မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အောင်မြင်ဖြတ်သန်း ဇရာအိုဘဝ

အောင်မြင်ဖြတ်သန်း ဇရာအိုဘဝ

သက်ကြီးလာတဲ့အကြောင်း စဉ်းစားလိုက်ရင် အတွေးထဲ ဘာတွေပေါ်လာလဲ။ အသက်အရွယ်ရလာတာနဲ့အမျှ အိုမင်းရင့်ရော်လာတာ၊ မှတ်ဉာဏ်မကောင်းတော့တာ၊ နာတာရှည်ရောဂါတွေ ဖြစ်လာတာကြောင့် လူအများစုက စိုးရိမ်ပူပန်မှုတွေ၊ ထိတ်လန့်ကြောက်ရွံ့စိတ်တွေ ပေါ်လာတယ်။

ဒါပေမဲ့ အသက်ကြီးလာတဲ့ အခြေအနေချင်း တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ တချို့က အသက်ကြီးလာတဲ့အထိ ကိုယ်စိတ်နှစ်ပါးစလုံး ကျန်းကျန်းမာမာ ရှိကြတယ်။ တချို့ကျတော့ ခေတ်မီဆေးဝါးတွေကြောင့် နာတာရှည်ရောဂါတွေကို ထိန်းထားနိုင်၊ ကုသနိုင်ကြတယ်။ ဒါကြောင့် တချို့နိုင်ငံက လူအတော်များများဟာ ကျန်းမာရေးပိုကောင်းလာပြီး အသက်ပိုရှည်လာကြတယ်။

အသက်ကြီးပိုင်းပြဿနာတွေ ကြုံရတာပဲဖြစ်ဖြစ် မကြုံရတာပဲဖြစ်ဖြစ် လူအများစုက ဇရာအိုဘဝကို အောင်မြင်စွာဖြတ်သန်းချင်ကြတယ်။ အဲဒီလိုဖြတ်သန်းနိုင်အောင် သက်ကြီးရွယ်အို ဘဝစာမျက်နှာသစ်ကို တလိုတလားလက်ခံလိုတဲ့ သဘောထားနဲ့ အလိုက်သင့်နေတတ်မှုအပေါ် မူတည်ပါတယ်။ အဲဒီလိုလုပ်နိုင်ဖို့ ရိုးရှင်းလက်တွေ့ကျတဲ့ ကျမ်းစာလမ်းညွှန်ချက်တွေကို သုံးသပ်ကြည့်ကြစို့။

ကျိုးနွံမှုရှိပါ– “စိတ်နှိမ့်ချသောသူ [“ကျိုးနွံသူ၊” ကဘ] တို့၌ကား ပညာရှိ၏။” (သုတ္တံ ၁၁:၂) “ကျိုးနွံသူ” တွေဆိုတာက စိတ်သွားတိုင်း ကိုယ်မပါတော့တဲ့အဖြစ်ကို အရှိကိုအရှိအတိုင်း လက်ခံတဲ့ သက်ကြီးရွယ်အိုတွေကို ပြောနေတာပါ။ ဘရာဇီးနိုင်ငံက ၉၃ နှစ်အရွယ် အဘိုးချားလ်စ် ခုလိုပြောတယ်– “အသက်ရှည်လာလေလေ အသက်ပိုကြီးလာလေလေပဲပေါ့။ အသက်ပြန်ငယ်သွားတယ်ဆိုတာမှ မရှိတာ။”

ဒါပေမဲ့ ကျိုးနွံမှုရှိပါဆိုတာကြောင့် “ငါက အသက်ကြီးနေပါပြီ၊ ဘာမှသုံးစားလို့ မရတော့ပါဘူး” ဆိုပြီး ဘဝကို လွယ်လွယ်လေးနဲ့ အရှုံးပေးချင်စိတ်ကို လက်ခံခိုင်းနေတာမဟုတ်ပါဘူး။ အဲဒီလိုသဘောထားရှိမယ်ဆိုရင် ခြေမှိုင်လက်မှိုင်ကျသွားနိုင်ပါတယ်။ “သင်သည် အမှုရောက်သောကာလ၌ စိတ်ပျက်လျှင် အားနည်း၏” လို့ကျမ်းစာမှာဆိုထားပါတယ်။ (သုတ္တံ ၂၄:၁၀) ဒါကြောင့် ကျိုးနွံမှုရှိတဲ့ သက်ကြီးရွယ်အိုတစ်ဦးက အကောင်းမြင်စိတ်နဲ့ တတ်နိုင်သလောက် အကောင်းဆုံးလုပ်ဆောင်တယ်။

အီတလီနိုင်ငံက ၇၇ နှစ်အရွယ် အဘိုးကိုရာဒို ခုလိုပြောတယ်– “တောင်ပေါ်လမ်းတွေမှာ ကားမောင်းရင် ရုတ်တရက် စက်ထိုးရပ်သွားတာမျိုးမဖြစ်အောင် ဂီယာချိန်းပေးနေရတယ်။” အဲဒီလိုပါပဲ၊ လူတချို့က အသက်ကြီးလာတဲ့အခါ ဂီယာချိန်းပေးသလိုမျိုး အပြောင်းအလဲလုပ်ဖို့ လိုအပ်ပါတယ်။ ကိုရာဒိုဇနီးမောင်နှံက ညနေပိုင်းမှာ မလှုပ်ချင်မကိုင်ချင်တဲ့အထိ မောပန်းသွားတာမျိုး မဖြစ်အောင် အိမ်မှုကိစ္စတွေကို နားနားနေနေ လုပ်တတ်လာတယ်။ အသက်အရွယ်ကြီးရင့်မှုအပေါ် လက်တွေ့ကျကျရှုမြင်တတ်တဲ့ ဘရာဇီးနိုင်ငံက ၈၁ နှစ်အရွယ် အဘွားမေရီယန် ဒီလိုပြောပြတယ်– “ကိုယ့်မှာ အရင်လိုခွန်အားတွေ မရှိတော့ဘူးဆိုတာ သိထားတော့ အလုပ်တွေကို ဇယ်ဆက်သလို မလုပ်ဘူး။ ထိုင်ပြီးမှ၊ လဲလျောင်းပြီးမှ စာဖတ်တယ်၊ သီချင်းနားထောင်တယ်။ ဘာပဲဖြစ်ဖြစ်၊ ခုချိန်မှာ အရင်တုန်းကလောက် ကိုယ်မလုပ်နိုင်တော့ဘူးဆိုတာကို လက်ခံထားရမယ်လေ။”

မျှတမှုရှိပါ

မျှတမှုရှိပါ– “အမျိုးသမီးတို့သည်လည်း ဣန္ဒြေရှိခြင်း၊ သမာသတိရှိခြင်းနှင့်တကွ တင့်တယ်သောအဝတ်အစားဖြင့် ကိုယ်ကို ဆင်ယင်စေလို၏။” (၁ တိမောသေ ၂:၉) “တင့်တယ်သောအဝတ်အစား” ဆိုတာက သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်တာမျိုးကို ဆိုလိုတယ်။ ကနေဒါနိုင်ငံက ၇၄ နှစ်အရွယ် ဘာဘရာ ဒီလိုပြောတယ်– “အဘွားက သပ်သပ်ရပ်ရပ်၊ သန့်သန့်ရှင်းရှင်းနေတယ်။ ငါအသက်ကြီးနေပြီ၊ ငါ့ဟာငါ ဘယ်လိုနေနေ ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုဘူးဆိုတဲ့သဘောမျိုးနဲ့ ဖိုသီဖတ်သီနေတာမျိုး မလုပ်ဘူး။” ဘရာဇီးနိုင်ငံက ၉၁ နှစ်အရွယ် ဖာရ်န်က “အဝတ်အစားသစ် ၀ယ်ဝတ်လိုက်ပြီဆိုရင် အဘွားစိတ်ထဲ တအားလန်းဆန်းသွားတာပဲ” လို့ပြောတယ်။ ဒီလိုဆို အဘိုးတွေကကော ဘယ်လိုများ ပြောထားသေးလဲ။ “သန့်ရှင်းသစ်လွင်တဲ့ အဝတ်အစားတွေဝတ်ပြီး ကိုယ့်ကိုယ်ကိုယ် စမတ်ကျအောင် နေတယ်” လို့ ဘရာဇီးနိုင်ငံက ၇၃ နှစ်အရွယ် အဘိုးအာန်တိုနီယို ပြောတယ်။ တစ်ကိုယ်ရေသန့်ရှင်းမှုအကြောင်းလည်း ခုလိုထပ်ပြောသေးတယ်– “အဘိုးက နေ့တိုင်း ရေချိုး၊ မုတ်ဆိတ်ရိတ်တယ်။”

ဒါပေမဲ့ “သမာသတိ” မဲ့သွားတဲ့အထိ ကိုယ်အသွင်အပြင်ကို အလွန်အမင်း အာရုံမစိုက်မိဖို့ လိုပါတယ်။ အဝတ်အစားအပေါ် မျှတတဲ့အမြင်ရှိတဲ့ တောင်ကိုးရီးယားနိုင်ငံက ၆၉ နှစ်အရွယ် ဘိုခ်အီန် ခုလိုပြောတယ်– “ငယ်ငယ်တုန်းက ဝတ်ခဲ့တဲ့အဝတ်တွေကို ခုချိန်မှာဝတ်ရင် ဘယ်လိုမှကြည့်မကောင်းမှန်း အဘွား သိတာပေါ့။”

အကောင်းမြင်စိတ်ရှိပါ

အကောင်းမြင်စိတ်ရှိပါ– “ရွှင်လန်းသောစိတ်ရှိသူတို့၏ ဘဝမှာမူ အစဉ်သာယာလျက်ရှိပေသည်။” (သုတ္တံ ၁၅:၁၅ခမ) အသက်ကြီးသူတွေက လူငယ့်ခွန်အားတွေ၊ အရင်တုန်းက သူတို့လုပ်နိုင်ခဲ့တဲ့အရာတွေကို ပြန်မြင်ယောင်တဲ့အခါ သူတို့ရဲ့ အခုအနေအထားကြောင့် အပျက်သဘောထားတွေ ဝင်လာနိုင်တယ်။ ဒီလိုဖြစ်တာ မဆန်းပါဘူး။ ဒါပေမဲ့ အပျက်သဘောထားချည်းပဲ တွေးမနေပါနဲ့။ အတိတ်အကြောင်းကိုပဲ တဝဲလည်လည် စဉ်းစားနေရင် စိတ်ပျက်မှိုင်တွေလာမှာဖြစ်ပြီး လောလောဆယ် ကိုယ်လုပ်နိုင်တဲ့အရာတွေကိုတောင် မလုပ်ချင်တဲ့အထိ စိတ်ဓာတ်ကျသွားနိုင်ပါတယ်။ ကနေဒါနိုင်ငံက ၇၉ နှစ်အရွယ် ဂျိုဇက်က “အဘိုး လုပ်နိုင်တာလေးတွေကို ကြိုးစားလုပ်တယ်။ လူငယ်အရွယ်မှာ လုပ်နိုင်ခဲ့ပေမဲ့ အခုအရွယ်မှာ မလုပ်နိုင်တော့တဲ့အတွက် စိတ်မကောင်း ဖြစ်မနေဘူး” လို့ပြောတယ်။

စာဖတ်ခြင်း၊ သင်ယူခြင်းတွေကြောင့် အကောင်းမြင်တတ်လာတယ်၊ စိတ်ကူးအသစ်တွေ ထွက်လာတယ်။ ဒါကြောင့် ကိုယ့်အတိုင်းအတာလေးနဲ့ကိုယ် စာဖတ်ပါ၊ တစ်ခုခု သင်ယူပါ။ ဖိလစ်ပိုင်နိုင်ငံက ၇၄ နှစ်အရွယ် အဘိုးအာနက်စတိုက စာကြည့်တိုက်သွားပြီး စာအုပ်ကောင်းတွေ ရှာဖတ်တယ်။ “ကမ္ဘာပတ်ပြီး စွန့်စွန့်စားစား ခရီးသွားတဲ့အကြောင်း ဖတ်ရတာကို အဘိုးကြိုက်နေတုန်းပဲ” လို့ ပြောတယ်။ ဆွီဒင်နိုင်ငံက ၇၅ နှစ်အရွယ် လာန်နတ်ဆိုရင် ဘာသာစကားအသစ်ကို ကြိုးစားပမ်းစား သင်ယူတယ်။

ရက်ရောပါ

ရက်ရောပါ– “ပေးကမ်းခြင်းကို ကျင့်ယူကြလော့။ သို့ပြုလျှင် သင်တို့အား ပေးကမ်းကြလိမ့်မည်။” (လုကာ ၆:၃၈) တခြားသူတွေကို ကိုယ့်ရဲ့အချိန်၊ ပစ္စည်းဥစ္စာ ပေးနိုင်အောင် ကြိုးစားပါ။ အဲဒီလိုလုပ်မယ်ဆိုရင် ပျော်ရွှင်မှုနဲ့ အောင်မြင်မှု ခံစားရပါလိမ့်မယ်။ ဘရာဇီးနိုင်ငံက အသက် ၈၅ နှစ်အရွယ် အိုဆာဆိုရင် ဖျတ်ဖျတ်လတ်လတ်မရှိတော့ပေမဲ့ တခြားသူတွေကို ကြိုးစားကူညီပေးတယ်။ အဘွား ခုလိုပြောတယ်– “နေမကောင်းဖြစ်နေတဲ့၊ စိတ်ဓာတ်ကျနေတဲ့ မိတ်ဆွေတွေကို ဖုန်းဆက်တယ်၊ စာရေးတယ်။ တစ်ခါတလေ လက်ဆောင်တောင် ပို့ပေးလိုက်သေးတယ်။ နေမကောင်းတဲ့သူတွေ ကြိုက်တတ်တဲ့ အစားအစာတွေ ချက်ပြုတ်ပေးရတာကို သဘောကျတယ်။”

ကိုယ်က ရက်ရောရင် တခြားသူတွေလည်း ကိုယ့်လို ရက်ရောလာပါလိမ့်မယ်။ “တစ်ဦးမေတ္တာ တစ်ဦးမှာ ဆိုသလိုပေါ့၊ မေတ္တာက ရောင်ပြန်ဟပ်တတ်တယ်” လို့ ဆွီဒင်နိုင်ငံက ၆၆ နှစ်အရွယ် အဘွားယာန် ပြောတယ်။ ရက်ရောသူတစ်ဦးက နွေးထွေးပျော်ရွှင်စရာကောင်းတဲ့ ဝန်းကျင်တစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။

ဖော်ရွေမှုရှိပါ– “သူတစ်ပါးနှင့်မရောနှောသောသူသည် မိမိအလိုဆန္ဒပြည့်စုံစေရန်သာ ရှာဖွေ၍ ပညာလမ်းအတိုင်းမလိုက်ဘဲ မကောင်းကြံစည်ပြုလုပ်တတ်၏။” (သုတ္တံ ၁၈:၁သမ္မာ) တစ်ယောက်တည်းနေချင်တဲ့အချိန်တွေ ရှိတာမှန်ပေမဲ့ တစ်သီးပုဂ္ဂလနေတာမျိုး မလုပ်ပါနဲ့။ မိတ်ဆွေတွေနဲ့ ပေါင်းသင်းရတာကို ကြိုက်တဲ့ နိုင်ဂျီးရီးယားနိုင်ငံက ၇၂ နှစ်အရွယ် အင်န်နာဆဲန့် ဒီလိုပြောပြတယ်– “အဘိုးက လူကြီးလူငယ်အားလုံးနဲ့ တည့်အောင်ပေါင်းတယ်။” ဆွီဒင်နိုင်ငံက ၈၅ နှစ်အရွယ် ဘိုယေး ဒီလိုပြောတယ်– “အဘိုးက လူငယ်တွေနဲ့ ကြိုစားပေါင်းတယ်။ သူတို့နဲ့ပေါင်းတော့ ကိုယ့်စိတ်ထဲမှာ ပြန်ငယ်သလို ခံစားရတာပေါ့။” မိတ်ဆွေတွေကို ကိုယ့်ဘက်က အစပြုပြီး ဖိတ်ခေါ်ပါ။ တောင်ကိုးရီးယားနိုင်ငံက ၇၂ နှစ်အရွယ် ဟန်ဆစ်ခ်က “လူကြီးလူငယ်အားလုံးနဲ့ ဝိုင်းဖွဲ့စားဖို့ ကျွန်တော်တို့ဇနီးမောင်နှံ ဖိတ်ခေါ်တတ်တယ်” လို့ ပြောတယ်။

ဖော်ရွေမှုရှိပါ

ဖော်ရွေတဲ့သူတွေဟာ ဆက်ဆံရေးကောင်းကြပါတယ်။ ဆက်ဆံရေးက နှစ်လမ်းမောင်းဖြစ်တာကြောင့် စကားပြောဖို့လိုသလို နားထောင်ပေးဖို့လည်း လိုပါတယ်။ တခြားသူတွေကို စိတ်ဝင်စားမှုပြပါ။ မိုဇမ်ဘစ်နိုင်ငံက ၇၁ နှစ်အရွယ် အီလီနာ အခုလိုပြောပြတယ်– “အဘွားက တခြားသူတွေကို လေးလေးစားစား ဖော်ဖော်ရွေရွေ ဆက်ဆံတယ်။ သူတို့ အကြိုက်၊ သူတို့စရိုက်ကိုသိအောင် သူတို့ပြောတာတွေကို နားထောင်ပေးတယ်။” ဘရားဇီးနိုင်ငံက ၇၃ နှစ်အရွယ် ဟူဇေ ဒီလိုပြောပြတယ်– “လူတွေက ကောင်းကောင်းနားထောင်ပေးတတ်တဲ့သူတွေအနားမှာ နေရတာကို သဘောကျတယ်။ သူတို့က ကိုယ့်အပေါ် စိတ်ဝင်စားပြီး နားလည်ပေးတဲ့အပြင် ဟာသတွေပြောပေးကြတယ်။ ချီးမွမ်းသင့်ချိန်မှာ ချီးမွမ်းပေးတတ်ကြတယ်။”

ကိုယ့်အမြင်တွေကို ပြောတဲ့အခါ “ဆားခတ်ထားသကဲ့သို့ အစဉ်နှစ်လို့ဖွယ်” ဖြစ်စေပါ။ (ကောလောသဲ ၄:၆) စဉ်းစားပြီးမှ ပြောပါ၊ အားပေးပါ။

ကျေးဇူးတင်စိတ်ရှိပါ– “ကျေးဇူးသိတတ်ပါ။” (ကောလောသဲ ၃:၁၅) သူတစ်ပါး ပေးလာတဲ့အကူအညီကို တန်ဖိုးထားလေးစားကြောင်း ဖော်ပြပါ။ ကျေးဇူးတင်ကြောင်း ဖော်ပြတာက ဆက်ဆံရေးကို ပြေပြစ်စေပါတယ်။ “ကျွန်တော်တို့ ဇနီးမောင်နှံ တိုက်ခန်းကိုပြောင်းတော့ မိတ်ဆွေတွေက အများကြီး ကူညီပေးကြတယ်။ အလုပ်များနေတာနဲ့ပဲ သူတို့ကို ကျေးဇူးတင်ကြောင်း ကောင်းကောင်းမပြောလိုက်ရဘူး။ ဒါကြောင့် သူတို့ကို ကျေးဇူးတင်တဲ့အနေနဲ့ ပို့စကတ်လေးတွေပို့ပေးတယ်၊ ထမင်းစားဖိတ်တယ်” လို့ ကနေဒါနိုင်ငံက ၇၄ နှစ်အရွယ် မာရီပေါလ် ပြောပြတယ်။ တောင်ကိုးရီးယားနိုင်ငံက ၇၆ နှစ်အရွယ် ဂျေဝှမ်က ဝတ်ပြုရာခန်းမဆီ သွားနိုင်အောင် ကားနဲ့လိုက်ပို့ပေးတာကို တန်ဖိုးထားကြောင်း ခုလိုပြောတယ်– “အဘွားကို ခုလိုအစစအရာရာ ကူညီပေးတာကို သိပ်ကျေးဇူးတင်တာပဲ။ ကျေးဇူးတင်တဲ့အနေနဲ့ ဓာတ်ဆီဖိုး နည်းနည်းပါးပါး စိုက်ပေးတယ်။ ကျေးဇူးတင်ကြောင်း ရေးထားတဲ့ လက်ဆောင်လေးတွေ ပေးနိုင်အောင် ကြိုလုပ်ထားတယ်။”

အဲဒါတွေထက် ပိုအရေးကြီးတာက အသက်ရှင်နေရတာကို ကျေးဇူးတင်လေးမြတ်ပါ။ “အသက်ရှင်သောခွေးသည် သေသောခြင်္သေ့ထက် သာ၍ကောင်းမြတ်၏” လို့ ကျမ်းစာမှာ ဆိုထားပါတယ်။ (ဒေသနာ ၉:၄) ဘဝစာမျက်နှာသစ် သက်ကြီးရွယ်အိုဘဝကို သဘောထားမှန်နဲ့ ဖြတ်သန်းသွားမယ်ဆိုရင် ဇရာအိုဘဝဟာ အောင်မြင်လှပနေမှာ အသေအချာပါပဲ။

ကျေးဇူးတင်စိတ်ရှိပါ