မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့ကို ဘုရားသခင် ချစ်နိုင်ပါ့မလား

ကျွန်ုပ်တို့ကို ဘုရားသခင် ချစ်နိုင်ပါ့မလား

ဘုရားသခင် ချစ်တဲ့သူတွေအကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ သူတို့အကြောင်းဖတ်ပြီး ‘ငါ့ကိုရော ဘုရားသခင် ချစ်နိုင်ပါ့မလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးဖူးသလား။ ‘ငါက အပြစ်ကင်းတဲ့သူ၊ ဖြောင့်မတ်တဲ့သူမဟုတ်တော့ မှန်ရာကို အမြဲလုပ်နိုင်မှာ မဟုတ်ဘူး’ လို့ သင် စဉ်းစားမိနိုင်တယ်။

ယောဘဟာ “အပြစ်ကင်းပြီး ရိုးဖြောင့်” သူဖြစ်တယ်။—ယောဘ ၁:၁ကဘ

ရှေးခေတ်အစ္စရေးလူမျိုးရဲ့ဘိုးဘေး ယောဘကို “အပြစ်ကင်းပြီး ရိုးဖြောင့်” သူလို့ ခေါ်ဆိုကြတယ်။ (ယောဘ ၁:၁ကဘ) ဘိုးဘေးနောက်တစ်ယောက်ဖြစ်တဲ့ လောတကိုလည်း “ဖြောင့်မတ်သောသူ” လို့ခေါ်ဆိုကြတယ်။ (၂ ပေတရု ၂:၈) ရှေးခေတ်အစ္စရေးဘုရင် ဒါဝိဒ်ကို ဘုရားသခင် “နှစ်သက်သောအမှုကိုသာပြုကျင့်” သူလို့ ဆိုထားတယ်။ (၃ ဓမ္မရာဇဝင် ၁၄:၈သမ္မာ) ဒါပေမဲ့ သူတို့အကြောင်းကို အသေးစိတ်လေ့လာတဲ့အခါ (၁) သူတို့ အပြစ်လုပ်ခဲ့ကြတယ်၊ (၂) သူတို့ရဲ့စံမူနာကနေ သင်ယူစရာ အများကြီးရှိတယ်၊ (၃) အပြစ်မကင်းတဲ့လူသားတွေဟာ ဘုရားသခင်ရဲ့ချစ်မြတ်နိုးမှု ရရှိနိုင်တယ်ဆိုတာတွေကို သိရှိရပါလိမ့်မယ်။

သူတို့ အပြစ်လုပ်ခဲ့ကြ

“အကျင့်ပျက်သော တရားမဲ့သူတို့၏ ကာမဂုဏ်လိုက်စားခြင်းကြောင့် အလွန်စိတ်ဆင်းရဲရသည့် ဖြောင့်မတ်သောသူ လောတကို [ဘုရားသခင်] ကယ်နုတ်တော်မူခဲ့၏။” —၂ ပေတရု ၂:၇

ယောဘဟာ မတရားပုံပေါက်တဲ့ ဆင်းရဲဒုက္ခအမျိုးမျိုးကို ခံခဲ့ရတယ်။ အဲဒီအခါ သူ့ရဲ့အတွေးအခေါ်တွေ မှားလာပြီး ဘုရားသခင်ကို ယုံတာပဲဖြစ်ဖြစ်၊ မယုံတာပဲဖြစ်ဖြစ် ကိုယ်တော်ဂရုစိုက်မှာ မဟုတ်ဘူးလို့တောင် ကောက်ချက်ချခဲ့တယ်။ (ယောဘ ၉:၂၀-၂၂) ဒါတင်မကဘူး၊ ယောဘက ကိုယ့်ဖြောင့်မတ်မှုကို စိတ်ချလွန်းတဲ့အတွက် ဘုရားသခင်ထက် သူပိုပြီးဖြောင့်မတ်တယ်လို့တောင် ပြောလာတယ်။—ယောဘ ၃၂:၁၊ ၂; ၃၅:၁၊ ၂

လောတက ရှင်းလင်းပြတ်သားပြီး ရိုးရှင်းတဲ့ဆုံးဖြတ်ချက်ချဖို့ တွေဝေနေတယ်။ သောဒုံနဲ့ဂေါမောရမြို့သားတွေရဲ့ ယုတ်ညံ့တဲ့ကိုယ်ကျင့်တရားတွေကြောင့် လောတ အလွန်စိတ်အနှောင့်အယှက်ဖြစ်ပြီး “စိတ်ဆင်းရဲခဲ့ရ” တယ်။ (၂ ပေတရု ၂:၈) ဆိုးညစ်တဲ့မြို့တွေကို ဖျက်ဆီးတော့မယ့်အကြောင်း၊ မိသားစုနဲ့အတူ လောတကို လွတ်မြောက်ခွင့်ပေးမယ့်အကြောင်း ဘုရားသခင် ပြောခဲ့တယ်။ စိတ်ဆင်းရဲနေတဲ့ လောတက ဦးဆုံးထွက်ပြေးမှာပဲလို့ သင် မြင်ယောင်မိနိုင်တယ်။ ဒါပေမဲ့ သေရေးရှင်ရေးအချိန်မှာ လောတ ချက်ချင်းထွက်မပြေးခဲ့ဘူး။ အဲဒီအခါ ကောင်းကင်တမန်တွေက သူတို့မိသားစုကို လက်ဆွဲပြီး မြို့ပြင် ခေါ်ထုတ်သွားတယ်။—ကမ္ဘာဦး ၁၉:၁၅၊ ၁၆

ဒါဝိဒ်က “ငါ [ဘုရားသခင်] နှစ်သက်သောအမှုကိုသာပြုကျင့်၍ စိတ်နှလုံးအကြွင်းမဲ့ ငါ့ [ဘုရားသခင်] နောက်သို့လိုက်လေ၏။” —၃ ဓမ္မရာဇဝင် ၁၄:၈သမ္မာ

ဒါဝိဒ်က တစ်ကြိမ်မှာ သတိလက်လွတ်ဖြစ်ပြီး သူများမယားနဲ့ အိမ်ထောင်ရေးဖောက်ပြန်ခဲ့တယ်။ သူရဲ့အပြစ်ကို ဖုံးကွယ်ဖို့ ခင်ပွန်းသည်ကို သေအောင်ကြံစည်လိုက်တယ်။ (၂ ဓမ္မရာဇဝင် အခန်းကြီး ၁၁) ဒါဝိဒ်ရဲ့လုပ်ရပ်ကို ‘ထာဝရဘုရား နှစ်သက်တော်မမူ’ ဘူးလို့ ကျမ်းစာမှာ ဖော်ပြထားတယ်။—၂ ဓမ္မရာဇဝင် ၁၁:၂၇

ယောဘ၊ လောတနဲ့ ဒါဝိဒ်တို့အားလုံးက အပြစ်တွေလုပ်ခဲ့ကြတယ်။ တချို့အပြစ်တွေဆိုရင် တော်တော်လေးဆိုးရွားတယ်။ ဒါပေမဲ့ သူတို့သုံးယောက်စလုံးက ဘုရားသခင်ကို နာခံမှုရှိရှိ စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုကိုးကွယ်ကြတယ်။ သူတို့အမှားအတွက် ဝမ်းနည်းကြေကွဲကြောင်းဖော်ပြတဲ့အပြင် လိုအပ်ရင် သူတို့ရဲ့ဘဝလမ်းစဉ်ကိုပြောင်းလဲဖို့ အသင့်ရှိကြတယ်။ ဒါကြောင့် သူတို့ကို ဘုရားချစ်တဲ့သစ္စာရှိသူတွေလို့ ကျမ်းစာမှာ ဖော်ပြထားတာဖြစ်တယ်။

သူတို့ဆီကနေ သင်ယူစရာများ

ဘယ်သူမှ ခြောက်ပြစ်ကင်းသဲလဲစင်တွေ မဟုတ်ပါဘူး။ (ရောမ ၃:၂၃) ဒါကြောင့် ကျွန်ုပ်တို့အပြစ်လုပ်မိတိုင်း ဝမ်းနည်းကြေကွဲကြောင်းဖော်ပြပြီး မှန်ရာကို အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်ဖို့လိုတယ်။

ယောဘ၊ လောတနဲ့ ဒါဝိဒ်တို့က သူတို့မှားတာကို မှားမှန်းသိပြီး ဘယ်လိုပြုပြင်ခဲ့သလဲ။ တကယ်တော့ ယောဘဟာ သမာဓိရှိသူဖြစ်တယ်။ ဘုရားရဲ့ ကျိုးကြောင်းဆင်ခြင်မှုကို ယောဘခံယူပြီးနောက် သူ့ရဲ့အတွေးအခေါ်မှားတွေကို ပြုပြင်ပြီး ပြောမှားဆိုမှားမိတဲ့အတွက်လည်း ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြခဲ့တယ်။ (ယောဘ ၄၂:၆) သောဒုံနဲ့ ဂေါမောရမြို့သားတွေရဲ့ အကျင့်ယိုယွင်းမှုအပေါ်ထားတဲ့ လောတရဲ့ရှုမြင်ပုံက ဘုရားသခင်ရဲ့စံနှုန်းနဲ့ တစ်ထပ်တည်းပါပဲ။ လောတရဲ့အမှားက သေရေးရှင်ရေးအချိန်မှာ အရေးတကြီးလုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တာဖြစ်တယ်။ နောက်ဆုံးမှာတော့ မြို့ပြင်ကိုထွက်ပြေးသွားတဲ့အတွက် အသက်ဘေးကနေ လွတ်မြောက်သွားတယ်။ နောက်မှာကျန်ရစ်ခဲ့တဲ့အရာတွေကို လှည့်မကြည့်နဲ့ဆိုတဲ့အမိန့်ကို နာခံခဲ့တယ်။ ဒါဝိဒ်က ဘုရားရဲ့ပညတ်ကို ချိုးဖောက်ပြီး ကြီးမားတဲ့အပြစ်ကိုလုပ်ခဲ့ပေမဲ့ စိတ်ရင်းမှန်နဲ့ နောင်တစစ်ရကြောင်းဖော်ပြပြီး ဘုရားသခင်ရဲ့ ကရုဏာရဖို့ အသနားခံခဲ့တယ်။—ဆာလံ အခန်းကြီး ၅၁

ဘုရားသခင်က အပြစ်မကင်းတဲ့လူတွေဆီကနေ ထိုက်သင့်သလောက်ပဲ မျှော်လင့်ထားတဲ့အတွက် သူတို့ကို ချစ်မြတ်နိုးတာပါ။ ဒါကြောင့် “ငါတို့ကိုယ်ခန္ဓာကို သိတော်မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ” တယ်လို့ ဘုရားသခင် ပြောခဲ့တာဖြစ်တယ်။ (ဆာလံ ၁၀၃:၁၄) ဒါဆိုရင် ကျွန်ုပ်တို့က ခြောက်ပြစ်ကင်းသဲလဲစင်မဟုတ်မှန်း ဘုရားသခင်သိထားတော့ ကျွန်ုပ်တို့ဆီကနေ ဘာတောင်းဆိုသလဲ။

ဘုရားသခင်က “ငါတို့ကိုယ်ခန္ဓာကို သိတော်မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ၏။”—ဆာလံ ၁၀၃:၁၄

အပြစ်မကင်းတဲ့လူသားတွေကို ဘုရားသခင် ချစ်နိုင်ပါ့မလား

သားဖြစ်သူရှောလမုန်ကို အဖေဖြစ်သူဒါဝိဒ်ရဲ့ ဆုံးမစကားကနေ ဘုရားသခင်ရဲ့ ချစ်မြတ်နိုးမှုကိုရဖို့ ကျွန်ုပ်တို့ ဘာလုပ်ရမလဲဆိုတာ သိရှိနိုင်ပါတယ်။ ‘ငါ့သားရှောလမုန်၊ သင့်အဘ၏ဘုရားသခင်ကို သိလော့။ စုံလင်သောနှလုံးနှင့် [“စိတ်နှလုံးအကြွင်းမဲ့၊” ကဘ] ဝတ်ပြုလော့။’ (၁ ရာဇဝင်ချုပ် ၂၈:၉) စိတ်နှလုံးအကြွင်းမဲ့ဆိုတာ ဘာကိုဆိုလိုတာလဲ။ ဘုရားအလိုတော်ကိုသိရှိပြီး ချစ်တဲ့စိတ်နဲ့လုပ်ဆောင်တာကို ဆိုလိုခြင်းဖြစ်တယ်။ ဘုရားသခင်ကို နာခံပြီး ဆုံးမတည့်မတ်ပေးတာကို ခံယူချင်စိတ်ရှိတာဖြစ်တယ်။ ဒါပေမဲ့ ခြောက်ပြစ်ကင်းသဲလဲစင် စိတ်နှလုံးမျိုးရှိရမယ်လို့ ပြောနေတာ မဟုတ်ဘူး။ ယောဘ၊ လောတနဲ့ ဒါဝိဒ်တို့က ဘုရားသခင်ကိုချစ်တဲ့စိတ်နဲ့ နာခံချင်ကြတယ်။ ဒါကြောင့် ယောဘကို “အပြစ်ကင်း” သူ၊ လောတကို “ဖြောင့်မတ်” သူ၊ ဒါဝိဒ်ကို ဘုရားသခင် “နှစ်သက်သောအမှုကိုသာပြုကျင့်” သူလို့ ကိုယ်တော် ယူမှတ်ခဲ့တာဖြစ်တယ်။ သူတို့က အပြစ်တွေလုပ်ခဲ့ကြပေမဲ့ ဘုရားသခင်ရဲ့ ချစ်မြတ်နိုးမှုကို ရရှိခဲ့ကြတယ်။

စိတ်နှလုံးအကြွင်းမဲ့ဆိုတာ ဘုရားအလိုတော်ကိုသိရှိပြီး ချစ်တဲ့စိတ်နဲ့လုပ်ဆောင်တာကို ဆိုလိုခြင်းဖြစ်

တကယ်လို့ အတွေးအခေါ်မှားတွေ စိတ်ထဲဝင်လာမိရင်၊ အပြစ်ရှိတဲ့စကားတွေ ပြောမိရင်၊ နောက်မှမှားမှန်းသိတဲ့အရာတွေကို လုပ်မိရင် ဆွေးနွေးခဲ့တဲ့ ပုံနမူနာတွေကနေ ခွန်အားယူကြပါစို့။ ခုချိန်မှာ အပြစ်ကင်းသူ ရှိမှာမဟုတ်ဘူးဆိုတာ ဘုရားသခင် သိထားပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့က ဘုရားသခင်ကိုချစ်ပြီး နာခံမှုရှိရှိ ကြိုးစားအားထုတ်နေကြဖို့ ကိုယ်တော် တောင်းဆိုထားတယ်။ အဲဒီတောင်းဆိုချက်ကို စိတ်နှလုံးအကြွင်းမဲ့ လုပ်ဆောင်ရင် ကျွန်ုပ်တို့ကိုလည်း ဘုရားသခင် ချစ်မြတ်နိုးမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။