မာတိကာဆီ ကျော်သွား

အလှူငွေတွေကို ယေဟောဝါသက်သေတွေ ဘယ်လို အသုံးပြုသလဲ

အလှူငွေတွေကို ယေဟောဝါသက်သေတွေ ဘယ်လို အသုံးပြုသလဲ

 ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ ဘာသာရေးနဲ့ လူသားချင်း စာနာမှုပြတဲ့ လုပ်ဆောင်မှုတွေမှာ အလှူငွေတွေကို အသုံးပြုပါတယ်။ ခရစ်တော်ယေရှုရဲ့ တပည့် ဖြစ်လာအောင် လူတွေကို ကူညီပေးဖို့ဆိုတဲ့ အဓိကတာဝန်ရဲ့ ကဏ္ဍတစ်ခုအဖြစ် ဒီလုပ်ဆောင်မှုတွေကို ကျွန်တော်တို့ လုပ်ဆောင်ကြပါတယ်။—မဿဲ ၂၈:၁၉၊ ၂၀

 လူတစ်ဦးတစ်ယောက် ချမ်းသာဖို့ အလှူငွေတွေကို အသုံးမပြုပါဘူး။ အကြီးအကဲတွေ၊ အမှုထမ်းတွေကို လစာ မပေးပါဘူး။ တစ်အိမ်မှတစ်အိမ်သွားပြီး ကျမ်းစာအကြောင်း ပြောတဲ့ ယေဟောဝါသက်သေတွေကို အခမပေးဘူး။ အုပ်ချုပ်ရေး အဖွဲ့ဝင်တွေ အပါအဝင်၊ ဌာနခွဲရုံးနဲ့ ကမ္ဘာ့ဌာနချုပ်မှာ အမှုဆောင်သူတွေဟာ လခမယူဘဲ အလုပ်လုပ်နေကြပါတယ်။

ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုများ

  •   ပုံနှိပ်ထုတ်ဝေခြင်း– နှစ်စဉ် သန်းနဲ့ချီတဲ့ ကျမ်းစာတွေ၊ ခရစ်ယာန်စာပေတွေကို ကျွန်တော်တို့ ဘာသာပြန်၊ ပုံနှိပ်၊ တင်ပို့ပြီး အခကြေးငွေ မယူဘဲ ဖြန့်ဝေပါတယ်။ jw.org ဝက်ဘ်ဆိုက်နဲ့ JW Library app မှာရှိတဲ့ ဒီဂျစ်တယ်စာပေတွေကိုလည်း အခကြေးငွေ မယူ၊ ကြော်ငြာတွေ မထည့်ဘဲ ဖြန့်ဝေပါတယ်။

  •   ဆောက်လုပ်ရေးနဲ့ ပြုပြင်ထိန်းသိမ်းရေး– ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အသင်းတော်တွေ အတူစုဝေးဖို့၊ ဘုရားသခင်ကို ချီးမွမ်းဖို့ သင့်တော်တဲ့ ဝတ်ပြုရာနေရာတွေကို ကျွန်တော်တို့ ဆောက်လုပ်တယ်၊ ပြုပြင်ထိန်းသိမ်းပါတယ်။ ဌာနခွဲရုံးတွေ၊ ဘာသာပြန်ရုံးတွေကိုလည်း ဆောက်လုပ်တယ်၊ ပြုပြင်ထိန်းသိမ်းတယ်။ အဲဒီအလုပ်အများစုကို စေတနာ့ဝန်ထမ်းတွေနဲ့ လုပ်ဆောင်လို့ ကုန်ကျစရိတ် သက်သာပါတယ်။

  •   စီမံခန့်ခွဲရေး– ကမ္ဘာ့ဌာနချုပ်၊ ဌာနခွဲရုံးတွေ၊ ဘာသာပြန်ရုံးတွေ၊ နယ်လှည့်အမှုထမ်းတွေရဲ့ လုပ်ဆောင်မှုတွေကို ကမ္ဘာချီလုပ်ငန်းအတွက် လှူဒါန်းထားတဲ့ အလှူငွေနဲ့ ထောက်ပံ့ပါတယ်။

  •   ဟောပြောခြင်း– ယေဟောဝါသက်သေတွေဟာ သတင်းကောင်း ဟောပြောခြင်း၊ “ဘုရားသခင်ရဲ့ တရားစကား” သွန်သင်ပေးခြင်းအတွက် အခကြေးငွေ မယူကြပါဘူး။ (၂ ကောရိန္သု ၂:၁၇) ဒါပေမဲ့ ပထမရာစု ခရစ်ယာန်တွေရဲ့ လုပ်ဆောင်မှုလိုပဲ ဟောပြောခြင်းလုပ်ငန်းမှာ မိမိတို့ရဲ့ အချိန်အများစုကို ပေးဆက်နေကြသူ လေ့ကျင့်ခံထားရတဲ့ အမှုဆောင်တွေဟာ သင့်တော်တဲ့ နေစရာနဲ့ နေ့စဉ် အခြေခံလိုအပ်ရာတွေ ရရှိကြတယ်။—ဖိ. ၄:၁၆၊ ၁၇။ ၁ တိ. ၅:၁၇၊ ၁၈

  •   သွန်သင်ခြင်း– ကျွန်တော်တို့ရဲ့ တိုက်နယ် အစည်းအဝေး၊ အစည်းအဝေးကြီးတွေအတွက် ကုန်ကျစရိတ်ကို လှူဒါန်းထားတဲ့ငွေနဲ့ သုံးပါတယ်။ အဲဒီအပြင် ကျမ်းစာကို အခြေခံတဲ့ ရုပ်သံအစီအစဉ်တွေလည်း ထုတ်လုပ်ပါတယ်။ တာဝန်တွေကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့ အကြီးအကဲတွေ၊ အချိန်ပြည့် အမှုဆောင်တွေကို လေ့ကျင့်ပေးတဲ့ သင်တန်းတွေလည်း လုပ်ပေးပါတယ်။

  •   သဘာဝဘေး ကယ်ဆယ်ရေး– သဘာဝဘေး၊ လူကြောင့်ဖြစ်တဲ့ ဘေးတွေ ခံစားရသူတွေကို အစားအစာ၊ သောက်ရေနဲ့ နေစရာတွေ ထောက်ပံ့ပေးပါတယ်။ ဒီလို လူသားချင်း စာနာမှုလုပ်ငန်းကနေ “ယုံကြည်ခြင်းတူတဲ့သူတွေ” သာမက ယေဟောဝါသက်သေ မဟုတ်သူတွေလည်း အကျိုး ခံစားရတယ်။—ဂလာတိ ၆:၁၀