန်မှာ လေ့ကျင့်ခန်းလုပ်တယ်၊ ဘယ်လောက်ကြာကြာ အိပ်တယ်ဆိုတာတွေကို ပြန်သုံးသပ်ပါ။ အချိန်ကို အရေးမကြီးတဲ့ ကိစ္စတွေမှာ အသုံးပြုမယ့်အစား ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ဖို့အတွက် အဲဒီအချိန်ကို အသုံးပြုလိုက်ပါ။ သင့်ရဲ့အချိန်ဇယားကို လိုအပ်ရင်လိုအပ်သလို ပြုပြင်ချိန်ညှိပါ။

စိန်ခေါ်ချက် ၃– သင်ဟာ မသန်စွမ်းတဲ့ကလေးကိုပဲ အာရုံစိုက်နေတယ်။

ကလေးတစ်ယောက် နာမကျန်းဖြစ်မှုက မိသားစု ဘာတွေစားတယ်၊ ဘယ်တွေကို သွားလာတယ်၊ ကလေးတစ်ယောက်စီကို မိဘတွေ ဘယ်လောက်အချိန်ပေးတယ် ဆိုတာတွေအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။ ရလဒ်အနေနဲ့ တခြားကလေးတွေက မိဘတွေရဲ့ ဂရုစိုက်မှုကို အပြည့်အဝမရရှိဘူးလို့ ခံစားရနိုင်တယ်။ ဒါ့အပြင် မိဘတွေဟာ မသန်စွမ်းတဲ့ကလေးကို ပြုစုစောင့်ရှောက်နေတာနဲ့ပဲ မအားမလပ်ဖြစ်နေတဲ့အခါ သူတို့ရဲ့အိမ်ထောင်ရေးကို ထိခိုက်လာပါတော့တယ်။ လိုင်ဘေးရီးယားနိုင်ငံက ဖခင်ဖြစ်သူ လိုင်ယာနယ်က ဒီလိုပြောပြပါတယ်– “တစ်ခါတလေ ကျွန်တော့်ဇနီးက သူပဲ ဒိုင်ခံလုပ်နေရတယ်၊ ကျွန်တော်ကျတော့ ဘာမှလည်း မလုပ်ဘူးဆိုပြီး ပြစ်တင်ပြောဆိုလာတယ်။ ကျွန်တော့်ကို သူမလေးစားဘူးလို့ ခံစားရတဲ့အတွက် တစ်ခါတလေ သူ့ကို မစာမနာ ပြန်တုံ့ပြန်မိတယ်။”

အကြံပြုချက်– သင့်သားသမီးအားလုံးကို သင် စိတ်ဝင်စားကြောင်း သေချာစေပါ။ ကလေးတွေ နှစ်သက်တဲ့ လုပ်ဆောင်မှုတွေကို စီစဉ်ပေးပါ။ စောစောက ဖော်ပြခဲ့တဲ့ ဂျဲနီက ဒီလိုပြောပြပါတယ်– “တစ်ခါတလေမှာ သားကြီးအတွက် ထူးခြားတာလေးတစ်ခုခု ကျွန်မတို့ လုပ်ပေးတယ်။ သူအကြိုက်ဆုံး စားသောက်ဆိုင်မှာ နေ့လယ်စာ သွားစားတာမျိုး ဖြစ်ဖြစ်ပေါ့။”

သင့်သားသမီးအားလုံးကို စိတ်ဝင်စားမှုပြပါ

သင်တို့ရဲ့ အိမ်ထောင်ရေးကို ကာကွယ်ဖို့ အိမ်ထောင်ဖက်နဲ့ ဆွေးနွေးပြောဆိုပြီး ဆုတောင်းပါ။ အိန္ဒိယနိုင်ငံက ဝက်ရူးပြန်ရောဂါရှိတဲ့ သားဖြစ်သူရဲ့ဖခင် အာဆမ်က ဒီလိုပြောပြတယ်– “တစ်ခါတလေ ကျွန်တော်တို့ဇနီးမောင်နှံ နှစ်ယောက်စလုံး အရမ်းပင်ပန်းပြီး စိတ်အနှောင့်အယှက်ဖြစ်နေပေမဲ့လည်း အေးအေးဆေးဆေး ထိုင်စကားပြောဖို့၊ အတူတူဆုတောင်းဖို့ အချိန်ယူပါတယ်။ မနက်တိုင်း ကလေးတွေ အိပ်ရာက မနိုးခင် ကျမ်းချက်တစ်ချက် အတူတူ ဆွေးနွေးကြတယ်။” ဇနီးမောင်နှံတချို့ဆိုရင် အိပ်ရာမဝင်ခင် စကားပြောဆိုကြတယ်။ ရင်းရင်းနှီးနှီး စကားလက်ဆုံပြောဆိုတာ၊ စိတ်ရင်းမှန်နဲ့ ဆုတောင်းတာတွေက ဖိစီးမှုများတဲ့အချိန်ကာလမှာ သင်တို့ရဲ့အိမ်ထောင်ရေးကို ခိုင်မြဲစေပါလိမ့်မယ်။ (သုတ္တံ ၁၅:၂၂) ဒါနဲ့ပတ်သက်ပြီး မောင်နှံတစ်စုံက ဒီလိုပြောပြတယ်– “အခက်ခဲဆုံးကာလအတွင်းမှာ ဘဝကို အတူတူ ဖြတ်သန်းလာခဲ့တာက ကျွန်တော်တို့အတွက် အမှတ်တရအဖြစ်ဆုံး အချိန်အခါတချို့ပါပဲ။”

ဒီနည်းကို စမ်းကြည့်ပါ– မကျန်းမာတဲ့ ကလေးကို ဝိုင်းဝန်းကူညီပေးနေကြတဲ့ တခြားသားသမီးတွေကို ချီးမွမ်းစကားဆိုပါ။ သူတို့လေးတွေကိုရော သင့်အိမ်ထောင်ဖက်ကိုပါ သင် ချစ်မြတ်နိုးတယ်၊ တန်ဖိုးထားတယ်ဆိုတာတွေကို ဖွင့်ဟပြောဆိုပါ။

အကောင်းမြင်တဲ့စိတ် ဆက်ထားပါ

မကြာခင် ရောဂါမှန်သမျှကို ယေဟောဝါဘုရားသခင် ဖယ်ရှားပေးတော့မယ်လို့ ကျမ်းစာမှာ ကတိပြုထားပါတယ်။ (ဗျာဒိတ် ၂၁:၃၊ ၄) အဲဒီအချိန်ရောက်ရင် ဘယ်သူကမှ နေမကောင်းဘူးလို့ မဆိုရတော့ပါဘူး။ *ဟေရှာယ ၃၃:၂၄

ဒီအတောအတွင်းမှာ သင့်ကလေးက မသန်စွမ်းပေမဲ့လည်း အကျိုးရလဒ်ကောင်းတွေ ရရှိနိုင်ပါတယ်။ စောစောက ဖော်ပြခဲ့တဲ့ ကာလိုနဲ့ မီရာတို့က ဒီလိုပြောပြတယ်– “အခြေအနေတွေ မဟန်တဲ့ပုံပေါက်ရင်လည်း စိတ်ဓာတ်မကျလိုက်ပါနဲ့။ ကလေးမှာရှိတဲ့ အရည်အသွေးကောင်းတွေကိုပဲ အာရုံစိုက်ပါ။”

^ စာပိုဒ်၊ 3 ဒီဆောင်းပါးမှာ နာမည်တွေကို ပြောင်းထားပါတယ်။

^ စာပိုဒ်၊ 29 စုံလင်တဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ကျမ်းစာကတိတွေကို ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်းစာအုပ်ရဲ့ အခန်း ၃ မှာ ဖတ်ကြည့်နိုင်ပါတယ်။

သင့်ကိုယ်သင် ဒီလိုမေးပါ

  • စိတ်ရောကိုယ်ပါ ကျန်းမာနေအောင်၊ ဘုရားသခင်နဲ့ ဆက်ဆံရေး ခိုင်မြဲနေအောင် အတတ်နိုင်ဆုံး ငါ ဘယ်လို လုပ်ဆောင်ရမလဲ။

  • ငါ့ရဲ့ကလေးတွေ ပေးလာတဲ့ အကူအညီအတွက် ကျေးဇူးတင်ကြောင်း သူတို့ကို နောက်ဆုံး ပြောခဲ့တဲ့ အချိန်က ဘယ်အချိန်လဲ။