မာတိကာဆီ ကျော်သွား

ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်းဆိုတာ ဘာလဲ

ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်းဆိုတာ ဘာလဲ

 ပင်စီဗေးနီးယား ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်းကို အကျိုးအမြတ် မယူတဲ့ အဖွဲ့အစည်းအဖြစ် အမေရိကန်နိုင်ငံ၊ ပင်စီဗေးနီးယားပြည်နယ် အများပြည်သူအကျိုးဆိုင်ရာဥပဒေ ခွင့်ပြုချက်နဲ့ ၁၈၈၄ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပါတယ်။ ယေဟောဝါသက်သေတွေက ကျမ်းစာနဲ့ ကျမ်းစာအခြေပြုစာပေ ထုတ်ဝေဖြန့်ချိခြင်း အပါအဝင် ကမ္ဘာချီလုပ်ငန်းကို ထောက်ပံ့ပေးဖို့ ဒီအဖွဲ့အစည်းကို အသုံးပြုကြပါတယ်။

 ပဋိညာဉ်စာတမ်းအရ အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်မှာ “ဘာသာရေး၊ ပညာပေးရေး၊ လိုအပ်နေသူတွေကို ကူညီပေးရေး၊” အထူးသဖြင့် “ခရစ်တော်ယေရှု အုပ်ချုပ်တဲ့ ဘုရားသခင့်နိုင်ငံတော်အကြောင်းကို ဟောပြောသွန်သင်ပေးရေး” ဖြစ်ပါတယ်။ အသင်းသားတွေဟာ ဖိတ်ခေါ်ချက်ကို ကိုယ့်သဘောနဲ့ကိုယ် လက်ခံလို့ အဖွဲ့အစည်းထဲ ရောက်လာကြတာပါ။ လှူဒါန်းတဲ့ပမာဏအပေါ်မူတည်ပြီး အသင်းသားအဖြစ် လက်ခံတာ မဟုတ်ဘူး။ အသင်းသားတွေနဲ့ ဦးဆောင်ညွှန်ကြားသူတွေဟာ ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့ကို ထောက်မကူညီပေးကြတယ်။

တရားဝင်နာမည်နဲ့ မှတ်ပုံတင်လုပ်ဆောင်ခြင်း

 ယေဟောဝါသက်သေတွေဟာ ပင်စီဗေးနီးယား ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်း နာမည်အပြင် တရားဝင် မှတ်ပုံတင်ထားတဲ့နာမည် အတော်များများကို နိုင်ငံအသီးသီးမှာ အသုံးပြုကြပါတယ်။ အဲဒီထဲမှာ “ကင်းမျှော်စင်” [Watch Tower or Watchtower] ဒါမှမဟုတ် အဲဒီနာမည်တစ်ခုခုကို ဘာသာပြန်ဆိုသုံးစွဲတာတို့ ပါဝင်တယ်။

 အဖွဲ့အစည်း စတည်ထောင်ကတည်းက တရားဝင်နာမည်အမျိုးမျိုးနဲ့ ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ပါတယ်။ လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေကတော့–

  •   စာပေပြုစုရေးနဲ့ ပုံနှိပ်ထုတ်ဝေရေး– ကျမ်းစာအုပ်ရေ သန်းပေါင်း ၂၂၀၊ ကျမ်းစာအခြေပြုစာပေတွေကို ဘာသာစကားပေါင်း ၉၀၀ ကျော်နဲ့ စောင်ရေပေါင်း ဘီလီယံ ၄၀ ခန့် ထုတ်ဝေခဲ့ပြီးပါပြီ။ jw.org ဝက်ဘ်ဆိုက်ကြောင့် ကျမ်းစာကို ဘာသာစကားပေါင်း ၁၆၀ ကျော်နဲ့ အခမဲ့ ဖတ်ရှုလေ့လာနိုင်တဲ့အပြင် “ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ” စတဲ့ ကျမ်းစာမေးခွန်းတွေရဲ့ အဖြေတွေကိုပါ ရရှိလာကြတယ်။

  •   ပညာပေးလုပ်ငန်း– ကျမ်းစာလမ်းညွှန်ချက်တွေရရှိဖို့ သင်တန်းကျောင်း တော်တော်များများကိုလည်း ကျင်းပကြတယ်။ ဥပမာ၊ ၁၉၄၃ ခုနစ်ကတည်းက ကျင်းပခဲ့တဲ့ ဂိလဒ်ကင်းမျှော်စင် သမ္မာကျမ်းစာ သင်တန်းရဲ့ စဉ်ဆက်မပြတ် သွန်သင်ပေးမှုကနေ ယေဟောဝါသက်သေ ၉,၀၀၀ ခန့်ဟာ အကျိုးများစွာ ရရှိခဲ့ကြတယ်။ ဒီသင်တန်းကျောင်းကြောင့် သူတို့ဟာ သာသနာပြုတွေအဖြစ် အမှုဆောင်နိုင်ခဲ့တဲ့အပြင် ကျွန်တော်တို့ရဲ့ကမ္ဘာချီလုပ်ငန်း အဆင်ပြေပြေ လည်ပတ်နိုင်အောင် ထောက်ကူပေးနိုင်ခဲ့ပါတယ်။ ပြီးတော့ ယေဟောဝါသက်သေမဟုတ်သူတွေအပါအဝင် သန်းနဲ့ချီတဲ့လူတွေဟာ ပတ်စဉ်ပတ်တိုင်း ကျင်းပတဲ့ ကျွန်တော်တို့ရဲ့ဝတ်ပြုစည်းဝေးတွေကနေတစ်ဆင့် လမ်းညွှန်ချက်တွေ ရရှိနေကြတယ်။ ကျွန်တော်တို့ဟာ စာတတ်မြောက်ရေးသင်တန်းတွေ ကျင်းပပေးတဲ့အပြင် စာရေးတတ် ဖတ်တတ်အောင် ပြဋ္ဌာန်းစာအုပ်ကိုလည်း ဘာသာစကားပေါင်း ၁၂၀ နဲ့ ထုတ်ဝေထားပါတယ်။

  •   လိုအပ်နေသူတွေကို ကူညီပေးခြင်း– ၁၉၉၄ ခုနှစ်၊ ရဝမ်ဒါနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုလို လူ့လက်ချက်ကြောင့်ပဲဖြစ်ဖြစ်၊ ၂၀၁၀ ခုနှစ် ဟေတီနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်လို သဘာဝဘေးဒဏ်ကြောင့်ဖြစ်ဖြစ် ဝမ်းနည်းဖွယ်အဖြစ်ဆိုး ကြုံခဲ့ရသူတွေကို လိုအပ်သလို ကူညီထောက်ပံ့ပေးကြပါတယ်။

  တရားဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း၊ တရားဝင်နာမည်တွေကြောင့် ကျွန်တော်တို့လုပ်ငန်း များစွာအောင်မြင်ပြီးမြောက်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါတွေကြောင့်ပဲ လုပ်ငန်း အောင်မြင်တာ မဟုတ်ပါဘူး။ ခရစ်ယာန်တစ်ဦးချင်းစီဟာ ဘုရားနိုင်ငံတော်သတင်းကောင်းကို ဟောပြောသွန်သင်ပေးရမယ်ဆိုတဲ့ ဘုရားပေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေကြပါတယ်။ (မဿဲ ၂၄:၁၄၊ ၂၈:၁၉၊ ၂၀) ဘုရားသခင်က ကျွန်တော်တို့လုပ်ငန်းကို ထောက်မပေးနေတယ်၊ လုပ်ငန်း အောင်မြင် “ကြီးထွား” အောင် ဆက်ကူညီပေးနေမယ်လို့ ယုံကြည်ကြပါတယ်။—၁ ကောရိန္သု ၃:၆၊ ၇