မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစုပျော်ရွှင်မှုအတွက် သော့ချက်များ

မိထွေးပထွေးရှိတဲ့ မိသားစုတွေ ရင်ဆိုင်ရတဲ့ ပြဿနာများ

မိထွေးပထွေးရှိတဲ့ မိသားစုတွေ ရင်ဆိုင်ရတဲ့ ပြဿနာများ

ဩစတြေးလျနိုင်ငံက မာဂရက် * ဆိုတဲ့ မိထွေးတစ်ယောက်– “ကျွန်မခင်ပွန်းရဲ့ ဇနီးဟောင်းက ကလေးတွေကို ကျွန်မ ဘာပဲပြောပြော နားမထောင်နဲ့၊ ‘သွားတိုက်ဖို့ မမေ့နဲ့နော်’ ဆိုတဲ့ စကားကိုတောင် နားမထောင်နဲ့လို့ ပြောထားတယ်။” အဲဒီလိုမျိုး သွေးခွဲစကားတွေကြောင့် အိမ်ထောင်ရေးမှာ ထိခိုက်လာရတယ်လို့ မာဂရက် ခံစားရတယ်။

မိထွေးပထွေးရှိတဲ့ မိသားစုတွေဟာ မိသားစုဝင်အချင်းချင်းနဲ့ရော မိသားစုအဝင် မဟုတ်တဲ့သူတွေနဲ့ပါ ပြောဆိုဆက်ဆံတဲ့အခါ အခက်အခဲတွေ ကြုံရတတ်ပါတယ်။ * မိထွေးပထွေးအများစုဟာ လည်ပတ်ခြင်း၊ သွန်သင်ဆုံးမခြင်း၊ ငွေရေးကြေးရေးကိစ္စတွေနဲ့ပတ်သက်လာရင် ကလေးတွေရဲ့ မိရင်းဖရင်းနဲ့ ပြောဆိုဆက်သွယ်ဖို့ လိုအပ်လာပါတယ်။ မိတ်ဆွေတွေ၊ ဆွေမျိုးသားချင်းတွေကလည်း မိထွေးပထွေးတွေ၊ လင်ပါမယားပါကလေးတွေနဲ့ အလိုက်အထိုက် ဆက်ဆံဖို့ မနည်းကြိုးစားရတာ ဖြစ်နိုင်တယ်။ အဲဒီလိုစိန်ခေါ်ချက်တွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ကျမ်းစာမူတွေက ဘယ်လိုကူညီပေးနိုင်တယ်ဆိုတာ သုံးသပ်ကြည့်ရအောင်။

ဆက်ဆံရေး ၁– ကလေးရဲ့ မိဘအရင်း

နမီးဘီးယားနိုင်ငံက ဂျူးဒစ်လို့ခေါ်တဲ့ မိထွေးတစ်ယောက်က ဒီလိုပြောပြတယ်– “ကျွန်မရဲ့လင်ပါ ကလေးတွေရဲ့ အမေရင်းက ကျွန်မဟာ မိထွေးပဲဖြစ်တယ်၊ သူတို့အဖေနဲ့ရတဲ့ ကျွန်မရဲ့ကလေးတွေက သူတို့နဲ့ မောင်နှမ မတော်ဘူးလို့ ပြောထားတယ်။ လင်ပါကလေးတွေကို ကျွန်မရဲ့ ကလေးအရင်းလိုပဲ ချစ်တဲ့အတွက် သူ့စကားတွေက ကျွန်မကို စိတ်ထိခိုက်စေတယ်။”

မိထွေးပထွေးရှိတဲ့ မိသားစုအတွက် ကလေးတွေရဲ့ မိဘအရင်းနဲ့ ဆက်ဆံရတာဟာ တင်းမာပြီး သဘောထား ကွဲလွဲစေတဲ့ ကိစ္စတစ်ရပ်ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက လက်ခံထားကြတယ်။ မိခင်အရင်းနဲ့ မိထွေးက ပိုပြီးဆက်ဆံရ ခက်လေ့ရှိတယ်။ ဒါဆိုရင် ဘာက အကူအညီဖြစ်စေမလဲ။

အောင်မြင်နိုင်တဲ့ သော့ချက်– လက်တွေ့ကျတဲ့ ကန့်သတ်ချက်တွေ ချမှတ်ပါ။ သင်ဟာ ကလေးရဲ့ဘဝမှာ သူ့မိဘအရင်းကို ပါဝင်ပတ်သက်ခွင့် မပြုဘူးဆိုရင် ကလေး စိတ်ထိခိုက်သွားနိုင်ပါတယ်။ * ကလေးရဲ့ မိဘအရင်းဟာ ကလေးရဲ့ဘဝမှာ အဓိကကျနေတုန်းပါပဲ။ (သုတ္တံ ၂၃: ၂၂၊ ၂၅) တစ်ဖက်မှာ သင့်အိမ်ထောင်ဖက်ဟောင်းကို သင့်မိသားစုထဲ အလွန်အမင်း ပါဝင်ပတ်သက်ခိုင်းမယ်ဆိုရင် သင့်အိမ်ထောင်ဖက်အသစ်က စိတ်အနှောင့်အယှက် ဖြစ်နိုင်တယ် ဒါမှမဟုတ် ဒေါသတောင် ထွက်နိုင်ပါတယ်။ ကလေးရဲ့မိဘအရင်းနဲ့ အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်နေပေမဲ့ သင့်အိမ်ထောင်ကို ကာကွယ်ဖို့အတွက် မျှတပြီး လက်တွေ့ကျတဲ့ ကန့်သတ်ချက်တွေ ချမှတ်ဖို့ ကြိုးစားပါ။

မိဘရင်းတွေအတွက် အကြံပြုချက်များ

  • သင့်အိမ်ထောင်ဖက်ဟောင်းနဲ့ စကားပြောတဲ့အခါ တခြားကိစ္စတွေထက် ကလေးရဲ့ကိစ္စကိုပဲ အဓိကထားပြောဆိုပါ။ ဥပမာ၊ တစ်နေ့တာအတွင်း ဖုန်းခေါ်ချိန်ကို ပုံမှန်သတ်မှတ်ပေးလို့ ရနိုင်မလားဆိုပြီး ပညာသားပါပါ မေးကြည့်နိုင်ပါတယ်။ အဲဒီလို သတ်မှတ်ထားနိုင်မယ်ဆိုရင် ကြုံသလို ဖုန်းဆက်တာတို့၊ ညအချိန်မတော် ဖုန်းဆက်တာတို့ အဖြစ်နည်းသွားပါလိမ့်မယ်။

  • သင်ဟာ ကလေးစောင့်ရှောက်ခွင့် မရထားဘူးဆိုရင် ကလေးနဲ့ အဆက်အသွယ် မပြတ်အောင် ဖုန်းဆက်နိုင်တယ်၊ စာရေးနိုင်တယ်၊ အီးမေးလ်ပို့နိုင်ပါတယ်။ (တရားဟောရာ ၆:၆၊ ၇) မိဘတချို့က ရုပ်လည်းမြင်၊ အသံလည်း ကြားနိုင်တဲ့ ခေတ်မီဆက်သွယ်ရေးစနစ် (videoconferencing) ကိုအသုံးပြုပြီး ကလေးနဲ့ အဆက်အသွယ်လုပ်ကြတယ်။ ဒီလိုနည်းနဲ့ ကလေးတွေရဲ့ လိုအပ်ရာနဲ့ ပြဿနာတွေကို သိလာနိုင်ပြီး ကိုယ်ထင်ထားတာထက်တောင် သူတို့ကို ကူညီပေးနိုင်ပါလိမ့်မယ်။

မိထွေးတွေအတွက် အကြံပြုချက်များ

  • မိထွေးအနေနဲ့ ကလေးတွေရဲ့ မိခင်အရင်းကို သူ့နေရာမှာ အစားထိုးဖို့ ကြိုးစားတာမဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိမြင်စေခြင်းအားဖြင့် သူ့ကို “စာနာစိတ်” ပြပါ။ (၁ ပေတရု ၃:၈) သင်နဲ့အတူ ကလေးတွေ နေထိုင်တဲ့အခါ သူတို့ရဲ့အခြေအနေက ဘယ်လိုရှိတယ်ဆိုတာ မိခင်အရင်းကို မှန်မှန်ပြောပြပါ။ ပြောပြတဲ့အခါမှာလည်း အကောင်းတွေကိုပဲ ပြောဆိုဖို့ဖြစ်ပါတယ်။ (သုတ္တံ ၁၆:၂၄) မိခင်အရင်းဆီကနေ အကြံဉာဏ် တောင်းခံပါ။ ပေးလာတဲ့ အကြံဉာဏ်အတွက် ကျေးဇူးတင်စကားဆိုပါ။

  • မိခင်အရင်းရှေ့မှာ ကလေးတွေကို ချစ်ခင်ကြင်နာမှုပြတာတွေ ကန့်သတ်ထားပါ။ အမေရိကန်နိုင်ငံက ဘီဗာလီဆိုတဲ့ မိထွေးတစ်ယောက်က ဒီလိုပြောပြတယ်– “ကျွန်မရဲ့ လင်ပါကလေးတွေက ကျွန်မကို မေမေလို့ ခေါ်ချင်ကြတယ်။ အိမ်မှာဆိုရင် ကိစ္စမရှိဘူး။ ဒါပေမဲ့ သူတို့ရဲ့ အမေရင်းရှေ့ ဒါမှမဟုတ် သူတို့အမေရင်းရဲ့ မိသားစုရှေ့မှာတော့ မခေါ်နဲ့လို့ ညှိထားကြတယ်။ ဒီလိုနဲ့ သူတို့ရဲ့အမေအရင်းနဲ့ ကျွန်မ အဆင်ပြေလာကြတယ်။ နောက်ပိုင်းမှာဆိုရင် ကျောင်းအားကစားပွဲတွေမှာ၊ ကျောင်းပျော်ပွဲစားခရီးထွက်တဲ့အခါမှာ ကလေးတွေကို ကျွန်မတို့ ဝိုင်းဝန်းကူညီပေးကြတယ်။”

သင့်သားသမီးတွေအပေါ် ဩဇာညောင်းလို့ ညောင်းမှန်းမသိ ဖြစ်နေနိုင်

မိဘအရင်းနဲ့ မိထွေးပထွေး ဆက်ဆံရေးပြေလည်နိုင်စေမယ့် အကြံပြုချက်များ

    ယဉ်ကျေးသိမ်မွေ့မှုနဲ့ လေးစားမှုတို့က ငြိမ်သက်မှုရှိစေ

  • မိရင်းဖရင်း ဒါမှမဟုတ် မိထွေးပထွေး တစ်ယောက်ယောက်ရဲ့ မကောင်းကြောင်းကို ကလေးတွေ ကြားအောင် ဘယ်တော့မှ မပြောပါနဲ့။ အဲဒီလို လွှတ်ကနဲ ပြောမိတတ်ပေမဲ့ အဲဒါက ကလေးကို စိတ်ထိခိုက်စေပါတယ်။ ဒါ့အပြင် သင့်စကားကို ကလေးက တစ်ဖက်မိဘကို ပြန်ပြောပြနိုင်တယ်။ (ဒေသနာ ၁၀:၂၀) သင့်ကို မိဘအရင်း ဒါမှမဟုတ် မိထွေးပထွေးက မကောင်းကြောင်း ပြောနေတယ်လို့ ကလေးက ပြောလာရင် ကလေးရဲ့ခံစားချက်ကိုပဲ အာရုံစိုက်ပါ။ ပြီးရင် ဒီလိုပြောနိုင်ပါတယ်– “သား/သမီး၊ အဲဒီလိုကြားလိုက်ရတာကို မေမေ စိတ်မကောင်းပါဘူး။ သား/သမီးရဲ့ အမေက တို့ကို စိတ်ဆိုးနေတာပါ။ လူ့သဘောသဘာဝက စိတ်ဆိုးလာရင် အဲဒီလိုပဲ မကောင်းပြောတတ်ကြတယ်။”

  • မိသားစုနှစ်စုကြားမှာ စည်းကမ်းတွေကို တစ်သမတ်တည်းထားဖို့ ကြိုးစားပါ။ အဲဒီလိုထားဖို့ မဖြစ်နိုင်ဘူးဆိုရင် မိဘအရင်းကို မထိခိုက်စေဘဲ ကွာခြားချက်တွေကို ရှင်းပြပါ။ အောက်မှာဖော်ပြထားတဲ့ စကားပြောခန်းကို သုံးသပ်ကြည့်ပါ–

    မိထွေး– သီဟ၊ မျက်နှာသုတ်ပဝါကို တန်းပေါ် ပြန်လှန်းထားလေ။

    သီဟ– ကျွန်တော့်အမေအိမ်မှာဆိုရင် ကြမ်းပြင်မှာ ဒီအတိုင်းပဲ ချထားတယ်။ အမေကပဲ ကောက်သိမ်းပေးတယ်။

    မိထွေး (စိတ်ဆိုးဆိုးဖြင့်)– နင့်အမေက နင့်ကို အပျင်းရောဂါရအောင် သင်ပေးနေတာ။

    အဲဒီလိုတုံ့ပြန်တာက အဆင်ပြေပါ့မလား။

    မိထွေး (တည်တည်ငြိမ်ငြိမ်ဖြင့်)– အော်၊ ဟုတ်လား။ ဒီအိမ်မှာတော့ ကိုယ့်ဘာသာကိုယ် လုပ်ကြတယ် သားရဲ့။

  • ကလေးတွေ လုပ်ဆောင်မယ့် အစီအစဉ်တွေ ရေးဆွဲရာမှာ သူတို့ရဲ့ မိဘအရင်းနဲ့ အသုံးပြုမယ့်အချိန်ကို သွားအသုံးမပြုပါနဲ့။ (မဿဲ ၇:၁၂) အစီအစဉ်ဇယားကို ပြောင်းလဲလို့မရဘူးဆိုရင် ကိုယ့်အစီအစဉ်ကို ကလေးတွေ အသိမပေးခင် သူတို့ရဲ့ မိဘအရင်းဆီ အရင်ဆုံး ခွင့်တောင်းပါ။

ဒီနည်းကို ကြိုးစားကြည့်ပါ– သင့်ခင်ပွန်း/ဇနီးရဲ့ ဇနီးဟောင်း/ခင်ပွန်းဟောင်း ဒါမှမဟုတ် သင့်ခင်ပွန်းဟောင်း/ဇနီးဟောင်းရဲ့ ဇနီး/ခင်ပွန်းနဲ့ နောက်တစ်ကြိမ် တွေ့ဆုံတဲ့အခါ အောက်မှာဖော်ပြထားတဲ့ အကြံပြုချက်တွေကို ကြိုးစားလိုက်လျှောက်ကြည့်ပါ–

  1. မျက်လုံးချင်းဆုံပြီး ပြုံးပြပါ။ သက်ပြင်းချတာမျိုး၊ မျက်မှောင်ကုပ်ထားတာမျိုး၊ မျက်နှာကြောတင်းနေတာမျိုး မလုပ်ပါနဲ့။

  2. နှုတ်ဆက်စကားဆိုပါ။

  3. အုပ်စုလိုက်ရှိနေချိန်မှာ သူ့ကိုလည်း စကားဝိုင်းထဲ ထည့်ပါ။

ဆက်ဆံရေး ၂– အရွယ်ရောက်သားသမီးများ

ခင်ပွန်းဖြစ်သူဟာ သူ့သားသမီးအရင်းဘက် ပါတတ်ပြီး မိမိကို ကလေးတွေ ကောင်းကောင်း မဆက်ဆံတာကို အသိအမှတ်မပြုဘူးဆိုပြီး မိထွေးတစ်ယောက်ရဲ့ မကျေမနပ်ပြောဆိုချက်ကို စာအုပ်တစ်အုပ် (Step Wars) မှာဖော်ပြထားပါတယ်။ “ကျွန်မ အရမ်းဒေါသထွက်တာပဲ” ဆိုပြီး သူက ပြောပြတယ်။ သင့်အိမ်ထောင်ရေး မထိခိုက်စေဖို့ အရွယ်ရောက်သားသမီးတွေနဲ့ ပြေလည်အောင် ဘယ်လိုလုပ်နိုင်မလဲ။

အောင်မြင်နိုင်တဲ့ သော့ချက်– ကိုယ်ချင်းစာပါ။ “လူအသီးသီးတို့သည် ကိုယ့်အကျိုးကိုမရှာဘဲ သူတစ်ပါး၏အကျိုးကို ရှာကြစေ” ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားတယ်။ (၁ ကောရိန္သု ၁၀:၂၄) တစ်ဖက်သားရဲ့ခံစားချက်ကို သိမြင်နားလည်အောင် ကြိုးစားပါ။ အရွယ်ရောက်နေပြီဖြစ်တဲ့ သားသမီးတွေဟာ မိဘအရင်းရဲ့မေတ္တာကို မရတော့မှာကို စိုးရိမ်မိနိုင်တယ်။ ဒါမှမဟုတ် မိထွေးပထွေးကို ကြည်ကြည်ဖြူဖြူ လက်ခံပြန်ရင်လည်း မိဘအရင်းအပေါ် သစ္စာဖောက်ရာကျသွားမှာကို စိုးရိမ်မိနိုင်တယ်။ တစ်ချိန်တည်းမှာ မိဘတွေကလည်း သားသမီးတွေကို ပြစ်တင်ပြောဆိုမယ်ဆိုရင် သူတို့နဲ့ဆက်ဆံရေး ထိခိုက်သွားမယ်ဆိုပြီး စိုးရိမ်မိနိုင်တယ်။

ရင်းနှီးမှုရအောင် အတင်းအကျပ် ကြိုးစားမယ့်အစား ပင်ကိုသဘာဝအတိုင်း ပြောဆိုဆက်ဆံပါ။ အများအားဖြင့် မေတ္တာစိတ်ရှိလာအောင် သူတစ်ပါးကို ဖိအားပေးဖို့၊ အကျပ်ကိုင်ဖို့ ကြိုးစားတာက အရာရောက်မှာ မဟုတ်ပါဘူး။ (ရှောလမုန်သီချင်း ၈:၄) ဒါကြောင့် လင်ပါမယားပါ သားသမီးတွေနဲ့ ရင်းနှီးဖို့ ကြိုးစားတဲ့အခါ အကျိုးသင့်အကြောင်းသင့်ရှိရှိ၊ လက်တွေ့ကျကျ မျှော်လင့်ပါ။

သင့်ကို ကောင်းကောင်းမွန်မွန် မဆက်ဆံရင်တောင် သင့်ရဲ့ခံစားချက်တွေ ဒါမှမဟုတ် ထင်မြင်ချက်တွေကို အကုန်ထုတ်မပြောပါနဲ့။ (သုတ္တံ ၂၉:၁၁) သင့်ရဲ့အပြောအဆိုကို ထိန်းချုပ်ရခက်နေမယ်ဆိုရင် ရှေးခေတ် အစ္စရေးဘုရင် ဒါဝိဒ် ဆုတောင်းခဲ့တဲ့အတိုင်း ဒီလိုဆုတောင်းနိုင်ပါတယ်– “အိုထာဝရဘုရား၊ အကျွန်ုပ်၏နှုတ်ရှေ့မှာ ကင်းကို ထားတော်မူပါ။ အကျွန်ုပ်၏နှုတ်ခမ်းတံခါးကို စောင့်တော်မူပါ။”—ဆာလံ ၁၄၁:၃

လင်ပါမယားပါ သားသမီးတွေ ကြီးပြင်းလာတဲ့အိမ်မှာ နေထိုင်ဖို့ သင်ဆုံးဖြတ်မယ်ဆိုရင် အိမ်အပေါ် ထားရှိတဲ့ သူတို့ရဲ့ တွယ်တာမှုကို သင် အံ့သြကောင်း အံ့သြမိနိုင်တယ်။ ဒါကြောင့် အပြောင်းအလဲတွေ နည်းနိုင်သမျှနည်းအောင် လုပ်ပါ။ အထူးသဖြင့် သူတို့ရဲ့အိပ်ခန်းတွေ ဖြစ်တယ်။ ဒါမှမဟုတ် သင့်အနေနဲ့ အိမ်အသစ်ကို ပြောင်းရွှေ့နေထိုင်ဖို့ စဉ်းစားနိုင်ရင်လည်း ကောင်းပါတယ်။

ဒီနည်းကို ကြိုးစားကြည့်ပါ– တကယ်လို့ ကလေးတွေက သင့်ကို ရိုင်းရိုင်းစိုင်းစိုင်း၊ မခန့်လေးစား ဆက်ဆံနေတုန်းပဲဆိုရင် သင့်အိမ်ထောင်ဖက်ကို ပြောပြပြီး သူပြောလာတဲ့စကားကို ဂရုတစိုက် နားထောင်ပါ။ ကလေးတွေကို ပြုပြင်တည့်မတ်ပေးဖို့ သူ့ကို ဖိအားမပေးပါနဲ့။ အဲဒီအစား လင်မယားနှစ်ယောက်စပ်ကြား အပြန်အလှန် နားလည်မှုရှိအောင် ကြိုးစားပါ။ အခြေအနေအပေါ် “သဘောတူညီ” ချက်ရယူပြီးတာနဲ့ တိုးတက်ကောင်းမွန်အောင် အတူတကွ လုပ်ဆောင်နိုင်တယ်။—၂ ကောရိန္သု ၁၃:၁၁

မိသားစုအတွင်း သားသမီးအားလုံးကို မေတ္တာပြဖို့ ကြိုးစားပါ

ဆက်ဆံရေး ၃– ဆွေမျိုးသားချင်းတွေနဲ့ မိတ်ဆွေများ

ကနေဒါနိုင်ငံက မာရီယန်လို့ခေါ်တဲ့ မိထွေးတစ်ယောက်က ဒီလိုပြောပြတယ်– “ကျွန်မရဲ့မိဘတွေက ကျွန်မသားအတွက် လက်ဆောင်တွေ ဝယ်လာပေးတတ်ပေမဲ့ လင်ပါကလေးတွေအတွက်တော့ မဝယ်လာပေးဘူး။ ဒါနဲ့ ကျွန်မတို့လင်မယားနှစ်ယောက် ဝယ်ပေးဖို့ ကြိုးစားတယ်။ တစ်ခါတလေကျတော့လည်း မဝယ်ပေးနိုင်ဘူး။”

အောင်မြင်နိုင်တဲ့ သော့ချက်– သင့်အိမ်သားအသစ်တွေကို ဦးစားပေးပါ။ သင့်အိမ်သားအသစ်တွေနဲ့ သဘောတူညီမှု ရယူထားတယ်ဆိုတဲ့အကြောင်း ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေကို ပြောပြပါ။ (၁ တိမောသေ ၅:၈) မိသားစုဝင်အသစ်တွေကို ချက်ချင်း မေတ္တာပြဖို့ ဆွေမျိုးသားချင်းတွေ၊ မိတ်ဆွေတွေဆီကနေ သင် မမျှော်လင့်နိုင်ပေမဲ့ ယဉ်ယဉ်ကျေးကျေးနဲ့ မျှမျှတတ ဆက်ဆံဖို့ သူတို့ကို တောင်းဆိုနိုင်ပါတယ်။ ကလေးတွေကို ဂရုမစိုက်ဘူး၊ ကြင်ကြင်နာနာ မဆက်ဆံဘူးဆိုရင် သူတို့ စိတ်ထိခိုက်သွားနိုင်တယ်ဆိုပြီး ရှင်းပြပါ။

သင့်အိမ်ထောက်ဖက်ဟောင်းရဲ့ မိဘကိုလည်း ကလေးတွေရဲ့ဘဝမှာ နေရာပေးဖို့ ကြိုးစားပါ။ အင်္ဂလန်နိုင်ငံက ဆူဇန်လို့ခေါ်တဲ့ မိခင်တစ်ယောက်က ဒီလိုပြောပြတယ်– “ခင်ပွန်းဆုံးသွားပြီး ၁၈ လအကြာမှာ ကျွန်မ နောက်အိမ်ထောင်ပြုလိုက်တယ်။ ယောက္ခမတွေဟာ ကျွန်မရဲ့အိမ်ထောင်ဖက်အသစ်ကို လက်ခံဖို့ တော်တော်ကြီးကို အားထုတ်ခဲ့ရတယ်။ သူတို့ကို ခါတိုင်းထက် ပိုပြီး အရေးပေးတဲ့အခါ၊ မြေးတွေကို ကူထိန်းတဲ့အခါ၊ သူတို့ရဲ့ကူညီပေးမှုအတွက် ကျေးဇူးတင်စကားပြောတဲ့အခါ အခြေအနေတွေ တိုးတက်ကောင်းမွန်လာတယ်။”

ဒီနည်းကို ကြိုးစားကြည့်ပါ– ဆွေမျိုးသားချင်း ဒါမှမဟုတ် မိတ်ဆွေတွေထဲမှာ ဘယ်သူနဲ့ ဆက်ဆံရအခက်ဆုံးလဲဆိုတာကို ခွဲခြားသိမြင်ပြီးတဲ့နောက် ဆက်ဆံရေးကို ဘယ်လိုတိုးတက်ကောင်းမွန်စေနိုင်သလဲဆိုတာကို သင့်အိမ်ထောင်ဖက်နဲ့ ဆွေးနွေးပါ။

မိထွေးပထွေးရှိတဲ့ မိသားစုတွေဟာ မိသားစုဝင်အချင်းချင်းနဲ့ရော မိသားစုဝင်မဟုတ်တဲ့သူတွေနဲ့ပါ ပြောဆိုဆက်ဆံဖို့ အခက်တွေ့နိုင်ပါတယ်။ ဒါပေမဲ့ ကျမ်းစာအကြံပြုချက်တွေကို ကျင့်သုံးမယ်ဆိုရင် ကျမ်းစာမှာဖော်ပြထားတဲ့ ဒီကတိကနေ အကျိုးခံစားရနိုင်ပါတယ်– “ဉာဏ်ပညာအားဖြင့် အိမ်ကိုတည်ဆောက်၍ ခိုင်ခံ့မြဲမြံစေရ၏။”—သုတ္တံ ၂၄:၃

^ စာပိုဒ်၊ 3 နာမည်တချို့ကို ပြောင်းထားပါတယ်။

^ စာပိုဒ်၊ 4 တခြားစိန်ခေါ်ချက်တွေကို ရင်ဆိုင်ဖြေရှင်းခြင်းနဲ့ပတ်သက်ပြီး ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ ၂၀၁၂၊ ဧပြီလထုတ် နိုးလော့! “မိထွေးပထွေးရှိတဲ့ မိသားစုကို ပျော်ရွှင်စည်းလုံးစေတဲ့ အချက်များ” ဆိုတဲ့ မျက်နှာဖုံးဆောင်းပါးတွဲကို ဖတ်ကြည့်ပါ။

^ စာပိုဒ်၊ 8 သင့်အိမ်ထောင်ဖက်ဟောင်းက ခြိမ်းခြောက်တာတို့၊ မတော်မတရားပြုတာတို့ လုပ်လာမယ်ဆိုရင်တော့ သင့်မိသားစုရဲ့ လုံခြုံရေးအတွက် ပိုပြီးတင်းကျပ်တဲ့ ကန့်သတ်ချက်တွေ ချမှတ်ဖို့ လိုပါလိမ့်မယ်။

သင့်ကိုယ်သင် ဒီလိုမေးပါ . . .

  • ငါ့ခင်ပွန်း/ဇနီးရဲ့ အိမ်ထောင်ဖက်ဟောင်းနဲ့ အဆင်ပြေအောင် ဘယ်လိုလုပ်ရမလဲ။

  • မိသားစု စိတ်ထိခိုက်အောင် မတော်တဆလေးပဲဖြစ်ဖြစ် မလုပ်မိဖို့ ဆွေမျိုးသားချင်းတွေနဲ့ မိတ်ဆွေတွေကို ဘယ်လို ကူညီပေးနိုင်သလဲ။