မာတိကာဆီ ကျော်သွား

သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ | ဧလိယ

အဆုံး​ထိ ခံနိုင်ရည်​ ရှိခဲ့​သူ

အဆုံး​ထိ ခံနိုင်ရည်​ ရှိခဲ့​သူ

အာဟပ်မင်း ဆုံးသွား​ပြီ ဆိုတဲ့ သတင်း ဧလိယ ကြားလိုက်​ရတယ်။ ပရောဖက်အို​ဟာ အဲဒီ​မင်းဆိုး​နဲ့ ရင်ဆိုင်ခဲ့​တာတွေကို မုတ်ဆိတ်​မွေး သပ်​ရင်း ပြန်တွေး​နေ​ပုံကို မြင်ယောင်​ကြည့်ပါ။ ဧလိယ တော်တော် ခံခဲ့ရ​တာ။ အာဟပ်မင်း​နဲ့ မိဖုရား ယေဇဗေလ​တို့ရဲ့ ခြိမ်းခြောက်မှု၊ လိုက်လံ​ဖမ်းဆီးမှု​ကို အကြိမ်ကြိမ် ကြုံရပြီး အသက်ဘေး​က သီသီ​ကလေး လွတ်​ခဲ့တယ်။ ယေဟောဝါရဲ့ ပရောဖက် အတော်များများကို ကွပ်မျက်​ဖို့ ယေဇဗေလ အမိန့်ထုတ်​တဲ့အခါ အာဟပ်မင်း မသိ​သလို နေခဲ့တယ်။ လောဘ​စိတ်ကြောင့် လင်မယား​နှစ်ယောက် ပူးပေါင်းပြီး လူရိုး​လူဖြောင့် နာဗုတ်​ကို​ရော သားတွေကို​ပါ လုပ်ကြံ​ခဲ့တယ်။ ဒါကြောင့် အာဟပ်​နဲ့ သူ့​မင်းဆက် ယောက်ျား​မှန်သမျှ​အပေါ် ယေဟောဝါ တရား​စီရင်​တဲ့ သတင်းကို ဧလိယ ပြန်​ပြောပြ​ခဲ့တယ်။ အခုတော့ ဘုရားရဲ့ စကားတွေ ပြည့်စုံ​လာပြီ။ အာဟပ် ဘယ်နည်း​ဘယ်ပုံ သေမယ်​ဆိုတာ ယေဟောဝါ ကြို​ပြောခဲ့တဲ့​အတိုင်း ဖြစ်လာတယ်။​—၁ ဘုရင်များ ၁၈:၄။ ၂၁:၁-၂၆။ ၂၂:၃၇၊ ၃၈။ ၂ ဘုရင်များ ၉:၂၆

ဘာပဲ​ဖြစ်ဖြစ် ဧလိယ ခံနိုင်ရည် ဆက်ရှိ​မှ ဖြစ်မယ်။ ယေဇဗေလ အသက်ရှင်နေ​ဆဲ​ပဲ။ နန်းတွင်း​မှာ​သာမက တစ်နိုင်ငံလုံး​အပေါ် မကောင်းတဲ့​ဩဇာ လွှမ်းမိုး​နေတုန်းပဲ။ အခက်အခဲ​တွေ ရင်ဆိုင်​ရဦးမယ်။ သူ့ကို ဆက်ခံမယ့် လက်ထောက် ဧလိရှဲ​ကိုလည်း သင်ပေး​စရာတွေ အများကြီး ရှိသေးတယ်။ ဧလိယရဲ့ နောက်ဆုံး​တာဝန်တွေ​အကြောင်း သုံးသပ်​ကြည့်ရအောင်။ ယုံကြည်ခြင်း​ကြောင့် ဧလိယ ခံရပ်နိုင်​ခဲ့​ပုံကို လေ့လာ​ကြည့်တဲ့အခါ ခုလို ဒုက္ခများ​တဲ့အချိန်​မှာ ကိုယ့်ရဲ့ ယုံကြည်ခြင်း ဘယ်လို ခိုင်ခံ့​နိုင်ကြောင်း သိမြင်​လာပါလိမ့်မယ်။

အာခဇိ​ကို တရားစီရင်ခြင်း

အာဟပ်​နဲ့ ယေဇဗေလ​တို့ရဲ့ သား အာခဇိ အစ္စရေး​ဘုရင် ဖြစ်လာပြီ။ အာခဇိ​ဟာ မိဘတွေရဲ့ မိုက်မဲမှု​ကနေ သင်ခန်းစာ ယူ​မယ့်​အစား သူတို့ရဲ့ ဆိုးညစ်​တဲ့ လမ်းစဉ်​ကို ဆက်​လိုက်တယ်။ (၁ ဘုရင်များ ၂၂:၅၂) သူတို့​လို​ပဲ ဗာလ​ဘုရားကို ကိုးကွယ်တယ်။ ဗာလ​ကိုးကွယ်​သူတွေဟာ ဗိမာန်​ပြည့်တန်ဆာ လုပ်တာကို အားပေး​ရုံ​မက ကိုယ့်​သားသမီး ပူဇော်​တဲ့​အထိ ဆိုးသွမ်း​ကြတယ်။ အာခဇိ လမ်းစဉ်​ပြောင်း​အောင်၊ ယေဟောဝါအပေါ် သစ္စာဖောက်​မှု​ကြီး​ကနေ လူတွေ ပြန်လှည့်​လာအောင် လှုံ့ဆော်ပေး​နိုင်တဲ့​အရာ ရှိ​ဦး​မလား။

မောက်မာ​တဲ့ ဘုရင်​လေး ရုတ်တရက် အဖြစ်ဆိုး ကြုံ​လိုက်ရတယ်။ နန်းတော်​အမိုး​က ဆန်ခါ​ကွက် တပ်ထားတဲ့ အပေါက်​ကနေ ကျွံကျ​ပြီး အကြီးအကျယ် ဒဏ်ရာ​ရသွားတယ်။ အသက်​အန္တရာယ် ရှိနေတာ​တောင် ယေဟောဝါ​ဆီ လှည့်လာ​ပြီး အကူအညီ မတောင်း​ဘူး။ ပြန်ကောင်း​နိုင်​ချေ ရှိမရှိ သိရ​အောင် ရန်သူ ဖိလိတိ​တွေရဲ့ ဧကြုန်​မြို့ကို တမန်တွေ လွှတ်​ပြီး ဗာလ​ဇေဗုပ်​ဘုရားကို သွား​မေးမြန်း​ခိုင်းတယ်။ ယေဟောဝါ တော်တော်လေး စိတ်ပျက်​သွားတယ်။ ဧလိယ​ဆီ ကောင်းကင်တမန် စေလွှတ်​ပြီး တမန်တွေကို သွား​တွေ့​ခိုင်းတယ်။ ဧလိယကလည်း ဘုရင်​အတွက် သတင်းဆိုး ပြန်ပါး​လိုက်တယ်။ အစ္စရေး​ပြည်မှာ ဘုရားသခင် မရှိ​သလို​မျိုး လုပ်ခဲ့တာ​ဟာ အာခဇိ​ရဲ့ ကြီးလေး​တဲ့ ပြစ်မှု​ပဲ။ အိပ်ရာ​ထဲ လဲနေတဲ့ အာခဇိ ပြန်​မထ​ရ​ဘူးလို့ ယေဟောဝါ ဆုံးဖြတ်ထား​ပြီ။​—၂ ဘုရင်များ ၁:၂-၄

နောင်တ​မရတဲ့ အာခဇိ​က “မင်းတို့ကို လာ​တွေ့​ပြီး အဲဒီလို​ပြောတဲ့​သူက ဘယ်လို​ပုံ​မျိုး​လဲ” လို့ မေးတယ်။ တမန်တွေ​က ပရောဖက်ရဲ့ ရိုးရှင်းတဲ့ ဝတ်ဆင်ပုံ​ကို ပြောပြတဲ့​အခါ “ဧလိယ​ပဲ” ဆိုတာ အာခဇိ သိလိုက်တယ်။ (၂ ဘုရင်များ ၁:၇၊ ၈) ရိုးစင်း​တဲ့ ဝတ်ဆင်ပုံ​ကို ပြောပြ​ရုံ​နဲ့ တန်း​သိနိုင်တဲ့​အထိ ဘုရား​အမှုဆောင်ဖို့​ပဲ အာရုံစိုက်​တဲ့ ဧလိယရဲ့ ရိုးရှင်းတဲ့ ဘဝပုံစံ​က မှတ်သား​စရာ​ပါပဲ။ ရုပ်ပစ္စည်း လောဘ​ကြီးတဲ့ အာခဇိ​နဲ့ သူ့​မိဘတွေ​နဲ့ ကွာ​လိုက်တာ။ ဘဝကို ရိုးရိုးရှင်းရှင်း ထားပါ၊ တကယ် အရေးကြီး​တာ​ကိုပဲ အာရုံစိုက်​ကြည့်ပါ​ဆိုတဲ့ ယေရှုရဲ့ အကြံပြုချက်​အတိုင်း နေထိုင်ဖို့ ဧလိယရဲ့ ပုံနမူနာ​က သတိ​ပေးတယ်။​—မဿဲ ၆:၂၂-၂၄

လက်စားချေ​ချင်တဲ့ အာခဇိ​ဟာ ဧလိယ​ကို ဖမ်းဖို့ တပ်မှူး​တစ်ယောက်ကို တပ်သား ၅၀ နဲ့​အတူ လွှတ်လိုက်တယ်။ “တောင်ထိပ်” * မှာ ဧလိယ ထိုင်နေတာ မြင်​တော့ ဘုရင့်​အမိန့်နဲ့ တပ်မှူး​က “ဆင်းလာ​ခဲ့” လို့ သံပြတ် ခေါ်တယ်။ သေဒဏ် ပေးမယ်​ဆိုတဲ့ အဓိပ္ပာယ်​မျိုး​ပဲ။ “စစ်မှန်တဲ့ ဘုရားသခင်ရဲ့ လူ” ဖြစ်မှန်း သိလျက်နဲ့ ဧလိယ​ကို တပ်သားတွေ အာဏာပြ၊ ခြိမ်းခြောက်​ကြတယ်။ အမှား​ကြီး မှားတာ​ပဲ။ ဧလိယ​က အဲဒီ​တပ်မှူး​ကို “ကောင်းပြီ၊ ငါဟာ ဘုရားသခင်ရဲ့​လူ မှန်​ရင် ကောင်းကင်​ကနေ မီး​ကျ​ပြီး ခင်ဗျား​နဲ့ တပ်သား ၅၀ ကို လောင်ကျွမ်း​ပါစေ” လို့ ပြောတယ်။ ယေဟောဝါ​ကြောင့် “ကောင်းကင်​ကနေ မီး​ကျ​လာပြီး တပ်မှူး​နဲ့ တပ်သား ၅၀ ကို လောင်ကျွမ်း​သွားတယ်။” (၂ ဘုရင်များ ၁:၉၊ ၁၀) သူတို့ရဲ့ သေခြင်း​ဆိုး​ပုံ​က ယေဟောဝါဟာ မိမိ​လူတွေ​အပေါ် မထီလေးစား ဆက်ဆံတာကို ခပ်ပေါ့ပေါ့ မထား​မှန်း သိစေတယ်။​—၁ ရာဇဝင်ချုပ် ၁၆:၂၁၊ ၂၂

အာခဇိ​က နောက်ထပ် တပ်မှူး​တစ်ယောက်ကို တပ်သား ၅၀ နဲ့​အတူ လွှတ်လိုက်​ပြန်တယ်။ ဒီ​တပ်မှူး​က ပထမ​တစ်ယောက်​ထက် ဆိုးတယ်။ တောင်စောင်း​မှာ လူ ၅၁ ယောက်ရဲ့ ပြာတွေ ပြန့်ကျဲ​နေတာ တွေ့​လျက်​နဲ့ သင်ခန်းစာ မယူ​ဘူး။ ဒီထက်​ဆိုး​တာ ရှိသေးတယ်။ ပထမ​တစ်ယောက်လို ဧလိယ​ကို ပမာ​မခန့် အမိန့်ပေး​ရုံ​မက “မြန်မြန်” လို့ ပြော​လိုက်တယ်။ တော်တော် မိုက်​တာ​ပဲ။ ဒါကြောင့် ပထမ​အုပ်စု​လို​ပဲ အသက်ဆုံးရှုံး​ကုန်တယ်။ သူတို့ထက် မိုက်ရူးရဲ​ဆန်​သူကတော့ ဘုရင်​ပဲ။ အမှတ်​မရှိဘဲ တတိယ​အုပ်စု​ကို လွှတ်လိုက်တယ်။ တတိယ​တပ်မှူး​က ဉာဏ်​ပညာ​ရှိလို့ တော်​သေးတယ်။ နှိမ့်ချတဲ့ စိတ်နဲ့ ဧလိယ​ရှေ့ကို သွားပြီး သူတို့​အုပ်စု​ကို အသက်​ချမ်းသာပေး​ဖို့ အသနားခံ​တယ်။ ဘုရားသခင်ရဲ့​လူ ဧလိယဟာ နှိမ့်ချတဲ့ တပ်မှူး​အပေါ် ယေဟောဝါရဲ့ ကရုဏာ​မျိုး ပြခဲ့တယ်။ ယေဟောဝါရဲ့ ကောင်းကင်တမန်​က ဧလိယ​ကို သူတို့နဲ့အတူ လိုက်သွား​ခိုင်းတယ်။ ဧလိယလည်း လိုက်သွား​ပြီး မင်းဆိုး​အာခဇိ​နဲ့​ပတ်သက်တဲ့ ယေဟောဝါရဲ့ ကြေညာချက်​ကို ပြောပြတယ်။ ဘုရားရဲ့ စကားအတိုင်း အာခဇိ သေဆုံးသွားတယ်။ နှစ်နှစ်ပဲ နန်းထိုင်​လိုက်ရတယ်။​—၂ ဘုရင်များ ၁:၁၁-၁၇

ဧလိယဟာ နှိမ့်ချတဲ့​တပ်မှူး​အပေါ် ယေဟောဝါရဲ့ ကရုဏာ​မျိုး ပြခဲ့

ခေါင်းမာ​ပြီး ပုန်ကန်​တတ်တဲ့ လူတွေ​ကြားမှာ ဧလိယ ဘယ်လို ခံရပ်​ခဲ့သလဲ။ ခု​ချိန်​နဲ့ သက်ဆိုင်တဲ့ မေး​ခွန်​ပဲ မဟုတ်လား။ သင့်​စောင့်ရှောက်မှု​အောက်မှာ ရှိသူ​တစ်ဦးက ပြော​မရ​ဆို​မရ​နဲ့ အန္တရာယ်​ရှိ လမ်းစဉ်​ကိုပဲ လိုက်နေ​လို့ စိတ်ပျက်​ရဖူးသလား။ ဒီလို​စိတ်ပျက်စရာတွေကို ဘယ်လို ခံရပ်​ကြ​မလဲ။ တပ်သားတွေ​က ဧလိယ​ကို “တောင်ထိပ်” ပေါ်မှာ ရှာတွေ့ခဲ့​တာ​ကနေ သင်ခန်းစာ ယူ​ကြရအောင်။ အဲဒီကို ဘာလို့ ရောက်နေမှန်း အသေအချာ မသိ​ရပေမဲ့ ဧလိယဟာ ပုံမှန် ဆုတောင်း​တတ်တဲ့​သူ ဖြစ်မှန်း သိနိုင်တယ်။ တောင်ထိပ်​ဟာ သူ ချစ်​မြတ်​နို​တဲ့ ဘုရားဆီ ဆုတောင်း​ချဉ်းကပ်​လို့​ကောင်းတဲ့၊ တိတ်ဆိတ်​တဲ့ နေရာ​မျိုး ဖြစ်နိုင်တယ်။ (ယာကုပ် ၅:၁၆-၁၈) ကျွန်တော်တို့လည်း အချိန်​ယူပြီး ဘုရားသခင်နဲ့ နှစ်ကိုယ်ကြား ပုံမှန် စကား​ပြော​နိုင်တယ်။ ယေဟောဝါရဲ့ နာမည်ကို ခေါ်ပြီး ဆုတောင်း​နိုင်တယ်။ အခက်အခဲ​တွေ၊ စိုးရိမ်​ပူပန်စရာ​တွေကို ရင်ဖွင့်​ပြ​နိုင်တယ်။ ဒါဆိုရင် ပတ်ဝန်းကျင်က လူတွေ မဆင်မခြင်၊ ကိုယ်​ပျက်စီး​ရာ ပျက်စီး​ကြောင်း လုပ်​နေကြ​ရင်​လည်း ခံနိုင်ရည် ဆက်ရှိ​နိုင်​ပါလိမ့်မယ်။

ဝတ်ရုံ​ကို လွှဲအပ်​ခြင်း

အခု ဧလိယ တာဝန်ကို လက်လွှတ်​ရမယ့်​အချိန် ရောက်လာပြီ။ သူ ဘယ်လို လုပ်ခဲ့တယ်​ဆိုတာ သတိပြုပါ။ ဧလိရှဲ​နဲ့​အတူ ဂိလဂါလ​မြို့ကနေ အထွက်​မှာ ၇ မိုင်​လောက် ဝေး​တဲ့ ဗေသလ​မြို့ကို သွားမှာ ဖြစ်လို့ ဧလိရှဲ​ကို နေခဲ့​ခိုင်းတယ်။ ဧလိရှဲ​က “အသက်ရှင်​နေတဲ့​ဘုရား ယေဟောဝါနဲ့ အသက်ရှင်​နေတဲ့ သခင့်​ကို တိုင်တည်ပြီး ကျွန်တော် ပြောမယ်။ သခင့်​ကို ခွဲ​မသွား​နိုင်ပါဘူး” လို့ ပြတ်ပြတ်သားသား ပြောတယ်။ ဗေသလ​မြို့ကို သူတို့ ရောက်တော့ ဧလိယ​က ၁၄ မိုင် အဝေး​မှာ ရှိတဲ့ ယေရိခေါ​မြို့ကို တစ်ယောက်တည်း သွား​ဦး​မယ်​လို့ ပြောတယ်။ အရင်​တစ်ခါ​လို​ပဲ ဧလိရှဲ ပြော​ပြန်တယ်။ ယေရိခေါမြို့​လည်း ရောက်​ရော ၅ မိုင်​အကွာမှာ ရှိတဲ့ ဂျော်ဒန်​မြစ်ကို မသွား​ခင် အရင်​လို ပြောတယ်။ ဧလိရှဲ​က​လည်း အလျှော့မပေး​ဘူး၊ ဧလိယ​ကို ခွဲ​မသွား​ဘူး။​—၂ ဘုရင်များ ၂:၁-၆

ဧလိရှဲ​မှာ အရည်အသွေးကောင်း ခိုင်မြဲ​တဲ့​မေတ္တာ ရှိတယ်။ နောမိ​အပေါ် ထားတဲ့ ရုသရဲ့ မေတ္တာ​မျိုး၊ သံယောဇဉ်​နှောင်ကြိုး ခိုင်မြဲ​တဲ့ မေတ္တာ​မျိုး​ပဲ။ (ရုသ ၁:၁၅၊ ၁၆) ဘုရားသခင်ကို ဝတ်ပြုသူ​အားလုံး အဲဒီ​အရည်အသွေး​မျိုး ရှိဖို့ အရင်ကထက် လိုအပ်​နေတယ်။ ဒါကို ဧလိရှဲ​လို​မျိုး ကျွန်တော်တို့ အလေးထား​သလား။

သူ့​လက်ထောက် လူငယ်​ဧလိရှဲ​ရဲ့ မေတ္တာ​ခိုင်မြဲ​ပုံကို မြင်တွေ့ရ​တဲ့​အတွက် ဧလိယ တော်တော် အားရှိသွား​မှာ သေချာတယ်။ ဧလိရှဲ မေတ္တာ​ခိုင်မြဲ​တဲ့​အတွက် ဧလိယရဲ့ နောက်ဆုံး အံ့ဖွယ်​အမှုကို မြင်တွေ့ခွင့် ရခဲ့တယ်။ တချို့​အပိုင်းမှာ ရေ​နက်​ပြီး ရေစီး​သန်​တဲ့ ဂျော်ဒန်​မြစ်ရဲ့ ကမ်း​နဖူးကို ရောက်​လာကြတယ်။ ဧလိယ​က ပရောဖက်​ဝတ်ရုံနဲ့ ရေ​ကို ရိုက်တဲ့​အခါ ရေ​နှစ်ခြမ်း​ကွဲ​သွားတယ်။ ဒါကို ခပ်လှမ်းလှမ်း​မှာ ရပ်နေတဲ့ “ပရောဖက် ၅၀” လည်း မြင်တယ်။ စစ်မှန်တဲ့ ဝတ်ပြုရေးကို ဦးဆောင်​ဦး​ရွက်​ပြု​ဖို့ လေ့ကျင့်​ခံ​နေတဲ့​သူတွေ​ပဲ။ (၂ ဘုရင်များ ၂:၇၊ ၈) ဒီ​လေ့ကျင့်ရေး အစီအစဉ်ကို ဧလိယ ကြိုမြင်​ခဲ့​ပုံ​ရတယ်။ လွန်ခဲ့တဲ့ နှစ်​အနည်းငယ်​တုန်း​က ဘုရားကို သစ္စာ​ရှိသူ​ဆိုလို့ သူ​တစ်ယောက်ပဲ ကျန်​တယ် ထင်​ခဲ့​ဖူး​တာ။ ဘုရားကို ဝတ်ပြု​သူတွေ တိုးပွား​လာတာ မြင်တွေ့ခွင့် ပေးပြီး ခံနိုင်ရည် ရှိတဲ့ ဧလိယ​ကို ယေဟောဝါ ဆုချခဲ့တယ်။​—၁ ဘုရင်များ ၁၉:၁၀

ဂျော်ဒန်​မြစ် တစ်ဖက်​ကို ရောက်တဲ့အခါ ဧလိယ​က “ကျုပ်​ကို ဘုရားသခင် မခေါ်ဆောင်​ခင် ခင်ဗျား တောင်းဆို​ချင်​တာ ရှိရင် တောင်းပါ” လို့ ဧလိရှဲ​ကို ပြောတယ်။ ခွဲခွာ​ရမယ့်​အချိန် ရောက်လာပြီ​ဆိုတာ ဧလိယ သိတယ်။ သူ့​မိတ်ဆွေ​လေး အခွင့်ထူး​တွေ ရပြီး ထင်ပေါ်​လာ​မှာ​ကို မနာလို​ဝန်တို မဖြစ်ခဲ့ဘူး။ အတတ်နိုင်ဆုံး ကူညီ​ပေးချင်​စိတ်​ပဲ ရှိတယ်။ ဧလိရှဲ​က “ကျွန်တော့်ကို သခင့်​ဆီမှာ ရှိတဲ့ စွမ်းအားတော် နှစ်ဆ ပေး​ပါလား” လို့ တောင်းတယ်။ (၂ ဘုရင်များ ၂:၉) ဧလိယ ရထားတဲ့ စွမ်းအားတော်ကို နှစ်ဆ လိုချင်​နေတာ မဟုတ်ပါဘူး။ သားဦး​တစ်ယောက်လို အမွေ တောင်း​နေတာပါ။ အိမ်ထောင်ဦးစီး​အဖြစ် တာဝန်ယူ​ရမယ့် သားဦးဟာ ပညတ်တရား​အရ အမွေ​ဝေစု အကြီးဆုံး ဒါမှမဟုတ် နှစ်ဆ ရတယ်။ (တရားဟောရာ ၂၁:၁၇) ဧလိယ​ကို ဆက်ခံမယ့်​သူ​အနေနဲ့ လုပ်ငန်း ပြီးစီး​ဖို့​ဆိုရင် ဧလိယ​လို ရဲစွမ်းသတ္တိ ရှိဖို့ လို​မှန်း သူ သိ​ထားလို့​ပဲ။

စိတ်​နှိမ့်ချတဲ့ ဧလိယ​ကတော့ ယေဟောဝါ အဖြေ​ပေးဖို့ စောင့်နေတယ်။ သက်ကြီး​ပရောဖက်​ကို ခေါ်ဆောင်သွား​တာ မြင်ခွင့်​ ရ​ရင် ဧလိရှဲ တောင်းတာ ရမယ်လို့ ယေဟောဝါ အဖြေ​ပေးတဲ့ သဘော​ပဲ။ မိတ်ဆွေ​ရင်းချာ​နှစ်ယောက် “စကား​တပြောပြော​နဲ့ ဆက်လျှောက်​လာ​နေတုန်း” အံ့အားသင့်​စရာ​တစ်ခု ဖြစ်ပျက်​လာတယ်။​—၂ ဘုရင်များ ၂:၁၀၊ ၁၁

ဧလိယ​နဲ့ ဧလိရှဲ​တို့ရဲ့ မိတ်ဆွေ​နှောင်ကြိုး​ကြောင့် ခက်ခဲချိန်​တွေ​မှာ ခံနိုင်ရည်​ရှိခဲ့​ကြ

သူတို့​နှစ်ယောက်​နား​မှာ အလင်းတန်း​တစ်ခု ဘွား​ခနဲ ပေါ်လာတယ်။ ဗြုန်း​ဆို တဝှီးဝှီး​အော်မြည်​တဲ့ လေပွေ​တိုက်ခတ်​သံနဲ့​အတူ အလင်းတန်း​ကြောင့် တအံ့​တဩ ဖြစ်နေတဲ့ သူတို့​နှစ်ယောက် လူချင်း​ကွဲ​သွားကြတယ်။ မီး​လို တောက်ပ​နေတဲ့ မြင်းရထား​ကို တွေ့​တော့ အချိန်​ရောက်ပြီ​ဆိုတာ ဧလိယ သိလိုက်တယ်။ မြင်းရထား​ပေါ် သူ တက်​သွား​မသွား ကျမ်းစာမှာ ဖော်ပြ​မထားဘူး။ မိုးကောင်းကင်​ပေါ် လေပွေ​နဲ့ တက်​သွား​မှန်း ဧလိယ သိလိုက်တယ်။

ဒါကို ဧလိရှဲ ကြည့်ရင်း မှင်တက်​နေတယ်။ ဒီ​အံ့ဖွယ်​မြင်ကွင်း​ကို မြင်​နေရလို့ သူ့ကို ဧလိယ​မှာ ရှိတဲ့ ရဲစွမ်းသတ္တိ “နှစ်ဆ” ယေဟောဝါ ပေးမယ်​ဆိုတာ သေချာ​နေပြီ။ ဒါပေမဲ့ အဲဒီ​ကိစ္စ​ကို မစဉ်းစား​ချင်​သေး​ဘူး။ သူ ချစ်ခင်​ရတဲ့ မိတ်ဆွေ​ကြီး ဧလိယ ဘယ်​ကို သွားမယ်​ဆိုတာ မသိ​သလို ပြန်တွေ့​ဖို့​လည်း မမျှော်လင့်​ရဲ​ဘူး။ ဧလိရှဲ​က “အဘ၊ အဘ၊ အစ္စရေး မြင်းရထား​ပါလား၊ အစ္စရေး မြင်းစီးသူရဲ​တွေ​ပါလား” လို့ အော်ပြောတယ်။ ဧလိရှဲ ကြည့်နေ​ရင်း နည်းပေး​လမ်းပြ​သူ ဧလိယ​ကို မတွေ့ရ​တော့​တဲ့အခါ ဝတ်​ထားတဲ့ ဝတ်ရုံ​ကို ဆွဲဆုတ်​လိုက်တယ်။​—၂ ဘုရင်များ ၂:၁၂

ကောင်းကင်ပေါ် တက်​သွားတဲ့ ဧလိယ​ကော၊ ခိုကိုးရာမဲ့​နေတဲ့ မိတ်ဆွေ​လေး​ရဲ့ ခေါ်သံကို ကြား​ပြီး မျက်ရည်​လည်​နေ​သလား။ ဘာပဲ​ဖြစ်ဖြစ် ဒီလို​မိတ်ဆွေမျိုး ရှိလို့ ခက်ခဲတဲ့​အချိန်တွေမှာ သူ ခံနိုင်ရည် ရှိခဲ့တာ သေချာတယ်။ ကျွန်တော်တို့လည်း ဧလိယ​ကို အတုယူ​တဲ့​အနေနဲ့ ဘုရားကို ချစ်​ပြီး အလိုတော် ဆောင်​သူတွေနဲ့ မိတ်ဆွေ ဖွဲ့​သင့်တယ်။

ယေဟောဝါ​က ဧလိယ​ကို တာဝန်သစ် ပြောင်းရွှေ့ ခန့်အပ်

နောက်ဆုံး​တာဝန်

ဧလိယ ဘယ်​ကို သွား​သလဲ။ ကောင်းကင်မှာ ဘုရားနဲ့ နေဖို့ တက်​သွားတယ်လို့ ဘာသာ​တချို့က သွန်သင်တယ်။ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ရာစုနှစ်တွေ ကြာပြီးနောက် ယေရှု ခရစ်တော်က မိမိ​က​လွဲလို့ ဘယ်သူမှ ကောင်းကင်ကို မတက်​ဖူး​ဘူးလို့ ပြောတယ်။ (ယောဟန် ၃:၁၃) ဒါကြောင့် “ဧလိယ​က မိုးကောင်းကင်ကို လေပွေ​နဲ့ တက်​သွားတယ်” လို့ ဖတ်ရတဲ့​အခါ ဘယ်​ကောင်းကင်​လဲ​ဆိုပြီး မေး​ရမယ်။ (၂ ဘုရင်များ ၂:၁၁) ကျမ်းစာမှာ​ပါတဲ့ “မိုးကောင်းကင်” ဆိုတဲ့ စကားလုံးဟာ ယေဟောဝါ စံမြန်းတဲ့​နေရာကို​ပဲ ဆိုလိုတာ မဟုတ်ဘူး။ ကမ္ဘာ့​လေထု ရှိနေတဲ့​နေရာ၊ မိုးတိမ်​တွေ လွင့်မျော​ပြီး ကျေးငှက်​တွေ ပျံသန်း​နေတဲ့​နေရာကိုလည်း ဆိုလိုတယ်။ (ဆာလံ ၁၄၇:၈) ဒီ​မိုးကောင်းကင်ကို ဧလိယ တက်​သွားပြီး ဘာ​ဆက်​ဖြစ်သလဲ။

ချစ်စရာ​ကောင်းတဲ့ ပရောဖက်​ကို ယေဟောဝါ​က အိမ်နီးချင်း ယုဒ​နိုင်ငံမှာ တာဝန်သစ် ပြောင်းရွှေ့ ခန့်အပ်​လိုက်တယ်။ ကျမ်းစာ​မှတ်တမ်းအရ နောက်​ခုနစ်နှစ် ကျော်​တာ​တောင် ဧလိယ တာဝန်​ထမ်း​နေဆဲပဲ။ ယုဒ​နိုင်ငံ​ကို မင်းဆိုး ယဟောရံ အုပ်ချုပ်​နေချိန် ဖြစ်တယ်။ အာဟပ်​နဲ့ ယေဇဗေလ​ရဲ့ သမီးတော်​ကို မိဖုရား မြှောက်​ထားတဲ့​အတွက် မကောင်းတဲ့ ဩဇာ​တွေ လွှမ်းမိုး​နေဆဲပဲ။ ယေဟောဝါ​က ယဟောရံ​ဆီ တရား​စီရင်​တဲ့ စာတစ်စောင် ဧလိယ​ကို ရေးပို့​ခိုင်းတယ်။ ကြို​ပြောတဲ့​အတိုင်း ယဟောရံ အသေ​ဆိုး​နဲ့ သေသွား​တယ်။ ပို​ဆိုး​တာ​ကတော့ “သူ သေတော့ ဘယ်သူမှ ဝမ်း​မနည်း​ကြဘူး” လို့ မှတ်တမ်း​ကို နိဂုံးချုပ်​ထားတယ်။​—၂ ရာဇဝင်ချုပ် ၂၁:၁၂-၂၀

ဧလိယရဲ့ အဖြစ်​နဲ့ အတော် ခြားနားတယ်။ ဧလိယ ဘယ်​အချိန်မှာ ဘယ်လို သေဆုံး​သွား​မှန်း ကျွန်တော်တို့ မသိရဘူး။ ဒါပေမဲ့ ဘယ်သူမှ ဝမ်း​မနည်း​တဲ့ ယဟောရံ​ရဲ့ သေဆုံး​ပုံ​နဲ့ မတူဘူး​ဆိုတာ သိရတယ်။ ဧလိရှဲ သူ့​မိတ်ဆွေ​ကို သတိရ​လွမ်းဆွတ်​သလို သစ္စာရှိ ပရောဖက်တွေလည်း သတိရ​ကြ​မှာ သေချာတယ်။ အနှစ် ၁,၀၀၀ လွန်ပြီး​နောက်မှာ ချစ်စရာ​ကောင်းတဲ့ ပရောဖက်​ကို ကိုယ်ယောင်ပြောင်း​တဲ့ စိတ်အာရုံမှာ ပါဝင်ခွင့် ပေးခဲ့လို့ ဧလိယ​ကို ယေဟောဝါ တန်ဖိုးထား​ဆဲ​ဆိုတာ သိရတယ်။ (မဿဲ ၁၇:၁-၉) ဧလိယ​ဆီက သင်ယူပြီး အခက်အခဲ​ကြား ခံနိုင်ရည် ရှိစေတဲ့ ယုံကြည်ခြင်း တိုးပွား​ချင်​ပါသလား။ ဒါဆိုရင် ဘုရားကို ချစ်တဲ့​သူတွေနဲ့ မိတ်ဆွေ ဖွဲ့​ဖို့၊ ဘဝမှာ ဘုရား​အမှုဆောင်ခြင်းကို အဓိက​ထားဖို့၊ ရင်ဖွင့် ဆုတောင်းဖို့ မမေ့ပါနဲ့။ ယေဟောဝါ​ဆီမှာ ထာဝရ နားခိုရာ ရှာတွေ့နိုင်​ပါစေ။

^ အပိုဒ်၊ 6 ပြီး​ခဲ့​တဲ့​နှစ်​အနည်းငယ်​က ဗာလ​ပရောဖက်​တွေကို ဧလိယ အနိုင်ရ​အောင် ဘုရား ကူညီ​ခဲ့တဲ့​နေရာ ကရမေလ​တောင် ဖြစ်မယ်လို့ ပညာရှင်​တချို့ ပြော​ကြတယ်။ ကျမ်းစာက​တော့ ဘယ်​တောင်​လဲ​ဆိုတာ အတိအကျ မဖော်ပြဘူး။