မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဖိလစ်ပိုင်နိုင်ငံမှာ မိမိတို့ကိုယ်ကို တလိုတလားပေးဆက်ကြသူများ

ဖိလစ်ပိုင်နိုင်ငံမှာ မိမိတို့ကိုယ်ကို တလိုတလားပေးဆက်ကြသူများ

လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က အသက် ၃၀ ကျော်ဖြစ်တဲ့ ဂရေဂိုရီယိုနဲ့ မာရီလူးတို့ ဇနီးမောင်နှံဟာ မနီလာမြို့မှာ ရှေ့ဆောင်လုပ်ရင်း လောကအလုပ်ကိုလည်း အချိန်ပြည့်လုပ်ခဲ့ကြတယ်။ အဲဒီလိုလုပ်တာက အခက်အခဲတော့ရှိပေမဲ့ သူတို့လုပ်နိုင်ခဲ့တယ်။ နောက်တော့ မာရီလူးဟာ သူအလုပ်လုပ်နေတဲ့ဘဏ်မှာ မန်နေဂျာအဖြစ် ရာထူးတိုးခဲ့တယ်။ “ကျွန်မတို့ရဲ့အလုပ်ကြောင့် ကျွန်မတို့ အထက်တန်းကျကျ နေနိုင်ခဲ့တယ်” လို့ သူကပြောပြတယ်။ ဒီဇနီးမောင်နှံဟာ ဝင်ငွေအရမ်းကောင်းလာတဲ့အတွက်ကြောင့် မနီလာမြို့ရဲ့ အရှေ့ဘက် ၁၂ မိုင်အကွာလောက်မှာရှိတဲ့ နေရာကောင်းတစ်ခုမှာ သူတို့ စိတ်ကူးထားတဲ့အိမ်တစ်လုံးဆောက်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အိမ်ဆောက်ဖို့ ကုမ္ပဏီတစ်ခုနဲ့ စာချုပ်ချုပ်လိုက်ပြီး အိမ်ရဲ့တန်ဖိုးကို ဆယ်နှစ်အတွင်း လစဉ်ဆပ်သွားဖို့ စီစဉ်လိုက်တယ်။

“ယေဟောဝါဆီကနေ ကျွန်မလုယူလိုက်သလို ခံစားရတယ်”

“ကျွန်မရဲ့အလုပ်သစ်မှာ ကျွန်မရဲ့အချိန်နဲ့ခွန်အား အများကြီးပေးရတယ်၊ ဒါနဲ့ အမှုဆောင်လုပ်ငန်းမှာ ကျွန်မရဲ့ထက်သန်မှု တဖြည်းဖြည်း လျော့နည်းလာတယ်။ ယေဟောဝါဆီကနေ ကျွန်မလုယူလိုက်သလို ခံစားရတယ်။ ယေဟောဝါရဲ့အမှုတော်အတွက် ပေးထားတဲ့အချိန်တွေကို ကျွန်မ မပေးနိုင်တော့ဘူး” လို့ သူကပြောပြတယ်။ ဂရေဂိုရီယိုနဲ့ မာရီလူးတို့ ဇနီးမောင်နှံဟာ အဲဒီလိုအခြေအနေမှာ မပျော်ပိုက်တော့လို့ တစ်နေ့မှာ အတူထိုင်ပြီး သူတို့ရဲ့ဘဝပုံစံအကြောင်း ဆွေးနွေးခဲ့ကြတယ်။ ဂရေဂိုရီယို ဒီလိုပြောတယ်– “ကျွန်တော်တို့ ပြောင်းလဲချင်တယ်၊ ဒါပေမဲ့ ဘယ်လိုပြောင်းလဲရမယ်ဆိုတာ မသိဘူး။ အထူးသဖြင့် ကျွန်တော်တို့မှာ သားသမီးမရှိတဲ့အတွက်ကြောင့် ယေဟောဝါရဲ့အမှုတော်မှာ ကျွန်တော်တို့ရဲ့အသက်တာကို ဘယ်လို ပိုပြီး ပြည့်ပြည့်ဝဝ အသုံးပြုနိုင်တယ်ဆိုတာ ဆွေးနွေးခဲ့ကြတယ်။ လမ်းညွှန်မှုအတွက် ယေဟောဝါဆီ ဆုတောင်းခဲ့ကြတယ်။”

အဲဒီအချိန်မှာ ကြေညာသူတွေ ပိုလိုအပ်တဲ့ဒေသမှာ အမှုဆောင်တဲ့အကြောင်း ဟောပြောချက်တွေကို သူတို့ အများကြီးကြားခဲ့ရတယ်။ “အဲဒီဟောပြောချက်တွေက ကျွန်တော်တို့ရဲ့ဆုတောင်းချက်အတွက် ယေဟောဝါ အဖြေပေးတာပဲလို့ ခံစားခဲ့ရတယ်” ဆိုပြီး ဂရေဂိုရီယို ပြောပြတယ်။ ဒီမောင်နှံဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချနိုင်အောင် လိုအပ်တဲ့ ရဲစွမ်းသတ္တိ​နဲ့ ယုံကြည်ခြင်းရှိဖို့ ဆုတောင်းခဲ့ကြတယ်။ ပြဿနာတစ်ခုက သူတို့ရဲ့ဆောက်လက်စအိမ်ပဲ။ သူတို့က သုံးနှစ်စာငွေ ပေးပြီးနေပြီ။ သူတို့ ဘာလုပ်ကြမလဲ။ “ကျွန်မတို့ဘက်က စာချုပ်အတိုင်း ဆက်မလုပ်တော့ဘူးဆိုရင် ကျွန်မတို့ ပေးထားတဲ့ငွေတွေကို အၡုံးခံရမယ်၊ အဲဒီငွေပမာဏက တော်တော်များတယ်။ ဒါပေမဲ့ ယေဟောဝါရဲ့အလိုတော်ကို ပထမနေရာ ထားမလား၊ ကိုယ့်ဆန္ဒကို ဦးစားပေးမလားဆိုတာ ဆုံးဖြတ်ရမယ့်အရာအဖြစ် ကျွန်မတို့ သဘောထားလိုက်တယ်” လို့ မာရီလူးက ပြောတယ်။ သူတို့ဟာ “အၡုံးခံ” ဆိုတဲ့ ပေါလုရဲ့စကားကို စိတ်ထဲထားပြီး အိမ်ကို ဆက်မဆောက်တော့ဘူး၊ အလုပ်လည်း ထွက်လိုက်တယ်။ သူတို့ရဲ့ပစ္စည်းအတော်များများကို ရောင်းထုတ်လိုက်ပြီး မိုင် ၃၀၀ လောက်ဝေးတဲ့ မနီလာတောင်ပိုင်း၊ ပါလာဝမ်ကျွန်းမှာရှိတဲ့ ဝေးခေါင်တဲ့ရွာတစ်ရွာကို ပြောင်းရွှေ့ခဲ့တယ်။—ဖိ. ၃:၈

သူတို့ သင်ယူခဲ့ရ

အဲဒီကိုမပြောင်းရွှေ့ခင်မှာ ဂရေဂိုရီယိုနဲ့ မာရီလူးဟာ ရိုးရှင်းတဲ့အသက်တာနဲ့ နေထိုင်ဖို့ သူတို့ကို သူတို့ ပြင်ဆင်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့သွားမယ့်နေရာကို ရောက်ရင် ဘယ်လို နေထိုင်ရမယ်ဆိုတာ သူတို့ မသိခဲ့ကြဘူး။ မာရီလူး ဒီလိုပြောပြတယ်– “ကျွန်မ အရမ်းလန့်သွားတယ်။ လျှပ်စစ်မီးမရှိဘူး၊ အဆင်ပြေတာဆိုလို့ ဘာတစ်ခုမှမရှိဘူး။ ထမင်းချက်ဖို့ လျှပ်စစ်ပေါင်းအိုးကို ခလုတ်တစ်ချက်နှိပ်လိုက်ရုံနဲ့ မရတော့ဘူး၊ မီးမွှေးပြီး ထမင်းအိုးတည်ဖို့ ထင်းခွဲရတယ်။ စတိုးဆိုင်ကြီးတွေသွား၊ အပြင်မှာထွက်စားတဲ့ မြို့ပြမှာနေရတဲ့ဘဝကို ကျွန်မ အရမ်းသတိရတယ်။” ဒါပေမဲ့ ဒီမောင်နှံဟာ သူတို့ ပြောင်းရွှေ့ရတဲ့အကြောင်းကို မမေ့ခဲ့ဘူး၊ သိပ်မကြာခင်မှာ သူတို့ နေသားကျသွားတယ်။ မာရီလူး ဒီလိုပြောပြတယ်– “အခု ကျွန်မဟာ ညကောင်းကင်ယံမှာ တလက်လက်တောက်ပနေတဲ့ ကြယ်တွေအပါအဝင် သဘာဝရဲ့အလှတရားကို ခံစားတတ်လာပြီ။ အဲဒါတွေထက် ကျွန်မတို့ဟောပြောတာကို နားထောင်နေတဲ့လူတွေရဲ့ အပြုံးမျက်နှာကို မြင်တွေ့ရတာဟာ ပျော်စရာပါပဲ။ ဒီမှာအမှုဆောင်ခြင်းအားဖြင့် ဘယ်လိုရောင့်ရဲရမလဲဆိုတာ ကျွန်မတို့ ‘သင်ယူခဲ့’ ရတယ်။”—ဖိ. ၄:၁၂

“အသင်းတော်မှာ လူသစ်တွေအများကြီး ရှိလာတာကို မြင်တွေ့ရတဲ့ပျော်ရွှင်မှုက ဘယ်ပျော်ရွှင်မှုနဲ့မှ နှိုင်းယှဉ်လို့မရဘူး။ ကျွန်တော်တို့ရဲ့ဘဝက အရင်ကထက်ပိုပြီး အဓိပ္ပာယ်ပြည့်ဝလာတယ်လို့ ခံစားရတယ်။”—ဂရေဂိုရီယိုနဲ့ မာရီလူး

ဂရေဂိုရီယို ဒီလိုပြောပြတယ်– “ကျွန်တော်တို့ ဒီကိုရောက်စက သက်သေခံ လေးယောက်ပဲရှိတယ်။ ကျွန်တော် အပတ်တိုင်း လူထုဟောပြောချက်ပေးတဲ့အခါ၊ နိုင်ငံတော်သီချင်းတွေဆိုဖို့ ဂီတာတီးပေးတဲ့အခါ သူတို့ အရမ်းပျော်ကြတယ်။” တစ်နှစ်အတွင်းမှာ အဲဒီအုပ်စုလေးဟာ ကြေညာသူ ၂၄ ယောက်ဖြစ်လာတာကို ဒီမောင်နှံမြင်တွေ့ခဲ့ရတယ်။ “ဒီအသင်းတော်ကပြတဲ့ မေတ္တာက ကျွန်တော်တို့ကို တကယ်ထိမိတယ်” လို့ ဂရေဂိုရီယိုက ပြောတယ်။ အဲဒီ ဝေးလံခေါင်းပါးတဲ့ဒေသမှာ အမှုဆောင်ခဲ့တာ ခြောက်နှစ်ကြာနေပြီဖြစ်တဲ့ အခုချိန်မှာတော့ “အသင်းတော်မှာ လူသစ်တွေအများကြီးရှိလာတာကို မြင်တွေ့ရတဲ့ပျော်ရွှင်မှုက ဘယ်ပျော်ရွှင်မှုနဲ့မှ နှိုင်းယှဉ်လို့မရဘူး။ ကျွန်တော်တို့ရဲ့ဘဝက အရင်ကထက်ပိုပြီး အဓိပ္ပာယ်ပြည့်ဝလာတယ်လို့ ခံစားရတယ်” ဆိုပြီး သူတို့နှစ်ယောက်က ပြောတယ်။

“ကျွန်မ ‘ယေဟောဝါရဲ့ကောင်းမြတ်မှုကို မြည်းစမ်းပြီး သိမှတ်’ ခဲ့ရတယ်”

ဖိလစ်ပိုင်က ညီအစ်ကိုညီအစ်မ ၃,၀၀၀ နီးပါးဟာ ကြေညာသူတွေ ပိုလိုအပ်တဲ့ဒေသတွေကို ပြောင်းရွှေ့ခဲ့ကြတယ်။ အဲဒီထဲက ၅၀၀ လောက်က တစ်ကိုယ်ရေညီအစ်မတွေဖြစ်တယ်။ နမူနာအဖြစ် ကာရင်ကိုကြည့်ပါ။

ကာရင်

ကာရင်ဟာ အခု အသက် ၂၅ နှစ်ရှိပြီး ကာဂယန်းပြည်နယ်၊ ဘာဂါအူမြို့မှာ ကြီးပြင်းခဲ့တယ်။ သူ ဆယ်ကျော်သက်အရွယ်ကတည်းက သူ့ရဲ့အမှုဆောင်လုပ်ငန်းကို တိုးချဲ့ဖို့ မကြာခဏ စဉ်းစားခဲ့တယ်။ “အချိန် သိပ်မကျန်တော့ဘူး၊ လူမျိုးအပေါင်း နိုင်ငံတော်သတင်းကြားရဖို့ လိုတယ်ဆိုတာကို သိလို့ ဟောပြောသူတွေ ပိုလိုအပ်တဲ့ဒေသတွေမှာ ကျွန်မအမှုဆောင်ချင်ခဲ့တယ်” လို့ သူကပြောပြတယ်။ ဟောပြောဖို့ ဝေးလံခေါင်းပါးတဲ့ဒေသတွေကို သွားမယ့်အစား အဆင့်မြင့်ပညာရေး ဆည်းပူးဖို့ မိသားစုဝင်တချို့က သူ့ကို တိုက်တွန်းကြတယ်။ ဒါပေမဲ့ ကာရင်ဟာ လမ်းညွှန်မှုရဖို့ ယေဟောဝါဆီ ဆုတောင်းခဲ့တယ်။ ဝေးလံခေါင်းပါးတဲ့ဒေသမှာ အမှုဆောင်တဲ့သူတွေနဲ့လည်း စကားပြောကြည့်တယ်။ အသက် ၁၈ နှစ်ရောက်တဲ့အခါ သူနေထိုင်တဲ့မြို့နဲ့ မိုင် ၄၀ (၆၄ ကီလိုမီတာ) လောက်ဝေးတဲ့ ဝေးလံခေါင်းပါးတဲ့ဒေသကို ပြောင်းရွှေ့ခဲ့တယ်။

ကာရင် သွားပြီးအမှုဆောင်တဲ့ အသင်းတော်ငယ်လေးက ဖိလစ်ပိုင်ပင်လယ်ကမ်းခြေမှာရှိတဲ့ တောင်ထူထပ်တဲ့ဒေသကို တာဝန်ယူရတဲ့ အသင်းတော်ဖြစ်တယ်။ ကာရင် ဒီလိုပြောပြတယ်– “ဘာဂါအူကနေ အသင်းတော်သစ်ကိုရောက်ဖို့ဆိုရင် သုံးရက်လမ်းလျှောက်ရတယ်။ တောင်တက်တောင်ဆင်းတွေရှိတယ်၊ မြစ်တွေကို အခါ၃၀ ကျော်ဖြတ်ရတယ်။ ကျမ်းစာသင်အံမှုတချို့အိမ်ကို ရောက်ဖို့ဆိုရင် ခြောက်နာရီ လမ်းလျှောက်ရတယ်။ ကျမ်းစာသင်အံမှုအိမ်မှာ ညအိပ်ပြီး နောက်တစ်နေ့မှာ အိမ်ပြန်ဖို့ ခြောက်နာရီကြာ လမ်းလျှောက်ရတယ်။” အဲဒီလို အပင်ပန်းခံတာ အကျိုးရှိပါသလား။ “တစ်ခါတလေ ကျွန်မရဲ့ခြေထောက်တွေ အရမ်းကိုက်တယ်။ ဒါပေမဲ့ ကျွန်မမှာ ကျမ်းစာသင်အံမှု ၁၈ ခုရှိတယ်။ ကျွန်မ ‘ယေဟောဝါရဲ့ကောင်းမြတ်မှုကို မြည်းစမ်းပြီး သိမှတ်’ ခဲ့ရတယ်” လို့ ကာရင်က ပြုံးပြုံးလေးနဲ့ ပြောပြတယ်။—ဆာ. ၃၄:၈

“ယေဟောဝါကို အားကိုးဖို့ သင်ယူခဲ့ရတယ်”

ဆူကီ

အမေရိကန်ကနေ ဖိလစ်ပိုင်ကို ပြောင်းလာဖို့ အသက် ၄၀ ကျော်စ တစ်ကိုယ်ရေညီအစ်မ ဆူကီ,ကို ဘာက လှုံ့ဆော်ပေးခဲ့တာလဲ။ စုံတွဲတစ်တွဲကို လူတွေ့မေးမြန်းတဲ့ ၂၀၁၁ ခုနှစ်၊ တိုက်နယ်စည်းဝေးပွဲကို သူတက်ခဲ့တယ်။ အဲဒီမောင်နှံဟာ သူတို့ရဲ့ပစ္စည်းအများစုကို ရောင်းပြီး မက္ကဆီနိုင်ငံရဲ့ ဟောပြောခြင်းလုပ်ငန်းမှာ ကူညီဖို့ အဲဒီကိုပြောင်းရွှေ့ခဲ့တဲ့အကြောင်း ပြောပြတယ်။ “အဲဒီ လူတွေ့မေးမြန်းခန်းက အရင်က ကျွန်မမစဉ်းစားဖူးတဲ့ ပန်းတိုင်အကြောင်း စဉ်းစားစေတယ်” လို့ ဆူကီပြောပြတယ်။ အိန္ဒိယနောက်ခံရှိတဲ့ ဆူကီဟာ ဖိလစ်ပိုင်မှာရှိတဲ့ ပန်ချာပီလူမျိုးတွေကို အများကြီးကူညီပေးဖို့ လိုနေတယ်ဆိုတာသိတယ်။ ဒါကြောင့် အဲဒီကိုပြောင်းရွှေ့ပြီး ကူညီပေးဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့မှာ အခက်အခဲတွေ ရှိခဲ့သလား။

“ဘယ်ပစ္စည်းတွေကို ရောင်းမယ်၊ ဘယ်ပစ္စည်းကိုတော့ ချန်ထားမယ်ဆိုတာကို ဆုံးဖြတ်ရတာက ကျွန်မထင်ထားတာထက် ပိုခက်တယ်။ ဒါ့အပြင် ၁၃ နှစ်လုံးလုံး ကိုယ်ပိုင်တိုက်ခန်းမှာ သက်သောင့်သက်သာ နေခဲ့ပြီး အခု မိသားစုနဲ့ ခဏလောက် အတူနေဖို့ ပြောင်းရွှေ့ခဲ့တယ်။ အဲဒီလိုလုပ်ရတာ မလွယ်ဘူး၊ ဒါပေမဲ့ အဲဒါက ရိုးရှင်းတဲ့အသက်တာနဲ့ နေထိုင်ဖို့ ကိုယ့်ကိုယ်ကိုလေ့ကျင့်တဲ့ နည်းလမ်းကောင်းပဲ” လို့ သူပြောပြတယ်။ ဖိလစ်ပိုင်ရောက်တဲ့အခါ သူ ဘာအခက်အခဲတွေ ကြုံတွေ့ခဲ့ရသလဲ။ “ပိုးကောင်တွေကိုကြောက်တာ၊ အိမ်ကိုလွမ်းတာတွေက ကျွန်မအတွက် အကြီးမားဆုံး အခက်အခဲပဲ။ ကျွန်မ အရင်ကထက်ပိုပြီး ယေဟောဝါကို မှီခိုအားကိုးဖို့ သင်ယူခဲ့ရတယ်” လို့သူက ပြောပြတယ်။ အဲဒီလိုလုပ်ခဲ့တာ အကျိုးရှိသလား။ ဆူကီက အပြုံးလေးနဲ့ ဒီလိုပြောပြတယ်– “ကျွန်မတို့ကို ‘ကောင်းချီးတွေ သွန်းလောင်းမယ်၊ မသွန်းလောင်းဘူးဆိုတာသိနိုင်ဖို့ ငါ့ကိုစမ်းသပ်ကြည့်ကြပါ’ လို့ ယေဟောဝါ ပြောတယ်။ အိမ်ရှင်က ကျွန်မကို ‘ရှင် ဘယ်အချိန် ပြန်လာမလဲ။ ကျွန်မမှာ မေးစရာတွေ အများကြီးရှိတယ်’ လို့ပြောတဲ့အခါ ယေဟောဝါရဲ့စကားတွေ တကယ်မှန်တယ်ဆိုတာ ကျွန်မကိုယ်တွေ့ပဲ။ အမှန်တရားအကြောင်း သိချင်တဲ့သူတွေကို ကူညီပေးရတာက ကျွန်မကို ပျော်ရွှင်ကျေနပ်မှု ခံစားရစေတယ်။ ပြောင်းရွှေ့ဖို့ဆုံးဖြတ်တာက အခက်ခဲဆုံးဆိုတာ မှန်ပါတယ်။ ကျွန်မပြောင်းရွှေ့ပြီးတဲ့အခါမှာတော့ ယေဟောဝါ ကျွန်မကို ဘယ်လိုဂရုစိုက်စောင့်ရှောက်တယ်ဆိုတာ အံ့ဩစရာကောင်းလောက်အောင် မြင်တွေ့ခဲ့ရတယ်။”—မာလ. ၃:၁၀ကဘ။

“ကြောက်စိတ်ကို အောင်မြင်ကျော်လွှားခဲ့”

အသက် ၄၀ ပြည့်တော့မယ့် အိမ်ထောင်သည်ညီအစ်ကို စီမေဟာ ဝင်ငွေကောင်းတဲ့အလုပ်လုပ်ဖို့အတွက် ဖိလစ်ပိုင်ကနေ အရှေ့အလယ်ပိုင်းနိုင်ငံတစ်ခုကို သွားခဲ့တယ်။ အဲဒီမှာရှိနေတုန်း စီမေဟာ တိုက်နယ်ကြီးကြပ်မှူးရဲ့ အားပေးမှုရရှိတဲ့အပြင် အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးရဲ့ ဟောပြောချက်ကိုလည်း ကြားခဲ့ရတယ်၊ အဲဒါတွေက သူ့ဘဝမှာ ယေဟောဝါကို ပထမနေရာမှာထားဖို့ လှုံ့ဆော်မှုဖြစ်စေခဲ့တယ်။ “ဒါပေမဲ့ အလုပ်ထွက်ဖို့စဉ်းစားတာက ကျွန်တော့်အတွက် တုန်လှုပ်စရာပဲ” လို့ သူပြောပြတယ်။ အဲဒီလိုဖြစ်ပေမဲ့ သူအလုပ်ထွက်ပြီး ဖိလစ်ပိုင်ကို ပြန်လာခဲ့တယ်။ အခုအချိန်မှာ စီမေဟာ သူ့ဇနီး ဟိုင်ဒီနဲ့အတူ နိုင်ငံရဲ့တောင်ပိုင်း၊ ဒါဗောင် ဒဲလ် ဆူးလ်မှာ အမှုဆောင်နေတယ်၊ အဲဒီနေရာက အရမ်းကျယ်ပြီး နိုင်ငံတော်သတင်းကြေညာသူ ပိုလိုအပ်နေတဲ့နေရာဖြစ်တယ်။ “နောက်ကြောင်းကိုပြန်ကြည့်လိုက်တဲ့အခါ အလုပ်ထွက်ရမှာကြောက်တဲ့စိတ်ကို အောင်မြင်ကျော်လွှားခဲ့ပြီး ယေဟောဝါကို ပထမနေရာမှာထားခဲ့လို့ ကျွန်တော်အရမ်းပျော်တယ်။ ကိုယ့်ဘဝရဲ့အကောင်းဆုံးအရာတွေကို ယေဟောဝါကို ပေးဆက်ခွင့်ရတာထက် ပျော်ရွှင်ကျေနပ်စရာကောင်းတာ ဘာမှမရှိဘူး” လို့ စီမေပြောတယ်။

စီမေနဲ့ ဟိုင်ဒီ

အဲဒီကနေ တကယ့်ကျေနပ်ပျော်ရွှင်မှု ခံစားရတယ်

အသက် ၃၀ ကျော်စ ရှေ့ဆောင်မောင်နှံ ရာမီလိုနဲ့ ဂျူးလိယက်ဟာ သူတို့အိမ်နဲ့ မိုင် ၂၀ အကွာလောက်မှာရှိတဲ့ အသင်းတော်မှာ အကူအညီလိုအပ်နေတယ်ဆိုတာ သိရလို့ အဲဒီမှာ သွားကူညီပေးခဲ့တယ်။ သူတို့နှစ်ယောက်ဟာ မိုးရွာရွာ၊ နေပူပူ အပတ်တိုင်း မော်တော်ဆိုင်ကယ်နဲ့ အဲဒီကိုသွားပြီး စည်းဝေးတွေတက်တယ်၊ အမှုဆောင်ထွက်တယ်။ ချိုင့်ခွက်လမ်းတွေ၊ ကြိုးတံတားတွေကြောင့် သွားလာရခက်ပေမဲ့ သူတို့ရဲ့အမှုဆောင်လုပ်ငန်းကို တိုးချဲ့ခဲ့ရလို့ သူတို့ပျော်ရွှင်ကြတယ်။ “ကျွန်တော်နဲ့ ကျွန်တော့်ဇနီး နှစ်ယောက်ပေါင်း သင်အံမှု ၁၁ ခုရှိတယ်။ ပိုလိုအပ်တဲ့ဒေသမှာ အမှုဆောင်ဖို့အတွက် ကိုယ်ကျိုးစွန့်ရပေမဲ့ အဲဒီကနေ တကယ့်ကျေနပ်ပျော်ရွှင်မှု ခံစားရတယ်” လို့ ရာမီလိုကပြောတယ်။—၁ ကော. ၁၅:၅၈

ဂျူးလိယက်နဲ့ ရာမီလို

သင့်နိုင်ငံမှာ ဒါမှမဟုတ် တခြားနိုင်ငံမှာ နိုင်ငံတော်ကြေညာသူတွေ ပိုလိုအပ်တဲ့နေရာမှာ အမှုဆောင်တဲ့အကြောင်း သင်ပိုသိချင်ပါသလား။ သိချင်တယ်ဆိုရင် သင့်တိုက်နယ်ကြီးကြပ်မှူးနဲ့ စကားပြောကြည့်ပါ၊ ဩဂုတ် ၂၀၁၁ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှာပါတဲ့ “သင် ‘မက်ဆီဒိုးနီးယားပြည်သို့ ကူးလာ’ နိုင်မလား” ဆိုတဲ့ ဆောင်းပါးကိုကြည့်ပါ။