မာတိကာဆီ ကျော်သွား

မိသားစုအတွက် အကူအညီ | သားသမီး ပြုစုပျိုးထောင်ခြင်း

နေ့ကလေးထိန်းကျောင်းနဲ့ပတ်သက်ပြီး မိဘတွေ သိသင့်ရာ

နေ့ကလေးထိန်းကျောင်းနဲ့ပတ်သက်ပြီး မိဘတွေ သိသင့်ရာ

 အချိန်ပြည့် အလုပ်လုပ်နေရတဲ့ မိဘတွေဟာ ကျောင်းနေအရွယ် မရောက်သေးတဲ့ ကလေးတွေကို နေ့ကလေးထိန်းကျောင်း ပို့တတ်ကြတယ်။ သားသမီးတွေကို နေ့ကလေးထိန်းကျောင်းမှာ ထားသင့်သလား။

 မေးသင့်တဲ့ မေးခွန်းများ

 နေ့ကလေးထိန်းကျောင်းတွေက မိဘနဲ့ သားသမီးကြား သံယောဇဉ်နှောင်ကြိုးကို ထိခိုက်နိုင်သလား။ ထိခိုက်နိုင်ပါတယ်။ ငယ်ရွယ်နုနယ်တဲ့ ကလေးတစ်ယောက်ရဲ့ ဦးနှောက်ကို သူနဲ့ထိတွေ့ဆက်ဆံသူတွေက မြန်မြန် တိုးတက်ဖွံ့ဖြိုးစေတယ်။ ဒါကြောင့် အဲဒီအချိန်မှာ သားသမီးတွေကို အချိန်များနိုင်သမျှ များများပေးဖို့ ကြိုးစားပါ။—တရားဟောရာ ၆:၆၊၇

  •    နေ့ကလေးထိန်းကျောင်း ပို့ဖို့ စဉ်းစားနေရင် ကလေးတွေနဲ့ ဆက်ရင်းနှီးနေအောင် ဘာလုပ်ဆောင်နိုင်သလဲဆိုတာ စဉ်းစားသင့်တယ်။

 နေ့ကလေးထိန်းကျောင်းက ကလေးအပေါ် မိဘရဲ့ ဩဇာသက်ရောက်မှု လျော့နည်းစေသလား။ လျော့နည်းစေပါတယ်။ ကလေးအချင်းချင်း ပိုပေါင်းလေ ရွယ်တူတွေရဲ့ ဩဇာလွှမ်းမိုးမှု ပိုသက်ရောက်လေပဲ” လို့ ကလေးတွေအကြောင်း စာအုပ်တစ်အုပ်က ဆိုတယ်။

  •    နေ့ကလေးထိန်းကျောင်း ပို့မယ်ဆိုရင် ကိုယ်က ကလေးကို အဓိက ဩဇာလွှမ်းမိုးသူ ဆက်ဖြစ်နိုင်ပါ့မလားဆိုပြီး မိဘတွေ စဉ်းစားသင့်တယ်။

 နေ့ကလေးထိန်းကျောင်းက ကလေးရဲ့ သင်ယူနိုင်စွမ်းကို ပိုကောင်းစေမလား။ ပိုကောင်းစေတယ်လို့ တချို့ ပြောမယ်။ တချို့ကတော့ သားသမီးတွေရဲ့ သင်ယူနိုင်စွမ်းအပေါ် ဘာသက်ရောက်မှုမှ မရှိဘူးလို့ ပြောကြတယ်။ ဘာပဲဖြစ်ဖြစ် ကလေးစိတ်ပညာရှင် ပယ်နလု ဒီလို ရေးတယ်- ဘဝမှာ အောင်မြင်ဖို့ ‘ပညာရေး’ သာ အဓိက၊ စောစော ပညာဆည်းပူးလေ ကောင်းလေပဲဆိုပြီး ပြောတာကို မယုံကြပါနဲ့။ မွေးကတည်းကစပြီး ကိုယ်သင်ပေးနေတဲ့ အရာတွေကို လျှော့မတွက်ပါနဲ့။”

  •    နေ့ကလေးထိန်းကျောင်းက ကလေးအတွက် အကျိုးရှိသလား၊ အဲဒီမှာထားဖို့ တကယ် လိုအပ်ရဲ့လားဆိုတာ မိဘတွေ သုံးသပ်သင့်တယ်။

 ကိုယ်ဖြစ်ဖြစ်၊ ကိုယ့်အိမ်ထောင်ဖက်ဖြစ်ဖြစ် အိမ်မှာ ကလေးနဲ့အတူ အချိန်ပြည့်နေဖို့ ဖြစ်နိုင်သလား။ မိဘနှစ်ပါးစလုံး အချိန်ပြည့် အလုပ်လုပ်တာက ပိုအဆင်ပြေပြေ နေချင်လို့လည်း ဖြစ်နိုင်တယ်။ အဲဒီလို လုပ်ရကျိုးနပ်သလား။

  •    မိဘတစ်ယောက် အိမ်မှာ နေနိုင်ဖို့ အသုံးစရိတ်တွေ လျှော့ချလို့ရမလားဆိုပြီး စဉ်းစားသင့်တယ်။

 ကောင်းကျိုး၊ ဆိုးကျိုးတွေကို အသေအချာ စဉ်းစားသုံးသပ်ပြီးမှ ကလေးကို နေ့ကလေးထိန်းကျောင်းမှာ ထားသင့်၊ မထားသင့် ဆုံးဖြတ်ပါ။ နေ့ကလေးထိန်းကျောင်းမှာ ထားတာက ပိုကောင်းတယ်လို့ ဆုံးဖြတ်ရင်ကော။

 လုပ်ဆောင်နိုင်ရာ

 “အမြော်အမြင်ရှိသူကတော့ ခြေလှမ်းတိုင်းကို စဉ်းစားဆင်ခြင်တတ်တယ်” လို့ ကျမ်းစာက ဆိုတယ်။ (ပညာအလိမ္မာ ၁၄:၁၅) ဒီအခြေခံမူကို မှတ်ထားပြီး ကလေးကို နေ့ကလေးထိန်းကျောင်း ပို့ဖို့ မဆုံးဖြတ်ခင် အသေအချာ စဉ်းစားဆင်ခြင်ပါ။

 လေ့လာပြီးမှ ရွေးချယ်ပါ

  •    မိဘတချို့က ကလေးထိန်း တစ်ယောက်၊ နှစ်ယောက်လောက်နဲ့ ကလေးအနည်းငယ်ကို ထိန်းပေးတဲ့ အိမ်မျိုးကို ရွေးချယ်ကြတယ်။

  •    တချို့မိဘတွေကျတော့ ကလေးကို ကြည့်ပေးဖို့ ဆွေမျိုး ဒါမှမဟုတ် အိမ်မှာနေပြီး ကလေးကို ကြည့်ပေးမယ့်သူ၊ ကလေးထိန်းကို ငှားကြတယ်။

 ဘာကိုပဲ ရွေးရွေး ကောင်းကျိုးနဲ့ ဆိုးကျိုး ဒွန်တွဲနေပါတယ်။ ကလေးကို နေ့ကလေးထိန်းကျောင်းမှာ ထားဖူးတဲ့ မိဘတွေနဲ့ စကားပြောကြည့်ရင်ကော။ “အကြံဉာဏ် တောင်းခံသူတွေဆီမှာတော့ ဉာဏ်ပညာရှိတယ်” လို့ ကျမ်းစာမှာ ဆိုတယ်။—ပညာအလိမ္မာ ၁၃:၁၀

 နေ့ကလေးထိန်းကျောင်း ပို့ဖို့ ဆုံးဖြတ်ရင် . . .

 ကျောင်းနဲ့ပတ်သက်ပြီး လေ့လာပါ။

  •    လိုင်စင်ရထားတဲ့ ကျောင်းလား။ ဥပဒေတောင်းဆိုချက်တွေအတိုင်း လိုက်နာနေသလား။ နာမည်ကောင်း ရထားတဲ့ ကျောင်းလား။

  •    ကျောင်းဟာ သန့်ရှင်းပြီး ဘေးကင်းသလား။

  •    ကလေးတွေအတွက် ဘာလုပ်ဆောင်မှုတွေ ရှိသလဲ။ a

 ကလေးထိန်းတွေအကြောင်း လေ့လာပါ

  •    ဘာသင်တန်းတွေ တက်ထားသလဲ။ ကလေးငယ် သင်ကြားမှု သင်တန်း၊ ရှေးဦးသူနာပြုစုနည်း၊ အရေးပေါ် အသက်ကယ်နည်း (CPR) တို့ကို သင်ထားပြီးပြီလား။

  •    ကိုယ့်သားသမီးတွေကို စောင့်ရှောက်သူတွေမှာ ပြစ်မှုမှတ်တမ်း ရှိ၊ မရှိ စစ်ဆေးပါ။

  •    ကလေးထိန်း အပြောင်းအလဲ မကြာခဏ ရှိတတ်သလား။ ရှိတယ်ဆိုရင် ကလေးဟာ ကလေးထိန်းအသစ်တွေနဲ့ ရင်းနှီးဖို့ အချိန်ယူရလိမ့်မယ်။

  •    ကလေးထိန်းတစ်ယောက်က ကလေး ဘယ်နှယောက်ကို စောင့်ရှောက်နေသလဲ။ ကလေးထိန်းတစ်ယောက်က ကလေးအများကြီးကို ကြည့်ရှုနေရရင် ကိုယ့်ကလေး လိုအပ်တဲ့ ဂရုစိုက်မှုကို မပေးနိုင်ဘူး။ ကလေးရဲ့ အသက်အရွယ်၊ လုပ်ဆောင်နိုင်စွမ်းအပေါ် မူတည်ပြီး လိုအပ်တဲ့ ဂရုစိုက်ပေးမှု မတူနိုင်ပါဘူး။

  •    ကလေးထိန်းတွေက သူတို့ လုပ်ချင်ရာတွေကိုပဲ ပြောနေကြ၊ လုပ်နေကြသလား။ မိဘတွေရဲ့ စိုးရိမ်ပူပန်မှုတွေကိုလည်း လိုလိုလားလား ဆက်သွယ်ပြောဆိုချင်ကြသလား။

a ဥပမာ၊ တစ်ချိန်လုံး တီဗီပြနေသလား။ ဉာဏ်ရည်ထက်မြက်စေပြီး ကိုယ်လက်လှုပ်ရှားစေတဲ့ အစီအစဉ်တွေ ရှိသလား။