မာတိကာဆီ ကျော်သွား

ကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေး

ကျွန်တော့်ဘဝ ထိန်းမနိုင်သိမ်းမရ ဖြစ်လာ

ကျွန်တော့်ဘဝ ထိန်းမနိုင်သိမ်းမရ ဖြစ်လာ
  • မွေးဖွားတဲ့နှစ်။ ၁၉၇၁

  • နေရင်းနိုင်ငံ။ တွန်ဂါ

  • ဘဝနောက်ခံ။ မူးယစ်ဆေးစွဲ၊ ထောင်ကျ

အတိတ်

 ပစိဖိတ်သမုဒ္ဒရာ အနောက်တောင်ပိုင်း ကျွန်းပေါင်း ၁၇၀ ခန့်နဲ့ ဖွဲ့စည်းထားတဲ့ တွန်ဂါမှာ ကျွန်တော့်မိသားစု နေထိုင်တယ်။ တွန်ဂါမှာ နေရတဲ့ဘဝက ရိုးရှင်းတယ်။ လျှပ်စစ်မီး မရှိဘူး၊ ကားမရှိဘူး။ ဒါပေမဲ့ ကျွန်တော်တို့အိမ်မှာ ရေပိုက်လိုင်း ရှိတယ်၊ ကြက်တွေ မွေးတယ်။ ကျောင်းပိတ်ရက်တွေဆိုရင် ကျွန်တော်တို့ ညီအစ်ကို သုံးယောက်က အဖေ့ကို စိုက်ခင်းမှာ ကူညီပေးရတယ်။ ငှက်ပျောသီး၊ မြောက်ဥ၊ ပိန်းဥ၊ ပီလောပီနံတွေ စိုက်တယ်။ သီးနှံရောင်းရတဲ့ငွေက မဖြစ်စလောက်လေးမို့ တခြားအလုပ်တွေကိုလည်း အဖေ ရှာကြံလုပ်ခဲ့ရတယ်။ ပစိဖိတ်ကျွန်းသား အများစုလိုပဲ ကျွန်တော်တို့မိသားစုလည်း ကျမ်းစာကို တန်ဖိုးထားတယ်။ ဘုရားကျောင်း မှန်မှန် သွားတယ်။ ဒါပေမဲ့ ဘဝတိုးတက်ဖို့ဆိုရင်တော့ ချမ်းသာတဲ့ တိုင်းပြည်ကို ပြောင်းရွှေ့မှ ဖြစ်မယ်လို့ လက်ခံထားကြတယ်။

 အသက် ၁၆ နှစ်ရောက်တော့ ဦးလေးက ကျွန်တော်တို့ မိသားစုကို အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားကို ပြောင်းရွှေ့ဖို့ စီစဉ်ပေးခဲ့တယ်။ ယဉ်ကျေးမှု အပြောင်းအလဲက တော်တော်ခက်တယ်။ စီးပွားရေးအခြေအနေတော့ ကောင်းလာပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့နေတဲ့ ဆင်းရဲသားရပ်ကွက်မှာ ရာဇဝတ်မှု များတယ်။ မူးယစ်ဆေး ပေါတယ်။ ညဘက်ဆို သေနတ်သံတွေ ကြားရတတ်တယ်။ အိမ်နီးနားချင်းအများစုက ရာဇဝတ်ဂိုဏ်းတွေကို ကြောက်ကြတယ်။ လူတွေက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ဒါမှမဟုတ် ပြဿနာ ဖြေရှင်းဖို့ သေနတ် ဆောင်ထားကြတယ်။ ရန်ပွဲတစ်ခုကရတဲ့ ကျည်ဆံ ကျွန်တော့်ရင်ဘတ်မှာ ရှိနေသေးတယ်။

 အထက်တန်း ရောက်တော့ ကျွန်တော် တခြားလူငယ်တွေကို လိုက်တုတယ်။ အထိန်းအကွပ်မဲ့တဲ့ ပါတီပွဲတွေ တက်တယ်။ သောက်ကြူးတယ်။ အကြမ်းဖက် တတ်လာတယ်။ မူးယစ်ဆေး သုံးတတ်လာတယ်။ နောက်တော့ ဘိန်းစွဲသွားတယ်။ မူးယစ်ဆေး ဝယ်ဖို့ ခိုးတတ်လာတယ်။ မိသားစုဝင်တွေဟာ ဘုရားတရား ကိုင်းရှိုင်းကြပေမဲ့ မကောင်းတဲ့ ရွယ်တူချင်းဖိအားကို တွန်းလှန်နိုင်တဲ့ လမ်းညွှန်မှု မပေးနိုင်ကြဘူး။ ရမ်းကားမှုတွေကြောင့် ခဏခဏ အဖမ်းခံရတယ်။ ကျွန်တော့်ဘဝ ထိန်းမနိုင်သိမ်းမရ ဖြစ်လာတယ်။ ဒါနဲ့ ထောင်ကျသွားတော့တယ်။

ကျမ်းစာက ကျွန်တော့်ဘဝကို ပြောင်းလဲပေးပုံ

 ထောင်ကျနေတုန်း ၁၉၉၇ ခုနှစ် နေ့တစ်နေ့မှာ အကျဉ်းသားတစ်ယောက်က ကျွန်တော် ကျမ်းစာ ကိုင်ထားတာကို တွေ့သွားတယ်။ တွန်ဂိုနိုင်ငံသားတွေ အမြတ်တနိုးထားတဲ့ ခရစ္စမတ်နေ့ပါ။ ခရစ်တော်ရဲ့ မွေးနေ့အကြောင်း ကျမ်းစာ ဘာပြောသလဲဆိုတာ သိသလားလို့ သူမေးတယ်။ ကျွန်တော် ဘာမှမသိဘူး။ ယေရှု မွေးဖွားခြင်းအကြောင်း ကျမ်းစာမှတ်တမ်းကို သူပြတယ်။ ခရစ္စမတ် ရိုးရာဓလေ့ထုံးစံတွေအကြောင်း ဘာမှ မတွေ့ရပါလား။ (မဿဲ ၂:၁-၁၂။ လုကာ ၂:၅-၁၄) ကျွန်တော် အတော် အံ့ဩသွားတယ်။ ဒါနဲ့ ကျမ်းစာမှာ တခြား ဘာတွေ ပါသေးသလဲဆိုတာ သိချင်လာတယ်။ သူက ထောင်ထဲမှာ ယေဟောဝါသက်သေတွေ ကျင်းပပေးတဲ့ ပတ်စဉ် အစည်းအဝေးတွေကို တက်နေတာ။ သူနဲ့အတူ လိုက်တက်ကြည့်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။ သူတို့တွေ ဗျာဒိတ်ကျမ်းကို လေ့လာနေကြတယ်။ သိပ်နားမလည်ပေမဲ့ သွန်သင်သမျှဟာ ကျမ်းစာထဲကမှန်း သတိပြုမိတယ်။

 ယေဟောဝါသက်သေတွေက ကျမ်းစာလေ့လာဖို့ ကမ်းလှမ်းတဲ့အခါ ကျွန်တော် ဝမ်းသာအားရ လက်ခံလိုက်တယ်။ အနာဂတ် မြေကြီးပရဒိသုအကြောင်း ကျမ်းစာကတိကို ပထမဆုံးအကြိမ် ကျွန်တော် သိလိုက်ရတယ်။ (ဟေရှာယ ၃၅:၅-၈) ဘုရားသခင်ရဲ့ နှစ်သက်လက်ခံမှု ရဖို့ ကျွန်တော့်အသက်တာကို အကြီးအကျယ် ပြုပြင်ပြောင်းလဲရမယ်မှန်း နားလည်လာတယ်။ ယေဟောဝါဘုရားက ကျွန်တော့် အကျင့်ဆိုးတွေ ရှိနေသရွေ့ ပရဒိသုမှာ နေခွင့်ပြုမှာ မဟုတ်ဘူး။ (၁ ကောရိန္သု ၆:၉၊ ၁၀) ဒါကြောင့် ဒေါသ ချုပ်တည်းဖို့၊ ဆေးလိပ် ဖြတ်ဖို့၊ မူးယစ်ဆေး ဖြတ်ဖို့၊ မသောက်ကြူးဖို့ ဆုံးဖြတ်ခဲ့တယ်။

 ၁၉၉၉ ခုနှစ်၊ ထောင်ဒဏ် ပြည့်ခါနီးမှာ အာဏာပိုင်တွေက ကျွန်တော့်ကို လူဝင်မှုကြီးကြပ်ရေး စခန်းကို ပို့လိုက်ကြတယ်။ ယေဟောဝါသက်သေတွေနဲ့ တစ်နှစ်ကျော် အဆက်အသွယ် မရတော့ဘူး။ ဒါပေမဲ့ ကျွန်တော် ဆက်ပြုပြင်ပြောင်းလဲဖို့ ဆုံးဖြတ်ထားတယ်။ ၂၀၀၀ ပြည့်နှစ်မှာ အစိုးရက အမေရိကန်မှာ နေထိုင်ခွင့်ကို ဖျက်သိမ်းပြီး တွန်ဂါကို ပြည်နှင်လိုက်တယ်။

 တွန်ဂါ ပြန်ရောက်တော့ ယေဟောဝါသက်သေတွေကို ရှာပြီး ကျမ်းစာ ပြန်လေ့လာတယ်။ သိရှိလာတာတွေကို သိပ်ကြိုက်တယ်။ တွန်ဂါက ယေဟောဝါသက်သေတွေက အမေရိကန်က ယေဟောဝါသက်သေတွေလိုပဲ ကျမ်းစာပေါ်အခြေခံပြီး သွန်သင်တာကို တွေ့ရတာ တကယ် လေးစားမိတယ်။

 ဘုရားကျောင်းမှာ တာဝန်ကြီး ရထားတဲ့အဖေ့ကို မသိသူရှားတယ်။ ဒါကြောင့် ကျွန်တော် ယေဟောဝါသက်သေတွေနဲ့ ပေါင်းသင်းနေတာ တွေ့တော့ မိသားစုက အစပိုင်းမှာ နားမလည်ကြဘူး၊ စိတ်ဆိုးကြတယ်။ ဒါပေမဲ့ နောက်ပိုင်း၊ ကျမ်းစာအခြေခံမူတွေက ကျွန်တော့်အသက်တာကို သန့်စင်စေတာ တွေ့ရလို့ မိဘတွေ လက်ခံလာကြတယ်။

တခြားတွန်ဂါအမျိုးသားတွေလိုပဲ ကာဗာအရက်ကို အပတ်တိုင်း နာရီနဲ့ချီ ကျွန်တော် မှီဝဲခဲ့

 ပြောင်းလဲဖို့ အခက်ဆုံးအရာတစ်ခုကတော့ သောက်စားတဲ့ဓလေ့ပါပဲ။ တွန်ဂါအမျိုးသားတွေက ငရုတ်ကောင်းအမြစ်ကနေရတဲ့ ကာဗာအရက်ကို အပတ်တိုင်း နာရီနဲ့ချီ သောက်ကြတယ်။ အခု ကိုယ့်အရပ်ဒေသ ပြန်ရောက်ပြီဆိုတော့ ရိုးရာထုံးစံ လိုက်ပြီး ညတိုင်း ကာဗာကလပ် သွား၊ လူမှန်းသူမှန်းမသိအောင် သောက်ဖြစ်လာတယ်။ ပြဿနာက ကျမ်းစာစံနှုန်း မလိုက်တဲ့ အပေါင်းအသင်းတွေကြောင့်ပါ။ နောက်ဆုံးတော့ ကျွန်တော့်အကျင့်ကို ဘုရား မနှစ်သက်မှန်း သိလာတယ်။ ဘုရားရဲ့ ကောင်းချီး၊ နှစ်သက်မှု ရဖို့ ကျွန်တော် ပြောင်းလဲခဲ့ရတယ်။

 ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးအားလုံးကို စတက်တယ်။ ဘုရားနှစ်သက်မှု ရအောင် ကြိုးစားနေသူတွေနဲ့ ပေါင်းသင်းတဲ့အတွက် သွေးဆောင်မှုတွေကို တွန်းလှန်နိုင်ခဲ့တယ်။ ၂၀၀၂ ခုနှစ်မှာ ယေဟောဝါသက်သေတစ်ဦးအဖြစ် နှစ်ခြင်းခံလိုက်တယ်။

အကျိုးကျေးဇူး ခံစားခဲ့ရပုံ

 “ဘုရားသခင် စိတ်ရှည်ရတဲ့ အကြောင်းရင်းက ဘယ်သူ့ကိုမှ မပျက်စီးစေချင်လို့၊ လူအားလုံးကို နောင်တရစေချင်လို့ပါ” လို့ ကျမ်းစာမှာ ဆိုထားတဲ့အတိုင်း ဘုရားရဲ့ စိတ်ရှည်မှုကြောင့် ကျွန်တော် အကျိုးခံစားရတယ်။ (၂ ပေတရု ၃:၉) ဒီယိုယွင်းနေတဲ့ စနစ်ဟောင်းကို ဟိုးအရင်ကတည်းက ဘုရား ဖျက်ဆီးပစ်လိုက်လို့ ရတယ်။ ဒါပေမဲ့ ကျွန်တော့်လိုလူတွေ ဘုရားနဲ့ ရင်းနှီးလာအောင် အချိန်လုံလုံလောက်လောက် ပေးထားတယ်။ တခြားသူတွေကို ဘုရားနဲ့ ရင်းနှီးလာအောင် ကူညီပေးဖို့ ကျွန်တော့်ကိုလည်း ဘုရားအသုံးပြုနိုင်တယ်လို့ ခံစားရတယ်။

 ယေဟောဝါဘုရားရဲ့ အကူအညီနဲ့ ထိန်းမနိုင်သိမ်းမရ ဘဝကနေ လွတ်လာပါပြီ။ မူးယစ်ဆေး ဝယ်ဖို့ တခြားသူတွေဆီက မခိုးတော့ဘူး။ သူတို့တွေ ယေဟောဝါနဲ့ မိတ်ဆွေ ဖြစ်လာအောင် ကြိုးစားကူညီပေးနေပါတယ်။ ယေဟောဝါသက်သေတွေနဲ့ ပေါင်းသင်းမှုကြောင့် ချစ်ဇနီး တီယာနဲ့ ဆုံစည်းခွင့် ရခဲ့တယ်။ အခု သားလေးနဲ့အတူ ပျော်ရွှင်တဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားပါတယ်။ ငြိမ်သက်အေးချမ်းတဲ့ ပရဒိသုမှာ ထာဝစဉ် အသက်ရှင်ခွင့် ရမယ်ဆိုတဲ့ ကျမ်းစာပါ အနာဂတ် မျှော်လင့်ချက်အကြောင်း တခြားသူတွေကို မိသားစုလိုက် ပြောပြနေကြပါတယ်။