မာတိကာဆီ ကျော်သွား

“မျက်စိအတွက် မျက်စိ” ဆိုတာ ဘာအဓိပ္ပာယ်လဲ

“မျက်စိအတွက် မျက်စိ” ဆိုတာ ဘာအဓိပ္ပာယ်လဲ

ကျမ်းစာအဖြေ

 မောရှေကတစ်ဆင့် ရှေးအစ္စရေးလူမျိုးကို ပေးခဲ့တဲ့ ဘုရားပညတ်မှာ “မျက်စိအတွက် မျက်စိ” ဆိုတဲ့ စည်းမျဉ်း ပါတယ်။ ဒါကို ယေရှုက တောင်ပေါ်ဒေသနာမှာ ကိုးကားခဲ့တယ်။ (မဿဲ ၅:၃၈။ ထွက်မြောက်ရာ ၂၁:၂၄၊ ၂၅။ တရားဟောရာ ၁၉:၂၁) ပြစ်မှားသူတွေကို ပြစ်ဒဏ်စီရင်တဲ့အခါ ပြစ်မှုနဲ့ ထိုက်သင့်တဲ့ပြစ်ဒဏ် ပေးသင့်တာကို ဆိုလိုတယ်။ a

 ဒီစည်းမျဉ်းဟာ သူတစ်ပါးကို တမင်တကာ ထိခိုက်နစ်နာစေတဲ့ လုပ်ရပ်နဲ့လည်း သက်ဆိုင်တယ်။ တမင်တကာ ပြစ်မှုကျူးလွန်သူနဲ့ပတ်သက်ပြီး မောရှေပညတ်က ဒီလိုဆိုတယ်– “သူတစ်ပါးကို ဒဏ်ရာရအောင် လုပ်ရင် အရိုးကျိုးခြင်းအတွက် အရိုးကျိုးခြင်း၊ မျက်စိအတွက် မျက်စိ၊ သွားအတွက် သွားစသဖြင့် အဲဒီအတိုင်း ပြန်ခံစေရမယ်။”—ဝတ်ပြုရာ ၂၄:၂၀

 “မျက်စိအတွက် မျက်စိ” စည်းမျဉ်းရဲ့ ရည်ရွယ်ချက်က ဘာလဲ

 “မျက်စိအတွက် မျက်စိ” စည်းမျဉ်းဟာ ကလဲ့စားချေခွင့်ပြုတဲ့စည်းမျဉ်း မဟုတ်ဘူး။ ခန့်အပ်ခံ တရားသူကြီးတွေအနေနဲ့ ပြစ်ဒဏ်စီရင်တဲ့အခါ ပြင်းထန်လွန်းခြင်း၊ လျှော့ပေါ့လွန်းခြင်း မရှိဘဲ ထိုက်သင့်တဲ့ပြစ်ဒဏ် ပေးဖို့ ဖြစ်တယ်။

 ဒီစည်းမျဉ်းက သူတစ်ပါးကို တမင်တကာ ထိခိုက်နာကျင်အောင် မပြုလုပ်ဖို့၊ မကြံစည်ဖို့လည်း ဟန့်တားပေးတယ်။ “လူတွေ [ဘုရားရဲ့ တရားမျှတမှုကို တွေ့မြင်နေရသူတွေ] ကြားတဲ့အခါ ကြောက်ရွံ့ပြီး ဒီလိုဆိုးတဲ့လုပ်ရပ်မျိုး ထပ်လုပ်ရဲတော့မှာ မဟုတ်ဘူး။”—တရားဟောရာ ၁၉:၂၀

 “မျက်စိအတွက် မျက်စိ” စည်းမျဉ်းဟာ ခရစ်ယာန်တွေနဲ့ သက်ဆိုင်သလား

 မသက်ဆိုင်ပါဘူး။ ဒီစည်းမျဉ်းကို ခရစ်ယာန်တွေအတွက် ထုတ်ပေးထားတာ မဟုတ်ဘူး။ မောရှေပညတ်တရားထဲက ဖြစ်တယ်။ အဲဒီပညတ်တရားဟာ ခရစ်တော်ရဲ့ ပူဇော်သကာ သေခြင်းကြောင့် အဆုံးတိုင်သွားပြီ။—ရောမ ၁၀:၄

 ဒါပေမဲ့ ဒီစည်းမျဉ်းက ဘုရားရဲ့ တွေးတောပုံကို ထိုးထွင်းသိမြင်စေတယ်။ ဥပမာ၊ ဘုရားသခင်က တရားမျှတမှုကို တန်ဖိုးထားကြောင်း ဖော်ပြတယ်။ (ဆာလံ ၈၉:၁၄) ဘုရားရဲ့ တရားမျှတမှု စံနှုန်းကိုလည်း ဖော်ပြတယ်။ ပြစ်မှားသူတွေကို “တော်သင့်ရုံ” ဆုံးမသင့်ကြောင်း ဖော်ပြတယ်။—ယေရမိ ၃၀:၁၁

 “မျက်စိအတွက် မျက်စိ” နဲ့ပတ်သက်ပြီး ယူဆချက်အမှားများ

 အမှား– “မျက်စိအတွက် မျက်စိ” စည်းမျဉ်းက ပြင်းထန်လွန်းတယ်။

 အမှန်– ပြင်းထန်စွာ ပြစ်ဒဏ်စီရင်ရမယ်လို့ မဆိုလိုပါဘူး။ တော်မှန်စွာ ကျင့်သုံးရင် အရည်အချင်းပြည့်ဝတဲ့ တရားသူကြီးတွေက ပါဝင်ပတ်သက်နေတဲ့ အခြေအနေတွေကို ဦးဆုံး သုံးသပ်ပြီးနောက်မှသာ တမင်တကာ ကျူးလွန်ခဲ့တဲ့ပြစ်မှုပေါ် မူတည်ပြီး ပြစ်ဒဏ်စီရင်ကြတယ်။ (ထွက်မြောက်ရာ ၂၁:၂၈-၃၀။ တောလည်ရာ ၃၅:၂၂-၂၅) ဒါကြောင့် “မျက်စိအတွက် မျက်စိ” စည်းမျဉ်းက အလွန်အကျွံ ပြစ်ဒဏ်စီရင်ခြင်း မရှိအောင် ကူညီပေးတယ်။

 အမှား– “မျက်စိအတွက် မျက်စိ” စည်းမျဉ်းကြောင့် ကလဲ့စားချေလို့ ပြီးတော့မှာ မဟုတ်ဘူး။

 အမှန်– မောရှေပညတ်မှာ ဒီလိုဖော်ပြထားတယ်– “အချင်းချင်း လက်စားမချေနဲ့၊ အငြိုးမထားနဲ့။” (ဝတ်ပြုရာ ၁၉:၁၈) ကလဲ့စားချေဖို့ အားပေးနေခြင်း မဟုတ်ဘဲ ဘုရားကို ကိုးစားဖို့၊ မှားယွင်းမှုတွေကို မှန်မှန်ကန်ကန် စီရင်ပေးနိုင်တဲ့ တရားစီရင်ရေးစနစ်ကို ယုံကြည်ကိုးစားဖို့ ပညတ်တရားက အားပေးနေခြင်း ဖြစ်တယ်။—တရားဟောရာ ၃၂:၃၅

a ဒီတရားရေးအခြေခံစည်းမျဉ်းကို တစ်ခါတလေ လက်တင်လို lex talionis  လို့ဖော်ပြပြီး ရှေးခေတ် တခြားလူ့အဖွဲ့အစည်းတွေရဲ့ ဥပဒေဖွဲ့စည်းပုံမှာလည်း တွေ့ရတယ်။