မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာကို ဘယ်သူ ရေးခဲ့တယ်ဆိုတာ သိနိုင်သလား

သမ္မာကျမ်းစာကို ဘယ်သူ ရေးခဲ့တယ်ဆိုတာ သိနိုင်သလား

သမ္မာကျမ်းစာဖြေဆိုရာ

 လူများစွာက သမ္မာကျမ်းစာကို ဘယ်သူ ရေးသလဲဆိုတာ သေချာ မသိနိုင်ဘူးလို့ ပြောကြတယ်။ ဒါပေမဲ့ သမ္မာကျမ်းစာထဲမှာ ကျမ်းရေးသူနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ဖော်ပြထားလေ့ရှိတယ်။ သမ္မာကျမ်းစာရဲ့ တချို့အပိုင်းတွေမှာ “နေဟမိစကားဟူမူကား၊” “ဟေရှာယသည် . . . ဗျာဒိတ်တော်ကို ခံရသည်မှာ၊” “ယောလသို့ ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပါဌ်တော်ဟူမူကား” စတဲ့ စကားစုတွေနဲ့ အစပြုထားတယ်။—နေဟမိ ၁:၁၊ ဟေရှာယ ၁:၁၊ ယောလ ၁:၁

 ကျမ်းရေးသူ အများစုက စစ်မှန်တဲ့ ဘုရားသခင် ယေဟောဝါရဲ့ နာမကို အမှီပြုပြီး ရေးတယ်၊ ကိုယ်တော့်လမ်းညွှန်မှုအတိုင်း ရေးတယ်ဆိုတာကို ဝန်ခံကြတယ်။ ဟေဗြဲကျမ်းစာစောင်တွေကို ရေးတဲ့ ပရောဖက်တွေက “ထာဝရဘုရား မိန့်တော်မူသည်ကား” ဆိုတဲ့ စကားကို အကြိမ် ၃၀၀ ကျော် သုံးထားတယ်။ (အာမုတ် ၁:၃၊ မိက္ခာ ၂:၃၊ နာဟုံ ၁:၁၂) တချို့ကျမ်းရေးသူတွေက ဘုရားသခင့် သတင်းစကားကို ကောင်းကင်တမန်တွေကတစ်ဆင့် လက်ခံရရှိခဲ့ကြတယ်။—ဇာခရိ ၁:၇၊

 သမ္မာကျမ်းစာကို နှစ်ပေါင်း ၁,၆၀၀ ကျော်ကာလအတွင်းမှာ လူအယောက် ၄၀ ခန့်က ရေးခဲ့တာ ဖြစ်တယ်။ တချို့သူတွေက ကျမ်းတစ်စောင်ထက်မက ရေးခဲ့ကြတယ်။ သမ္မာကျမ်းစာဆိုတာ ကျမ်းစောင် ၆၆ စောင်ကို စုစည်းထားတာ ဖြစ်တယ်။ ဓမ္မဟောင်းကျမ်းလို့ အများခေါ်ကြတဲ့ ဟေဗြဲကျမ်းစောင် ၃၉ စောင် ပါရှိပြီး ဓမ္မသစ်ကျမ်းလို့ အများခေါ်တတ်တဲ့ ခရစ်ယာန်ဂရိကျမ်းစောင် ၂၇ စောင် ပါရှိတယ်။