မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘဝအတ္ထုပ္ပတ္တိ

အားနည်းနေပေမဲ့ ခွန်အားရှိနေ

အားနည်းနေပေမဲ့ ခွန်အားရှိနေ

ဘီးတပ်ကုလားထိုင်ပေါ်က ကိုယ်အလေးချိန် ၆၅ ပေါင်ပဲရှိတဲ့ ကျွန်မကို အားရှိတယ်လို့ ဘယ်သူမှ ထင်မှာမဟုတ်ဘူး။ ကျွန်မရဲ့ကိုယ်ခန္ဓာက အားမရှိပေမဲ့ အတွင်းခွန်အားကတော့ ပြည့်နေတုန်းပဲ။ အားနည်းနေပေမဲ့ ဘယ်လိုအားရှိတယ်ဆိုတာ ကျွန်မရှင်းပြပါရစေ။

လေးနှစ်အရွယ်

ကျွန်မရဲ့ ကလေးဘဝကို စဉ်းစားလိုက်ရင် ပြင်သစ်နိုင်ငံ တောင်ပိုင်းက တောအိမ်လေးမှာ မိဘတွေနဲ့အတူ နေထိုင်ခဲ့တဲ့ ပျော်ရွှင်စရာနေ့ရက်တွေကို ပြန်အမှတ်ရမိတယ်။ အဖေလုပ်ပေးထားတဲ့ ဒန်းကို စီးရတာ၊ ခြံထဲမှာ ပြေးလွှားကစားရတာကို ကျွန်မ အရမ်းပျော်တယ်။ ၁၉၆၆ ခုနှစ်မှာ အိမ်ကို ယေဟောဝါသက်သေတွေ ရောက်လာပြီး အဖေနဲ့ စကားအကြာကြီး ပြောခဲ့ကြတယ်။ ခုနစ်လအကြာမှာ အဖေက သက်သေခံလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ မကြာခင်မှာ အမေလည်း သက်သေခံဖြစ်လာတဲ့အတွက် ကျွန်မဟာ နွေးထွေးတဲ့မိသားစုမှာ ကြီးပြင်းလာခဲ့တယ်။

မိဘတွေရဲ့ ဇာတိမြေဖြစ်တဲ့ စပိန်ကို ပြန်သွားပြီးမကြာခင်မှာ ကျွန်မရဲ့ ကျန်းမာရေး ချူချာလာတယ်။ လက်တွေနဲ့ ခြေမျက်စိတွေ တဆစ်ဆစ် နာကျင်လာတယ်။ ဆရာဝန်အတော်များများနဲ့ သွားပြပြီး နှစ်နှစ်အကြာမှာ နာမည်ကြီး အဆစ်အမြစ်အထူးကုဆီ ရောက်သွားတယ်။ “ခင်ဗျားတို့လာတာ အရမ်းနောက်ကျသွားပြီ” လို့ ဆရာဝန်ပြောလိုက်တဲ့အခါ အမေ ငိုပါလေရော။ ကျွန်မဟာ နာတာရှည် အဆစ်အမြစ်ရောင်တဲ့ရောဂါဖြစ်နေပြီ။ ကျွန်မရဲ့ ကိုယ်ခံအားစနစ်က ဆဲလ်ကောင်းတွေကို တိုက်ခိုက်နေပြီး ဖျက်ဆီးနေတယ်။ ဒါကြောင့် ကျွန်မရဲ့ အဆစ်အမြစ်တွေ နာကျင်ပြီး ရောင်နေတာလို့ ဆရာဝန်က ရှင်းပြတယ်။ အဲဒီတုန်းက ကျွန်မအသက် ၁၀ နှစ်ပဲရှိသေးတဲ့အတွက် ရောဂါအကြောင်း သိပ်နားမလည်ပေမဲ့ အခြေအနေမကောင်းဘူးဆိုတာတော့ သိလိုက်တယ်။

ကလေးဆေးရုံမှာ ကုသမှုခံယူဖို့ ဆရာဝန်က အကြံပြုတယ်။ စည်းကမ်းကြီးတဲ့ ကလေးဆေးရုံကို ရောက်တော့ ကျွန်မ စိတ်ပျက်သွားတယ်။ သူနာပြုတွေက ကျွန်မဆံပင်ကို ညှပ်ပစ်ပြီး ဆေးရုံအ၀တ်အစားတွေ ဝတ်ပေးတယ်။ ‘ဒီဆေးရုံမှာ ငါ ဘယ်လိုနေရမလဲ’ ဆိုပြီး စဉ်းစားရင်း မျက်ရည်ကျလာတယ်။

ယေဟောဝါဘုရားရဲ့ စောင့်ရှောက်မှုကို ခံစားရ

ယေဟောဝါဘုရားကို ဝတ်ပြုဖို့ မိဘတွေက ကျွန်မကို သင်ပေးထားလို့ ကလေးဆေးရုံမှာလုပ်တဲ့ ကက်သလစ်ဓလေ့ထုံးစံတွေမှာ မပါဝင်ခဲ့ဘူး။ အဲဒီဓလေ့ထုံးစံတွေကို ကျွန်မ ဘာဖြစ်လို့မလုပ်တာလဲဆိုတာ သူနာပြုတွေက သဘောမပေါက်ကြဘူး။ ကျွန်မကို ပစ်မထားပါနဲ့လို့ ဘုရားသခင်ဆီ အသနားခံခဲ့တယ်။ မကြာခင်မှာ မေတ္တာရှိတဲ့ဖခင်က ကျွန်မကို ပွေ့ဖက်ထားသလို ကိုယ်တော့်ရဲ့ ကာကွယ်မှုကို ခံစားခဲ့ရတယ်။

စနေနေ့တွေမှာ ကျွန်မဆီကို မိဘတွေ ခဏလာလည်ခွင့်ရတယ်။ ကျွန်မရဲ့ ယုံကြည်ခြင်း ခိုင်မြဲနေစေဖို့ ကျမ်းစာ စာပေတွေ ယူလာပေးတယ်။ တကယ်ဆို ကလေးတွေက စာအုပ်တွေ ယူထားခွင့်မရဘူး။ ကျွန်မကိုတော့ သူနာပြုတွေက စာပေတွေနဲ့အတူ ကျမ်းစာအုပ် ယူထားခွင့်ပြုခဲ့တယ်။ ကျမ်းစာကို ကျွန်မ နေ့တိုင်း ဖတ်ခဲ့တယ်။ အနာဂတ်မှာ သာယာလှပတဲ့မြေကြီးပေါ် ကျန်းကျန်းမာမာနဲ့ ထာဝစဉ်အသက်ရှင်ရမယ်ဆိုတဲ့ ကျွန်မရဲ့ မျှော်လင့်ချက်ကိုလည်း တခြားလူနာတွေကို ပြောပြတယ်။ (ဗျာဒိတ် ၂၁:၃၊ ၄) တစ်ခါတလေ ဝမ်းနည်းပြီး အထီးကျန်နေပေမဲ့ ယေဟောဝါဘုရားအပေါ် ကျွန်မရဲ့ ယုံကြည်ကိုးစားမှု ပိုခိုင်ခံ့လာတယ်။

ခြောက်လကြာပြီးတဲ့နောက်မှာတော့ ဆရာဝန်က ကျွန်မကို အိမ်ပြန်ခွင့်ပြုခဲ့တယ်။ ကျန်းမာရေး မကောင်းသေးပေမဲ့ မိဘတွေနဲ့ ပြန်နေရလို့ ကျွန်မ အရမ်းပျော်တယ်။ အဆစ်အမြစ်တွေက ငေါထွက်လာပြီး အရင်ကထက် ပိုနာလာတယ်။ ဆယ်ကျော်သက်အရွယ်မှာ ကျွန်မအရမ်းအားနည်းလာပေမဲ့ အသက် ၁၄ နှစ်မှာ နှစ်ခြင်းခံပြီး ကောင်းကင်ဖခင်ရဲ့ အမှုတော်မှာ အတတ်နိုင်ဆုံး ပါဝင်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ တစ်ခါတလေတော့ ဘုရားသခင်ကို ကျွန်မ စိတ်ဆိုးပြီး “ဘာဖြစ်လို့ ဒီရောဂါကို ကျွန်မ ခံစားနေရတာလဲ၊ ပျောက်အောင် ကုပေးပါလား၊ ကျွန်မ ဘယ်လောက် ကိုက်ခဲနာကျင်နေသလဲဆိုတာ ဘုရားသခင် မမြင်ဘူးလား” လို့ဆုတောင်းအပြစ်တင်မိတယ်။

ဆယ်ကျော်သက်အရွယ်က ကျွန်မအတွက် အရမ်းခက်ခဲတဲ့ အချိန်ပဲ။ ကျန်းမာရေး ပြန်ကောင်းလာတော့မှာ မဟုတ်ဘူးဆိုတာ မဖြစ်မနေ လက်ခံလိုက်ရတယ်။ ကျန်းမာပြီး ပျော်ရွှင်နေကြတဲ့ သူငယ်ချင်းတွေနဲ့ ကိုယ့်ကိုယ်ကို နှိုင်းယှဉ်မိတယ်။ အဲဒီအခါ ကျွန်မ စိတ်အားငယ်လာပြီး ဘယ်သူ့နဲ့မှ မပေါင်းတော့ဘဲ ကိုယ့်ဘာသာကိုယ်ပဲ နေတော့တယ်။ ဒါပေမဲ့ မိသားစုနဲ့ သူငယ်ချင်းတွေက ကျွန်မကို အားပေးကူညီကြပါတယ်။ ကျွန်မထက် အသက် ၂၀ ပိုကြီးတဲ့ အဲလီဆီယာကို သတိရသေးတယ်။ သူက ကျွန်မအတွက် မိတ်ဆွေရင်းပါ။ ကိုယ့်ရောဂါကိုပဲ တနုံ့နုံ့စဉ်းစားမနေဘဲ သူတစ်ပါးအရေးကိစ္စတွေကို စိတ်ဝင်စားတတ်ဖို့ သူ ကျွန်မကို ကူညီပေးတယ်။

အဓိပ္ပာယ်ရှိတဲ့ဘဝနဲ့ နေထိုင်တတ်လာ

ကျွန်မအသက် ၁၈ နှစ်မှာ ရောဂါပိုဆိုးလာတယ်။ ဝတ်ပြုစည်းဝေးတွေ သွားတက်တာတောင် အရမ်းမောတယ်။ အိမ်မှာတော့ အချိန်ရရင်ရသလို ကျမ်းစာကို အသေအချာ လေ့လာတယ်။ ယေဟောဝါဘုရားက ပြဿနာအားလုံးကိုတော့ မဖြေရှင်းပေးဘူး။ ဒါပေမဲ့ ကျွန်မတို့လိုအပ်တဲ့ ခံနိုင်ရည်ကို ပေးတယ်ဆိုတာ ယောဘကျမ်းနဲ့ ဆာလံကျမ်းကို ဖတ်ပြီး သဘောပေါက်လာတယ်။ ခဏခဏ ဆုတောင်းတဲ့အတွက် “သာမန်ထက် ထူးကဲသော တန်ခိုးတော်” နဲ့ “စဉ်းစား၍မမီနိုင်သည့် ဘုရားသခင်၏ ငြိမ်သက်ခြင်း” ကို ကျွန်မ ရရှိခဲ့တယ်။—၂ ကောရိန္သု ၄:၇; ဖိလိပ္ပိ ၄:၆၊ ၇

အသက် ၂၂ နှစ်မှာ ဘီးတပ်ကုလားထိုင်နဲ့ပဲ အမြဲတမ်း နေသွားရတော့မယ်ဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မကို ဘီးတပ်ကုလားထိုင်ပေါ်က ကျန်းမာရေးချူချာတဲ့ အမျိုးသမီးလို့ပဲ လူတွေမြင်မှာကို စိုးရိမ်ခဲ့တယ်။ ဒါပေမဲ့ ဒီဘီးတပ်ကုလားထိုင်ကြောင့်ပဲ ကျွန်မ ဟိုနားဒီနား သွားလာနိုင်ခဲ့တယ်။ အဆိုးထဲက အကောင်းဖြစ်လာတာပေါ့။ အစ္စဘဲလ်ဆိုတဲ့ သူငယ်ချင်းက ဟောပြောခြင်းလုပ်ငန်းမှာ တစ်လကို နာရီ ၆၀ သွင်းရတဲ့ ရှေ့ဆောင်အလုပ်ကိုလုပ်ဖို့ အားပေးတယ်။

ပထမတော့ လုပ်နိုင်မှာမဟုတ်ဘူးလို့ ထင်ခဲ့တာ။ ဒါပေမဲ့ ကူညီပေးပါလို့ ယေဟောဝါဘုရားကို ကျွန်မ ဆုတောင်းခဲ့ပြီး မိသားစုနဲ့ သူငယ်ချင်းတွေကလည်း ဝိုင်းကူညီပေးကြလို့ ရှေ့ဆောင်လုပ်နိုင်ခဲ့တယ်။ ရှေ့ဆောင်လုပ်တဲ့လဟာ ကုန်မြန်လိုက်တာ။ ကျွန်မရဲ့ စိုးရိမ်ကြောက်ရွံ့တဲ့စိတ်လည်း မရှိတော့ဘူး။ အရမ်းပျော်လွန်းလို့ ၁၉၉၆ ခုနှစ်မှာ တစ်လကို နာရီ ၉၀ သွင်းရတဲ့ မှန်မှန်ရှေ့ဆောင်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီဆုံးဖြတ်ချက်ကြောင့် ဘုရားသခင်နဲ့ ကျွန်မ ပိုပြီးရင်းနှီးလာတဲ့အပြင် အားလည်းပိုရှိလာတယ်။ ရှေ့ဆောင်လုပ်တဲ့အတွက် လူအတော်များများကို ကျမ်းစာအကြောင်း ပြောပြနိုင်ခဲ့ပြီး ဘုရားသခင်ကို ဝတ်ပြုလာအောင် တချို့ကို ကူညီပေးနိုင်ခဲ့တယ်။

ကျွန်မလက်ကို ယေဟောဝါဘုရား ဆုပ်ကိုင်ထား

၂၀၀၁၊ နွေရာသီမှာ ကားတိုက်မှုဖြစ်ပြီး ကျွန်မရဲ့ ခြေထောက်နှစ်ဖက်စလုံး ကျိုးသွားတယ်။ ဆေးရုံကုတင်ပေါ်မှာ ဝေဒနာအပြင်းအထန် ခံစားနေရင်း “ယေဟောဝါဘုရား၊ ကျွန်မကို ပစ်မထားပါနဲ့နော်” လို့ ခဏခဏ အသံတိတ်ဆုတောင်းခဲ့တယ်။ အဲဒီအချိန်မှာ “ရှင်က ယေဟောဝါသက်သေလား” ဆိုပြီး ကျွန်မကို ဘေးနားက လူနာအမျိုးသမီး မေးလာတယ်။ ပြန်ဖြေဖို့ အားမရှိလို့ ခေါင်းပဲ ညိတ်ပြလိုက်တယ်။ “ယေဟောဝါသက်သေတွေကို ကျွန်မ သိတယ်။ ရှင်တို့ မဂ္ဂဇင်းတွေကို ကျွန်မ အမြဲဖတ်တယ်” လို့ သူပြောလိုက်တဲ့ စကားကြောင့် ကျွန်မ အားရှိသွားတယ်။ ဒီလိုအခြေအနေမျိုးမှာတောင် ကျွန်မဟာ ယေဟောဝါသက်သေဖြစ်တယ်ဆိုတာ သူသိတဲ့အတွက် ဂုဏ်ယူစရာပါပဲ။

နည်းနည်းသက်သာလာတဲ့အခါ တခြားသူတွေကို ကျမ်းစာအကြောင်းပြောပြဖို့ ဆုံးဖြတ်လိုက်တယ်။ အမေက ခြေထောက်နှစ်ဖက်စလုံး ကျောက်ပတ်တီးစည်းထားတဲ့ ကျွန်မကို လူနာဆောင်ထဲမှာ ဘီးတပ်ကုလားထိုင်နဲ့ ခေါ်သွားပေးတယ်။ နေ့တိုင်း လူနာတချို့ဆီသွားပြီး သူတို့အခြေအနေကို မေးတယ်။ ပြီးတော့ သူတို့အတွက် ကျမ်းစာစာပေတွေ ထားခဲ့ပေးတယ်။ အဲဒီလိုသွားရတာ ကျွန်မ မောပေမဲ့ ယေဟောဝါဘုရား ခွန်အားပေးပါတယ်။

၂၀၀၃ ခုနှစ်မှာ မိဘတွေနဲ့အတူ

လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစပြီး ကျွန်မရဲ့ ဝေဒနာ ပိုဆိုးလာတဲ့အပြင် အဖေလည်း ဆုံးသွားလို့ ကျွန်မ ပိုအားငယ်လာတယ်။ ဒါပေမဲ့ အကောင်းမြင်တတ်ဖို့ ကျွန်မ ဆက်ကြိုးစားတယ်။ ဖြစ်နိုင်တဲ့အခါတိုင်း သူငယ်ချင်းတွေ၊ ဆွေမျိုးတွေနဲ့အတူရှိနေဖို့ ကြိုးစားတယ်။ အဲဒါက ကျွန်မရဲ့ဝေဒနာကို မေ့ထားဖို့ အကူအညီဖြစ်စေတယ်။ တစ်ယောက်တည်းရှိနေချိန်မှာ ကျမ်းစာကို ဖတ်ပြီး လေ့လာတယ်။ လူတွေကို ဖုန်းနဲ့ ဟောပြောတယ်။

တစ်ခါတလေ မျက်လုံးပိတ်လိုက်ပြီး ဘုရားလုပ်ပေးမယ့် ကမ္ဘာသစ်ကို မြင်ယောင်နေမိ

စိတ်လက်ပေါ့ပါးဖို့လည်း လေညင်းထွက်ခံတယ်၊ ပန်းရနံ့တွေ ရှူရှိုက်တယ်။ ဒီအရာတွေကြောင့် ဘုရားကို ကျေးဇူးတင်မိတယ်။ ဟာသဉာဏ်ရှိတာလည်း ကျွန်မအတွက် အကျိုးရှိတယ်။ တစ်ခေါက်တုန်းက ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်နေတုန်း ကျွန်မရဲ့ဘီးတပ်ကုလားထိုင်ကို တွန်းပေးနေတဲ့သူငယ်ချင်းက မှတ်ချက်ရေးဖို့ ရပ်လိုက်တယ်။ ရုတ်တရက် ကျွန်မရဲ့ ကုလားထိုင်က လျှောဆင်းသွားပြီး ရပ်ထားတဲ့ကားကို သွားတိုက်မိတယ်။ ကျွန်မတို့နှစ်ယောက်စလုံး တော်တော်လေး လန့်သွားတယ်။ ဆိုးဆိုးရွားရွား ဘာမှမဖြစ်မှန်း သိတော့မှပဲ ကျွန်မတို့ အားရပါးရ ရယ်နိုင်တော့တယ်။

ကျွန်မဘဝမှာ မလုပ်နိုင်တာတွေ အများကြီးရှိပါတယ်။ ကျွန်မလုပ်ချင်တဲ့အရာတွေကို မှတ်ထားတယ်။ တစ်ခါတလေ မျက်လုံးပိတ်လိုက်ပြီး ဘုရားလုပ်ပေးမယ့် ကမ္ဘာသစ်ကို မြင်ယောင်နေမိတယ်။ (၂ ပေတရု ၃:၁၃) ကျွန်မကိုယ်တိုင် အဲဒီမှာ ကျန်းကျန်းမာမာနဲ့ လျှောက်သွားပြီး ပျော်ရွှင်နေတယ်လို့ စိတ်ကူးကြည့်တယ်။ ‘ယေဟောဝါဘုရားကို မျှော်လင့်လော့၊ အားယူ၍ ရဲရင့်သောစိတ်နှလုံးရှိလော့’ ဆိုတဲ့ ဘုရင်ဒါဝိဒ်ရဲ့ စကားတွေကိုလည်း စိတ်ထဲမှာ မှတ်သားထားတယ်။ (ဆာလံ ၂၇:၁၄) ကျွန်မရဲ့ခန္ဓာကိုယ်က တစ်နေ့တခြား ချည့်နဲ့လာပေမဲ့ ယေဟောဝါဘုရားက ခွန်အားပေးခဲ့တယ်။ ကျွန်မ အားနည်းနေပေမဲ့ ခွန်အားရှိနေတုန်းပါပဲ။