မာတိကာဆီ ကျော်သွား

ယေဟောဝါသက်သေတွေက ဂိုဏ်းအသစ်တစ်ခုလား

ယေဟောဝါသက်သေတွေက ဂိုဏ်းအသစ်တစ်ခုလား

 ယေဟောဝါသက်သေတွေက ဂိုဏ်းအသစ်တစ်ခု မဟုတ်ပါဘူး။ ယေရှုခရစ်ရဲ့ စံနမူနာကို အတတ်နိုင်ဆုံး တုပပြီး ယေရှု သွန်သင်ချက်တွေအတိုင်း လိုက်လျှောက်ဖို့ အစွမ်းကုန် ကြိုးစားနေတဲ့ ခရစ်ယာန်တွေ ဖြစ်ကြပါတယ်။

ဂိုဏ်းဆိုတာ ဘာလဲ

 ဂိုဏ်းဆိုတာကို အမျိုးမျိုး အဓိပ္ပာယ် ဖွင့်ဆိုကြပါတယ်။ လူအများ သိထားကြတဲ့ အဓိပ္ပာယ်နှစ်မျိုးနဲ့ အဲဒီအဓိပ္ပာယ်တွေက ကျွန်တော်တို့နဲ့ မသက်ဆိုင်တဲ့အကြောင်း သုံးသပ်ကြည့်ပါ။

  •   ဂိုဏ်းဆိုတာကို လူတချို့က ဘာသာတရားအသစ် ဒါမှမဟုတ် ရှေးအစဉ်အလာကို ဆန့်ကျင်တဲ့ ဘာသာတရားလို့ အဓိပ္ပာယ်ဖွင့်ကြတယ်။ ယေဟောဝါသက်သေတွေက ဘာသာတရားအသစ် တီထွင်သူတွေ မဟုတ်ပါဘူး။ သမ္မာကျမ်းစာမှာ မှတ်တမ်းတင်ထားတဲ့ ပထမရာစုက ခရစ်ယာန်တွေရဲ့ စံနမူနာတွေ၊ သွန်သင်ချက်တွေအတိုင်း ဘုရားသခင်ကို ဝတ်ပြုကြတယ်။ (၂ တိမောသေ ၃:၁၆၊ ၁၇) ဝတ်ပြုရေးနဲ့ပတ်သက်ရင် သမ္မာကျမ်းစာမှာ ဖော်ပြထားတဲ့ ရှေးအစဉ်အလာအတိုင်းသာ လုပ်ဆောင်သင့်တယ်လို့ ယုံကြည်ပါတယ်။

  •   ဂိုဏ်းလို့ဆိုလိုက်ရင် လူတစ်ဦးတစ်ယောက် ဦးဆောင်တဲ့ အန္တရာယ်ရှိတဲ့ အဖွဲ့လို့ လူတချို့ ယူမှတ်ကြတယ်။ ယေဟောဝါသက်သေတွေက ဘယ်လူတစ်ဦးတစ်ယောက်ကိုမှ ခေါင်းဆောင်အနေနဲ့ မယူမှတ်ကြပါဘူး။ တပည့်ဖြစ်သူတွေအတွက် ယေရှု ချမှတ်ပေးခဲ့တဲ့ ဒီစံနှုန်းကို စွဲကိုင်ထားကြတယ်- “ခင်ဗျားတို့မှာ ခရစ်တော်ဆိုတဲ့ ခေါင်းဆောင် တစ်ယောက်ပဲ ရှိတယ်။”—မဿဲ ၂၃:၁၀

 ယေဟောဝါသက်သေတွေဟာ အန္တရာယ်ရှိသူတွေ မဟုတ်ပါဘူး။ အဲဒီအစား ဘာသာရေး သွန်သင်ချက်တွေအတိုင်း လုပ်ဆောင်တဲ့အခါ မိမိတို့ကိုယ်တိုင်ရော ရပ်ကွက်မှာရှိသူတွေကိုပါ အကျိုးကျေးဇူး ရရှိစေပါတယ်။ ဥပမာ၊ ကျွန်တော်တို့ရဲ့ ဘုရားအမှုဆောင်လုပ်ငန်းက မူးယစ်ဆေးဝါး၊ အရက် စတဲ့ မကောင်းတဲ့အရာတွေကို စွန့်ပစ်နိုင်ဖို့ လူများစွာကို ကူညီပေးခဲ့ပါတယ်။ အဲဒီအပြင် ကမ္ဘာတစ်ဝန်းလုံးမှာ စာတတ်မြောက်ရေး သင်တန်းတွေ ဖွင့်ပြီး ထောင်နဲ့ချီတဲ့ လူတွေကို ရေးတတ်၊ ဖတ်တတ်အောင် ကူညီပေးနေတယ်။ ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းက ဘေးအန္တရာယ် ကြုံနေရသူတွေကိုလည်း ကိုယ်တိုင်ကိုယ်ကျ ကူညီပေးကြပါတယ်။ ယေရှု စေခိုင်းခဲ့တဲ့အတိုင်းပါပဲ။ တခြားသူတွေအပေါ် ကောင်းတဲ့အကျိုး သက်ရောက်စေဖို့ ကြိုးစားနေကြသူတွေ ဖြစ်ပါတယ်။—မဿဲ ၅:၁၃–၁၆