မာတိကာဆီ ကျော်သွား

ကျမ်းပိုဒ် ရှင်းပြချက်များ

ပညာအလိမ္မာ ၃:၅၊ ၆—“ကိုယ့်ရဲ့ သိနားလည်နိုင်စွမ်းကို အားမကိုးနဲ့”

ပညာအလိမ္မာ ၃:၅၊ ၆—“ကိုယ့်ရဲ့ သိနားလည်နိုင်စွမ်းကို အားမကိုးနဲ့”

 “ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ကိုးစားပါ။ ကိုယ့်ရဲ့ သိနားလည်နိုင်စွမ်းကို အားမကိုးနဲ့။ ဘာပဲလုပ်လုပ် ဘုရားကို ထည့်စဉ်းစားပါ။ ဘုရားက မင်းရဲ့ လမ်းခရီးတွေကို ဖြောင့်ဖြူးစေမယ်။”—ပညာအလိမ္မာ ၃:၅၊ ၆ကမ္ဘာသစ်ဘာသာပြန်ကျမ်း။

 “ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဉာဏ်ကို အမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏ လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။”—ပညာအလိမ္မာ ၃:၅၊ ၆၊ ယုဒသန်ကျမ်း။

ပညာအလိမ္မာ ၃:၅၊ ၆ ရဲ့ အဓိပ္ပာယ်

 အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ကိုယ့်ဘာသာကိုယ် ချမယ့်အစား ယေဟောဝါ a ဘုရားရဲ့ လမ်းညွှန်ချက်ကို ရှာသင့်တယ်။

 “ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ကိုးစားပါ။” ဘုရားရဲ့ နည်းလမ်းအတိုင်း လုပ်ဆောင်တာက ဘုရားကို ယုံကြည်ကိုးစားကြောင်း ဖော်ပြတာ ဖြစ်တယ်။ ဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ကိုးစားရမယ်။ ကျမ်းစာမှာ စိတ်နှလုံးလို့ ပြောတဲ့အခါ လူတစ်ယောက်ရဲ့ စိတ်လှုပ်ရှားမှု၊ စေ့ဆော်မှု၊ အတွေး၊ သဘောထားတွေကို ရည်ညွှန်းတယ်။ ဒါကြောင့် ဘုရားသခင်ကို စိတ်နှလုံး အကြွင်းမဲ့ ယုံကြည်ကိုးစားတယ်ဆိုတာ ခံစားချက်ထက်မက ပါဝင်တယ်။ ဖန်ဆင်းရှင်က ကျွန်တော်တို့အတွက် အကောင်းဆုံးကို သိတယ်ဆိုတာ အပြည့်အဝ ယုံကြည်စိတ်ချလို့ ဘုရားကို ယုံကြည်ကိုးစားဖို့ ဆုံးဖြတ်ကြတယ်။—ရောမ ၁၂:၁

 “ကိုယ့်ရဲ့ သိနားလည်နိုင်စွမ်းကို အားမကိုးနဲ့။” ကိုယ့်ရဲ့ မစုံလင်တဲ့ ကျိုးကြောင်းဆင်ခြင်မှုတွေကို အားကိုးလို့ မရတဲ့အတွက် ဘုရားကို ယုံကြည်ကိုးစားဖို့ လိုတယ်။ ကိုယ်လျှောက်ရမယ့် ဘဝလမ်းစဉ်ကို ရွေးတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးမယ်၊ ကိုယ့်ခံစားချက်အတိုင်း လုပ်မယ်ဆိုရင် အစပိုင်းမှာ ကောင်းသယောင် ရှိပေမဲ့ အဆုံးမှာတော့ ဆိုးကျိုးတွေ ခံစားရမယ်။ (ပညာအလိမ္မာ ၁၄:၁၂။ ယေရမိ ၁၇:၉) ဘုရားသခင့် ဉာဏ်ပညာက ကျွန်တော်တို့ရဲ့ ဉာဏ်ပညာထက် အဆမတန် သာလွန်မြင့်မားတယ်။ (ဟေရှာယ ၅၅:၈၊ ၉) ဘုရားသခင်ရဲ့ လမ်းပြမှုကို ခံယူတဲ့အခါ ကျွန်တော်တို့ရဲ့ ဘဝ အောင်မြင်မယ်။—ဆာလံ ၁:၁-၃။ ပညာအလိမ္မာ ၂:၆-၉၊ ၁၆-၂၀

 “ဘာပဲလုပ်လုပ် ဘုရားကို ထည့်စဉ်းစားပါ။” ကျွန်တော်တို့ ဘဝရဲ့ ကဏ္ဍတိုင်းမှာ၊ အရေးကြီးတဲ့ ဆုံးဖြတ်ချက် ချတဲ့အခါတိုင်းမှာ ဘုရားရဲ့ ရှုမြင်ချက်ကို သိအောင် လုပ်သင့်တယ်။ လမ်းညွှန်မှု ရဖို့ ဆုတောင်းခြင်း၊ ကျမ်းစာအတိုင်း လိုက်လျှောက်ခြင်းအားဖြင့် အဲဒီလို လုပ်နိုင်တယ်။—ဆာလံ ၂၅:၄။ ၂ တိမောသေ ၃:၁၆၊ ၁၇

 “ဘုရားက မင်းရဲ့ လမ်းခရီးတွေကို ဖြောင့်ဖြူးစေမယ်။” ဘုရားသခင်က မိမိရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းအတိုင်း နေထိုင်အောင် ကူညီပေးခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ လမ်းခရီးကို ဖြောင့်ဖြူးစေမယ်။ (ပညာအလိမ္မာ ၁၁:၅) ပြဿနာတွေကို ရှောင်ရှားနိုင်ပြီး ဘဝမှာ ပိုပျော်ရွှင်လာမယ်။—ဆာလံ ၁၉:၇၊ ၈။ ဟေရှာယ ၄၈:၁၇၊ ၁၈

ပညာအလိမ္မာ ၃:၅၊ ၆ ရဲ့ အထက်အောက်စကား

 ဘုရားအမြင်မှာ အောင်မြင်ပျော်ရွှင်တဲ့ ဘဝမျိုး ရစေတဲ့ အခြေခံ ကျမ်းစာမူတွေကို ပညာအလိမ္မာကျမ်းမှာ တွေ့ရတယ်။ ပထမ အခန်းကြီး ကိုးခန်းမှာ မေတ္တာရှိတဲ့ ဖခင်က သားကို အကြံပေးနေတဲ့ ပုံစံမျိုးနဲ့ ရေးထားတယ်။ အခန်းကြီး သုံးမှာ ဖန်ဆင်းရှင်ရဲ့ ဉာဏ်ပညာကို တန်ဖိုးထားပြီး လိုက်နာသူတွေ ခံစားရမယ့် အကျိုးတွေကို ဖော်ပြထားတယ်။—ပညာအလိမ္မာ ၃:၁၃-၂၆

a ယေဟောဝါဆိုတာ ဘုရားသခင်နဲ့ နာမည် ဖြစ်တယ်။—ဆာလံ ၈၃:၁၈