မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခန္ဓာကျန်းမာရေး

ခန္ဓာကျန်းမာရေး

ကျမ်းစာဟာ ဆေးပညာ​စာအုပ် မဟုတ်ပေမဲ့ ကျန်းမာရေး ကောင်းမွန်စေတဲ့ လမ်းညွှန်ချက်တွေ ပါတယ်။ ကိုယ်ခန္ဓာ ကျန်းမာ​စေနိုင်တဲ့ ကျမ်းစာ​အခြေခံ​မူ​တချို့ကို သုံးသပ်​ကြည့်ပါ။

သင့်ကိုယ်​ခန္ဓာ​ကို ဂရုစိုက်ပါ

ကျမ်းစာ အခြေခံ​မူ။ “ကိုယ့်​ခန္ဓာကိုယ်ကို မုန်းတဲ့​သူ တစ်ယောက်မှ မရှိဘူး။ လူတိုင်း ကိုယ့်​ခန္ဓာကိုယ်ကို ကျွေးမွေး​ပြီး မြတ်နိုး​တတ်တယ်။”—ဧဖက် ၅:၂၉

အဓိပ္ပာယ်။ ဒီ​ကျမ်းစာ​အခြေခံ​မူ​က ကိုယ်ခန္ဓာ ကျန်းမာရေးကို ဂရုစိုက်​ဖို့ အားပေးတယ်။ ကျန်းမာရေး​ပြဿနာ​များစွာဟာ လူနေမှု​ဘဝပုံစံ​တွေ​ကြောင့် ဖြစ်ကြောင်း လေ့လာမှု​တစ်ခုက ဖော်ပြတယ်။ ဒါကြောင့် မှန်ကန်တဲ့​ဘဝပုံစံ​က ကျန်းမာရေး ပို​ကောင်း​စေနိုင်တယ်။

လုပ်ဆောင်​နိုင်ရာ–

  • အာဟာရ​ရှိ​ရှိ စားပါ။ ကျန်းမာရေး​နဲ့​ညီ​တဲ့ အစားအသောက်​တွေ စားသောက်ပါ။

  • ကိုယ်လက်​လှုပ်ရှားပါ။ ဘယ်​အရွယ်​ပဲ​ဖြစ်ဖြစ်၊ မသန်စွမ်းသူ၊ နာတာရှည်​ရောဂါ​ရှိသူ ဖြစ်​နေရင်တောင်​မှ ကိုယ်လက်​လှုပ်ရှားခြင်း​က ကျန်းမာရေး တိုးတက်​ကောင်းမွန်စေ​နိုင်တယ်။ ချစ်ခင်​ရသူတွေ၊ ဆရာဝန်တွေ​က လေ့ကျင့်ခန်း​လုပ်ဖို့ ကူညီ​ပေးနိုင်​ပေမဲ့ ကိုယ်တိုင် လုပ်ဆောင်​မှ အကျိုး​ခံစား​ရမယ်။

  • အိပ်ရေးဝဝ အိပ်​ပါ။ အိပ်ရေးပျက်​ဖန်​များ​ရင် ရောဂါဆိုးတွေ ရလာ​နိုင်တယ်။ လူအများစု​ရဲ့ နေထိုင်ပုံ​က အိပ်ရေးမဝ ဖြစ်စေတယ်။ ဒါပေမဲ့ အိပ်ရေးဝဝ အိပ်မယ်​ဆိုရင် ပို​ကျန်းမာ​လာမယ်။

အကျင့်ဆိုးတွေကို ရှောင်ပါ

ကျမ်းစာ အခြေခံ​မူ။ “ကိုယ်​စိတ်​နှစ်ပါး​ကို ညစ်ညူး​စေတဲ့​အရာ ရှိသမျှနဲ့ ကင်းစင်​နေကြစို့။”—၂ ကောရိန္သု ၇:၁

အဓိပ္ပာယ်။ ရောဂါ​ဖြစ်စေ​ရုံ​မ​က အသက်​အန္တရာယ် ဖြစ်စေတဲ့ ဆေး​ရွက်​ကြီး​ထုတ်ကုန်​တွေကို ရှောင်ခြင်း​အားဖြင့် ကျန်းမာရေး ပိုကောင်း​စေနိုင်တယ်။

လုပ်ဆောင်​နိုင်ရာ။ ဆေးလိပ် ဖြတ်​မယ့်​နေ့ကို သတ်မှတ်ပြီး ပြက္ခဒိန်​မှာ မှတ်ထားပါ။ အဲဒီ​နေ့ မတိုင်ခင် စီးကရက်၊ ဆေးလိပ်ပြာခွက်၊ မီးခြစ်၊ အဲဒီ​အကျင့်ဆိုး​နဲ့ ဆက်စပ်​ပစ္စည်းတွေကို လွှင့်ပစ်​ပါ။ ဆေးလိပ်​သောက်​သူတွေ​ရှိတဲ့ နေရာတွေကို ရှောင်ပါ။ ကိုယ့်​ဆုံးဖြတ်ချက်ကို အားပေးမယ့် မိတ်ဆွေတွေကို ပြောပြ​ထားပါ။

တခြား ကျမ်းစာ အခြေခံ​မူများ

သင့်​ဒေသက ယေဟောဝါ​သက်သေ​တစ်ယောက်နဲ့ ဆက်သွယ်​ပြီး ကျမ်းစာ​တစ်အုပ် ရယူ​နိုင်ပါတယ်။

ဘေးကင်း​အောင် လုပ်ဆောင်ပါ။

“အိမ်သစ်​ဆောက်​တဲ့အခါ အိမ်မိုး​ပတ်လည်မှာ အကာအရံ လုပ်ထား​ရမယ်။ အိမ်မိုးပေါ်​ကနေ တစ်ယောက်ယောက် ပြုတ်ကျ​လို့ အိမ်သားတွေ​အပေါ် အပြစ်​သင့်​တာ​မျိုး မဖြစ်စေဖို့​ပဲ။”—တရားဟောရာ ၂၂:၈

ဒေါသကို ချုပ်ထိန်းပါ။

“လွယ်လွယ်နဲ့ ဒေါသ​မ​ထွက်​တဲ့​သူဟာ ပိုင်းခြား​သိမြင်နိုင်စွမ်း ကြီးမားတဲ့​သူပဲ။ စိတ်မရှည်တဲ့​သူကတော့ မိုက်မဲမှု​ကို ဖော်ပြ​တတ်တယ်။”—ပညာအလိမ္မာ ၁၄:၂၉

စားကြူး​ခြင်း​ကို ရှောင်ပါ။

“ငမ်းငမ်းတက် စား​သူတွေထဲမှာ မင်း မပါ​စေ​နဲ့။”—ပညာအလိမ္မာ ၂၃:၂၀